မန္တလေးတွင် ဗစ်တိုရီးယား အမှု တရးမျှတမှုရရှိရေး စီတန်းလှည့်လည်၍ တောင်းဆိုခွင့်နှင့် ကလေးသူငယ် အခွင့် အရေး ချိုးဖောက်သူများကို အရေးယူပေးရေး ဟောပြောခွင့် ပြုလုပ်ရန် တင်ပြတောင်းဆိုမှု ပိတ်ပင်ခံခဲ့ရကြောင်း Justic for Victoria – Mandalay အဖွဲ့က ပြောသည်။
မန္တလေးမြို့ခံ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများက မဟာအောင်မြေမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံသို့ ခွင့်ပြုမိန့်ပေးရန် တောင်းဆိုခဲ့ခြင်းဖြစ်ပြီး ထိုတောင်းဆိုချက်အပေါ် လုံခြုံရေး အကြောင်းပြချက်ဖြင့် တားမြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Justic for Victoria – Mandalay မှ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူ ကိုဘိုဘိုမျိုး က “ကျနော်တို့က တရားမျှတမှု ရရှိဖို့အတွက်ဆိုတဲ့အခါ သက်ဆိုင်ရာ ဥပဒေဘောင် အတွင်းကနေ လုပ်ဆောင်ခဲ့ပါတယ်၊ အခုလိုလုပ်ဆောင်ဖို့ အတွက် တရားဝင် အကြောင်းကြားစာကို ကြိုတင်ပြီးတော့ တင်ခဲ့ပါတယ်၊ ဒါကိုလုံခြုံရေး အတွက်ဆိုတဲ့ အကြောင်း ပြချက်နဲ့ ခွင့်မပြုခဲ့ပါဘူး၊ ဒါကို ဘာကြောင့်လဲ ဆိုတာကိုတော့ ခွင့်ပြုမိန့်ပေးတဲ့သူရဲ့ စဉ်းစားတဲ့ အပေါ်မှာပဲ မူတည်မယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
၃၅ လမ်းမှ ၆၂ လမ်းအတိုင်း မနော်ရမ္မံလူထုဟစ်တိုင်ကွင်းထိ ချီတက်၍ စီတန်းလှည့်လည်ရန်နှင့် ကလေးအခွင့် အရေးချိုးဖောက်ခံရမှုနှင့် ပတ်သက်ပြီး လူပုဂ္ဂိုလ် ၃ ဦးက ဟောပြောမည့် အစီအစဉ်ကို ပိတ်ပင်ခဲ့သော်လည်း ဗစ်တိုရီးယားအမှု တရားမျှတမှုရရေး အတွက် မနော်ရမ္မံကွင်းထဲတွင် ပြုလုပ်ရန် ခွင့်ပြုပေးခဲ့သဖြင့် ဒီဇင်ဘာ ၂၄ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သေးသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေကို ချိုးဖောက်သူများအား အပြစ်ပေးအရေးယူရေး၊ ဗစ်တိုးရီးယားအမှုမှ ပြစ်မှုကျုးလွန်သူကို အမြန်ဆုံး အရေးယူပေးရေး၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော ရဲတပ်ဖွဲ့ ဖြစ်ပေါ်လာရေးစသည့် ရည်ရွယ်ချက် ၃ ခုဖြင့် လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။
Justic for Victoria – Mandalay မှ ဆန္ဒဖော်ထုတ်ပွဲ ဦးဆောင်သူတဦးဖြစ်သည့် ကိုသိန်းအောင်မြင့် က “ဒီကွင်းကြီး ထဲမှာပဲ ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့တောင် ခွင့်ပြုပေးခဲ့တယ်၊ စင်တွေနဲ့ ဟောတာ ပြောတာတွေပါ ပါဝင်ပြီး တခမ်းတနားနဲ့ လုပ်ခဲ့သေးတာ၊ ဒီကိစ္စမှ ပိတ်ပင်တယ်ဆိုတာကတော့ ကျနော်စဉ်းစားလို့ကို မရဘူး၊ ရဲတွေက သူတို့ကျင့်ဝတ် ဖောက်ဖျက်ထားတာကို ပေါ်သွားမှာ ကြောက်လို့လားဆိုတဲ့ မေးခွန်းထုတ်ရမှာ ဖြစ်တယ်” ဟု ပြောသည်။
၎င်းကဆက်၍ “ကျနော်တို့က သက်ဆိုင်ရာကို ကြိုတင်အကြောင်းကြားစာ ပေးပို့တာတွေ စာတင်တာတွေ လုပ်ခဲ့ပေမယ့်လည်း အာဏာပိုင်ဘက်က တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်လိုစိတ် မရှိဘူးဆိုတာကတော့ စိတ်မကောင်းစရာ ကိစ္စဖြစ်တယ်၊ ဒါကြောင့် ကျနော်တို့အနေနဲ့ကတော့ အမှုမှန်ပေါ်ပေါက်ရေး အတွက် ဥပဒေဘောင်ထဲကနေ ဆက်လက် တောင်းဆိုသွားမယ်၊ ကျင့်ဝတ်ဖောက်ဖျက်တဲ့သူတွေကို သက်ဆိုင်ရာ ပြည်ထဲရေး ဝန်ကြီးကိုယ်တိုင် အရေးယူပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်” ဟု ပြောသည်။
ယမန်နေ့ညနေပိုင်းက မနော်ရမ္မံကွင်းတွင် ပြုလုပ်ခဲ့သော ဆန္ဒထုတ်ဖော်ပွဲတွင် ကလေးသူငယ် အခွင့်အရေး ဆိုင်ရာများအတွက် သရုပ်ပြခြင်း၊ ဖယောင်တိုင် ထွန်းညှိ ဆုတောင်းမှုများ ပြုလုပ်ခြင်းနှင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေ ချိုးဖောက်သူများကို အရေးယူပေးရန် တောင်းဆိုသည့် လက်မှတ် ကောက်ခံခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။
သဘောထားဆန္ဒ လက်မှတ်ကောက်ခံရေး အဖွဲ့မှ ဦးစိန်လင်း က “ဗစ်တိုးရီးယားအမှုအပေါ်မှာ အမှန်တရား ပျောက်ဆုံး နေတဲ့အတွက် အမှန်တရားပေါ်ပေါက်ဖို့ အတွက်ကို မန္တလေးမြို့နေ လူထုရဲ့ သဘောထား လက်မှတ်တွေကို ကောက်ခံပြီးတော့ မန္တလေးလူထုက ဒီလိုသဘောထားတွေ ရှိပါတယ်ဆိုပြီးတော့ လူ့အခွင့်အရေးကော်မရှင်၊ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံစတဲ့သူတွေဆီ ပို့မယ်၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ပို့လို့ရတဲ့သူဆီ အကုန်ပို့သွားမှာပါ”ဟု ပြောသည်။

ဒီဇင်ဘာ ၁၉ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းစာရှင်းလင်းပွဲ၌ ထိခိုက်နစ်နာခဲ့သည့် ကလေးငယ် ဗစ်တိုးရီးယားနှင့် မိသားစုဝင်များ၏ အမည်နာမ အချက်အလက်များ ထုတ်ဖော် ပြောဆိုခဲ့ခြင်းနှင့် အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ တရားဝင် Facebook စာမျက်နှာဖြစ်သည့် “ရဲဇာနည်” အကောင့်မှလည်း ထိခိုက်နစ်နာသူများ၏ အချက်အလက်များ ထုတ်ပြန်ခဲ့သည်။
ထိုသို့ ပြုလုပ်ပြီးနောက် ဒီဇင်ဘာ ၂၃ ရက်နေ့က ရန်ကုန်မြို့ မဟာဗန္ဓုလ ပန်းခြံရှေ့တွင် မြို့ခံပြည်သူများက ဗစ်တိုရီးယား အမှု တရားမျှတမှုရရေးနှင့် ကလေး အခွင့်အရေးချိုးဖောက်ခဲ့သော ရဲတပ်ဖွဲ့ အရာရှိကြီးများကို အရေးယူပေးရန် အတွက် စုဝေး ဆန္ဒဖော်ထုတ်ခဲ့ကြပြီး မြို့ထဲတွင်လည်း စီတန်းလှည့်လည်၍ ဟစ်ကြွေးတောင်းဆိုခြင်း၊ ဟောပြောခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။
ရန်ကုန်မြို့တွင် ပြုလုပ်သော ဆန္ဒပြပွဲအပြီး နောက်တနေ့တွင် မန္တလေးမြို့တွင် ပြုလုပ်ခဲ့ခြင်းပြီးပြီး စီတန်းလှည့်လည်ခွင့်နှင့် ဟောပြောခွင့် ပိတ်ပင်ခံခဲ့ရသော်လည်း မနော်ရမ္မံကွင်းတွင်တော့ ပြုလုပ်ခဲ့ကြသည်။
မန္တလေးတွင် ပြုလုပ်ခဲ့သည့် ဗစ်တိုးရီးယားအမှုအား အမှန်တရား ဖော်ထုတ်ပေးရန်နှင့် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်သူများ အရေးယူပေးရန်အတွက် ဆန္ဒထုတ်ဖော်ပွဲတွင် လူဦးရေ ၁၀၀ ကျော် ပါဝင်ခဲ့ပြီး ကျင့်ဝတ် ဖောက်ဖျက်သူများအား အရေးယူပေးရေး၊ အမှုမှန် အမြန်ဆုံး ပေါ်ပေါက်ရေး၊ ကလေးသူငယ်များ၏ အနာဂတ်ကို စာနာပါ၊ ကလေးသူငယ်များအပေါ် လိင်အလွဲသုံးစားပြုမှုများ ဆန့်ကျင်ကြ၊ နိုင်ငံသားတဦးချင်းစီ၏ ပုဂ္ဂလိကဆိုင်ရာ လွတ်လပ်ခွင့်များကို ဥပဒေနှင့်အညီ လေးစားလိုက်နာရန်၊ မတရားမှုများ ကျဆုံးပါစေ စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။
မနော်ရမ္မံကွင်း ဆန္ဒပြပွဲအား လာရောက်ဝန်းရံသည့် မဇာဇာထွန်း က “ဗစ်တိုးရီးယားလေးနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထုတ်ဖော် ပြောကြားချက်တွေက မလုပ်သင့်တဲ့အရာ၊ မပြောသင့်တဲ့ အရာလို့ မြင်ပါတယ်၊ သူတို့ပြောလိုက်ပေမယ့် လည်း ပြည်သူတွေက အွန်လိုင်းပေါ်မှာ Share ခြင်းလည်း မလုပ်ဘူး၊ ထုတ်ဖော်ခြင်းလည်း မလုပ်ကြဘူး၊ ဒါဟာ ဘာကိုပြသလဲဆိုရင် ပြည်သူတွေက လူ့ကျင့်ဝတ်ကို သိတယ်၊ ရဲတပ်ဖွဲ့က လူ့ကျင့်ဝတ်ကို မသိဘူး၊ အဲဒီလို မြင်တယ်” ဟု ပြောသည်။
ဗစ်တိုးရီးယားအမှု အမှန်တရား ပေါ်ပေါက်ရေးအတွက် ပြီးခဲ့သည့် ဇူလိုင်လဆန်းပိုင်းကလည်း ထောင်နှင့်ချီသော မန္တလေးဒသခံပြည်သူများ က အဖြူရောင်အင်္ကျီများ ဝတ်ဆင်ကာ ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသေးသည်။
ပြင်ဦးမြို့မှ လာရောက်ဝန်းရံသည့် မမြအေးငြိမ်းက “အမှန်တရားပေါ်ပေါက်ဖို့အတွက် လာရောက်ဝန်းရံတာပါ၊ ဗစ်တိုးရီးယားလေးနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က ထုတ်ဖော်ပြောကြားချက်တွေက မဖြစ်သင့်ဘူးလို့ ယူဆတယ်၊ ဒါကြောင့် အမှန်တရား ပေါ်ပေါက်ဖို့ အတွက်လည်း ပြည်သူတယောက် အနေနဲ့ တောင်းဆိုပါတယ်၊ အဓိက ဗစ်တိုးရီးယားမှ မဟုတ်ဘူး၊ မုဒိမ်းမှုကျုးလွန်ခံရတဲ့ ကလေးသူငယ် ကိစ္စရပ်တိုင်းမှာ အမှန်တရားပေါ်ပေါက်ဖို့၊ ဥပဒေအတိုင်း ဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။
ဗစ်တိုးရီးယားအမှုတွင် ယာဉ်မောင်းဖြစ်သူ အောင်ကျော်မျိုး (ခ) အောင်ကြီးကို သံသယ တရားခံဟုဆိုကာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဇွန်လအတွင်းက တရားစွဲဆိုခဲ့ကာ ဒီဇင်ဘာ ၁၈ ရက်တွင် အောင်ကြီးကို တရားရုံးက တရားရှင် လွတ်ပေးခဲ့သလို ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်အပေါ် ပြည်သူများက ဝေဖန်လျက်ရှိသည်။
မဇာဇာထွန်းက “ကလေးလေးတယောက် အတွက်တင် မဟုတ်ဘူး၊ ကျန်တဲ့ကလေးလေး တွေလည်း ဒီလို မဖြစ်စေဖို့နဲ့ ရဲတွေကလည်း အခုလိုမျိုး ဗြောင်လိမ်ဗြောင်စား မလုပ်သင့်ဘူး၊ ဒါမျိုးတွေကို ကျမတို့ပြည်သူတွေက အားမပေးဘူးဆိုတာကို သိစေချင်လို့ လာရောက်ဝန်းရံတာပါ၊ သူတို့ကို ပြန်ပြီး တရားစွဲကို စွဲရမှာဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြည်သူတွေက အမြဲတမ်း ခံဘက်ကချည်းပဲ၊ သူတို့မတရား လုပ်တာတွေကို ကျနော်တို့ပြည်သူတွေကပဲ ခံနေရတယ်၊ ဒါကြောင့် ရဲအရာရှိတွေ မဟုတ်တာလုပ်ရင်လည်း ကျနော်တို့က ဖော်ထုတ်ပြီးတော့ အရေးယူတာမျိုးတွေ လုပ်နိုင်ရပါမယ်” ဟု ပြောသည်။
ဟောပြောခွင့်နှင့် စီတန်းလှည့်လည်ခွင့် ပိတ်ပင်ခံရမှုနှင့် ပတ်သက်၍ မဟာအောင်မြေမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးနှင့် မြို့နယ် ရဲတပ်ဖွဲ့ထံ အကြိမ်ကြိမ် ဆက်သွယ်ခဲ့သော်လည်း တုန့်ပြန်ဖြေကြားခြင်း မပြုသဖြင့် သီးခြားမှတ်ချက် ဖော်ပြနိုင်ခြင်း မရှိပါ။
ကလေးသူငယ်နှင့်ပတ်သက်၍ ဇူလိုင်လ ၂၃ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှ ဥပဒေအမှတ် ၂၂ အရ ကလေးသူငယ် ဥပဒေကို ပြဌာန်းခဲ့ရာ ကလေးသူငယ်ဥပဒေတွင် ကလေးတဦး၏ ရပိုင်ခွင့်အခွင့်အရေး၊ ဆုံးရှုံးမှု အခွင့်အရေးများ အတွက် အသက် ၁၀ နှစ်အောက် ကလေးတယောက်၏ ပြုမှုလုပ်ဆောင်ချက်သည် ပြစ်မှု မမြောက်သလို အသက် ၁၀ နှစ်မှ ၁၂ နှစ်ကြား ကလေးများကိုလည်း တရားစွဲခွင့်မရှိဘဲ ၁၈ နှစ်အောက် ကလေးများ ကိုသာ ကလေးသူငယ်ဥပဒေအရ တရားစွဲဆိုခွင့်ရှိကြောင်း ဥပဒေပြဌာန်းချက်၌ ပါဝင်ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ ဦးစည်သူ က “ကလေးသူငယ်ဟာ တရားစွဲဆိုမှု ဒါမှမဟုတ် သက်သေအဖြစ် ပါဝင်ခဲ့မယ်၊ ရှိခဲ့မယ်ဆိုရင် အစစအရာရာ ထိန်ချန်မှုတွေ ဆောင်ရွက်ထားရမယ်၊ ဘာမှပြောကြားခွင့်တွေ မရှိစေရဘူး၊ ကလေးသူငယ်ဥပဒေ ၉၆ (ဃ) မှာ ပြဌာန်းထားတယ်၊ ကလေးနဲ့ပတ်သက်ပြီးတော့ နှုတ်ဖြင့်ဖြစ်စေ၊ မီဒီယာမှဖြစ်စေ ထုတ်ဖော်ပြောကြားမှုတွေ မပြုလုပ်ရဘူး၊ ပြောကြားခဲ့မယ်ဆိုရင် ၁၀၁ အရ တရားစွဲဆိုမှုတွေရှိတယ်လို့ ပြောထားတယ်၊ ၁၀၁ မှာက အဲဒီလိုပြောကြားခဲ့မယ်ဆိုရင် ထောင်ဒဏ် ၄ လကနေ တနှစ်အထိ ချမှတ်နိုင်တယ်၊ ငွေဒဏ် ကျပ် ၄ သိန်းကနေ ၆ သိန်းအထိ ချမှတ်နိုင်တယ်လို့ ဥပဒေက ပြောတယ်” ဟု ပြောသည်။
ထို့အပြင် ကလေးတယောက်အပေါ် နစ်နာစေရန်၊ အသရေပျက်စေရန် တဦးတယောက်က ပြောကြား ဆောင်ရွက်မှုများ ရှိခဲ့လျှင်လည်း တရားမကြောင်းအရ တရားစွဲဆိုနိုင်ပြီး ကလေးသူငယ်ဥပဒေ ပုဒ်မ ၂၀ ပြဌာန်းထားချက်များအရ တရားစွဲမှုကို ကလေးကိုယ်တိုင်သော်လည်းကောင်း၊ မိဘ၊ ဆွေမျိုးနှင့် နီးစပ်ရာ မိတ်ဆွေများကလည်း တရားစွဲဆိုခွင့်ရှိကြောင်၊ ထိုသို့ တရားစွဲဆိုမှုကို နစ်နာစေရန် ပြောဆိုပြုမှုသည့်နေ့မှ တနှစ်အတွင်း ပြန်လည်တရားစွဲဆိုနိုင်သည်ဟု ကာလစည်းကမ်းသတ်ဥပဒေပြဌာန်းချက်များအရ သိရသည်။