ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင်း ပစ်ခတ်မှု ဖြစ်၍ ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာများ ရရှိထားသည် ဟု သတင်းရရှိသည်။
မူဆယ်မြို့ ကရုဏာ လူမှုကယ်ဆယ်ရေး အသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက“ပစ်ခတ်မှု ဖြစ်ပါတယ်။ သူတို့ အဖွဲ့အစည်း နဲ့ ပြန်ပေးဆွဲမှုဖြစ်ပြီး တယောက်သေတယ်။ ၂ယောက် ဒဏ်ရာ ရပါတယ်။ ဒဏ်ရာရတဲ့ အထဲက ၁ယောက်က ပြန်ပေး ဆွဲတဲ့ သူပါ။ တယောက်ကတော့ ဘေးပတ်ဝန်းကျင်က တယောက်ထိတာပါ။ သေသွားတဲ့ သူကလည်း ပြန်ပေးဆွဲတဲ့ သူပါ။ သူက အဖွ့ဲအစည်းနဲ့ ပတ်သက်နေတဲ့ လူတယောက်ကို ပြန်ပေးဆွဲတာပါ”ဟု ပြောသည်။
ပစ်ခတ်မှုသည် မူဆယ်မြို့ တော်ရွက် ရပ်ကွက်အတွင်း ဒီဇင်ဘာ ၂၃ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားသွားခြင်း ဖြစ်ကြောင်း သိရသည်။
ဦးသောင်းထွန်းက“တယောက်ကတော့ ဒဏ်ရာက စိုးရိမ်ရတယ်။ အပြင်လူကတော့ မစိုးရိမ်ရဘူး။ အပြင်လူကတော့ လက်မောင်းအုံထိတယ်။ ပြန်ပေးသမားကတော့ ခေါင်းလည်းထိတယ်။ နောက်ကျောမှာလည်း ထိထားတယ်ခင်ဗျ။ တံတောင်ဆစ်မှာလည်း ထိထားတော့ နည်းနည်းစိုးရိမ်ပါတယ်”ဟု ပြောသည်။
မျက်မြင်တွေ့လိုက်သူများက ကား ၂စီး ရှေ့နောက် မောင်းနှင်လာပြီး ကားပေါ်မှ အပြန်အလှန်ပစ်ခတ်ကြရာ အနောက် ဘက်မှ လိုက်သည့်ကားက အရှေ့ဘက်မှ ကားကို လိုက်တိုက်သည်ကို မြင်တွေ့ ရသည်ဟု ပြောဆိုကြသည်။
မူဆယ်မြို့ ဒေသခံ ၅ဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာသည် မြို့တွင်းဧရိယာ တွင် ဖြစ်သဖြင့် နိုင်ငံရေးအခြေအနေ မကောင်း၍ မြို့တွင်း နေထိုင်ရသည်မှာပင် လုံခြုံသည်ဟု ခံစားရခြင်း မရှိပါဟု ပြောဆို ကြသည်။
ပစ်ခတ်မှုနှင့် ပတ်သက်ပြီး ဦးသောင်းထွန်းက“သူတို့က ပြန်ပေးဆွဲတယ်။ ပြန်ပေးဆွဲပြီး ငွေပေးငွေယူလုပ်တယ်။ ငွေပေးငွေယူလုပ်ပြီး ဘာအဆင်မပြေဖြစ်လဲတော့ မသိဘူး။ ကားနဲ့ လိုက်တိုက်တယ်။ ကားနဲ့ လိုက်တိုက်ပြီး သေနတ် နဲ့ ပစ်ကြတာ။ သေသွားတဲ့သူကတော့ အဖွဲ့အစည်းဝတ်စုံ ဝတ်ထားတယ်။ ဒီမှာက အဖွဲ့အစည်းတွေက အတုရော အစစ်ရော ဆိုတော့ ကျနော့်အနေနဲ့ ကတော့ အတိအကျ မပြောနိုင်ပါဘူးခင်ဗျ”ဟု ပြောသည်။
ငွေကြေးဖြင့် ပြန်လည်ရွေးယူရန် ပြန်ပေးဆွဲခံရသူမှာ ပန်ဆေး ပြည်သူ့စစ် တပ်ဖွဲ့ဘက်မှ ဖြစ်သည်ဟု ပြောဆိုနေကြ သော်လည်း ဧရာဝတီမှ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါ။
ပန်ဆေးပြည်သူ့စစ် တပ်ဖွဲ့ဘက်သို့ ဆက်သွယ်သော်လည်း မေးမြန်း၍ မရပါ။
ရဲတပ်ဖွဲ့ဘက်မှ ဆောင်ရွက်နေသည့် အခြေအနေများနှင့် ပတ်သက်၍ မူဆယ်မြို့ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းရာ အလုပ်များနေသဖြင့် ဖြေကြား မပေးနိုင်ဟု ငြင်းဆိုသည်။
မူဆယ်မြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းဖိုးမြတ်ကလည်း ပစ်ခတ်မှုသည် ပြည်သူ့စစ် တပ်ဖွဲ့များကြား ဖြစ်ပွားခြင်း ဖြစ်သည်ဟုသာ ကြားသိရပြီး မည်သည့်အဖွဲ့များ ဖြစ်သည်ကို တိတိကျကျ မသိရဟု ပြောသည်။
ဆက်လက်ပြီး ဦးစိုင်းဖိုးမြတ်က“ကျနော်တို့ မူဆယ်မှာ ပြည်သူ့စစ် အဖွဲ့အစည်းတွေက တော်တော်များတယ်ဗျ။ ပြောရရင် မြို့လုံခြုံရေး အတွက်တောင် သက်ဆိုင်ရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီနဲ့ ရဲတွေက သူတို့ဆီက အကူအညီ တောင်းရတာတွေ ရှိပါတယ်။ လမ်းပိတ်တာကအစ လှမ်းကြည့်လိုက်ရင် ပြည်သူ့စစ်တွေပဲ။ ဘယ်အဖွဲ့ဆိုတာ ကျနော် တို့ တောင်မှ သေချာ မသိတော့ပါဘူးခင်ဗျ”ဟု ပြောသည်။
၂၀၁၆ ခုနှစ် ဇူလိုင်လတွင် ထုတ်ဝေထားသည့် အမေရိကန် သုတေသီ Mr.John Buchanan ၏ စာတမ်းအရ ရှမ်းပြည်နယ် တွင် ပြည်သူ့စစ် တပ်ဖွဲ့ စုစုပေါင်း ၃၈ ဖွဲ့ ရှိပြီး နယ်ခြားစောင့်တပ် ၇ ဖွဲ့ ရှိကြောင်း သိရသည်။
ပြည်သူ့စစ် တပ်ဖွဲ့များသည် ၁၉၈၉ ခုနှစ်မှစ၍ ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်လှုပ်ရှားသည့် တပ်ဖွဲ့များနှင့် အပစ် အခတ် ရပ်စဲရေးယူပြီးနောက် တပ်မတော် လက်အောက်ခံအဖြစ် အသွင်ပြောင်းလာသည့် တပ်ဖွဲ့များ ဖြစ်သည်။
တပ်မတော်၏ လက်အောက်တွင် ပြည်သူ့စစ် ဖွဲ့စည်းခွင့် ရှိကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်လည်း ပြဌာန်း ထားသည်။
ပြည်သူ့စစ်များသည် နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရန်၊ လူထု၏ အကျိုးစီးပွား ကို ကာကွယ်ရန်၊ ဖွဲ့စည်း တည်ဆောက်ထားသည့် မိမိတို့ တပ်မတော်၏ ပြည်သူလူထုနှင့် တသားတည်း ပူးပေါင်းရန်၊ နိုင်ငံတော် ကာကွယ်ရေး အတွက် ပြည်သူ့စစ် မဟာဗျူဟာဖြင့် အနိုင်ရသည်အထိ စစ်မက်ရေးရာ ယှဉ်ပြိုင်ခြင်းကို ခေါ်သည် ဟူ၍ တပ်မတော်က အဓိပ္ပာယ် ဖွင့်ဆိုထားသည်။
သို့သော် မူဆယ်မြို့နယ်တွင်း သွားလာလှုပ်ရှားသည့် ပန်ဆေးပြည်သူ့စစ်၊ တာမိုးညဲပြည်သူ့စစ် နှင့် အခြားပြည်သူ့စစ် တပ်ဖွဲ့ဝင်များသည် လောင်းကစားဝိုင်းများ ဖွင့်လှစ်ခြင်းအပြင် ၎င်းတို့ နယ်မြေအတွင်း ဘိန်း စိုက်ပျိုးခြင်းများလည်း ရှိ ကြောင်း သိရသည်။
You may also like these stories:
မူဆယ် ပြည်သူ့စစ်ဂိတ် အပစ်ခံရ၍ ၃ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရ
ကျောက်မဲမြို့အနီး နွားကားတစီး ပစ်ခတ်ခံရမှု တဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
ငြိမ်းချမ်းရေး ဆက်လုပ်ရန် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကို တရုတ် တိုက်တွန်း