၃၂ကြိမ်မြောက် ရဲဘော်သုံးကျိပ် မိသားစု သာရေးနာရေး အဖွဲ့ မိတ်ဆုံစားပွဲကို ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် Grand Mercure Yangon Golden Empire Hotel ၌ ယမန်နေ့ညပိုင်းက ကျင်းပရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။
ယင်းအခမ်းအနားတွင် ရဲဘော်သုံးကျိပ်ဝင်များ၏ မိသားစုများဖြစ်သည့် ဗိုလ်ချုပ်အောင်ဆန်း(ဗိုလ်တေဇ)၏ သမီး ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်မှူးချုပ်လက်ျာ(ဗိုလ်လကျ်ာ)၏ သမီး ဒေါက်တာခင်လက်ျာ၊ ဗိုလ်ချုပ်ကြီးနေဝင်း(ဗိုလ်နေဝင်း) ၏ သမီး ဒေါ်ခင်စန္ဒာဝင်း၊ ဗိုလ်ရန်နိုင်၏ သမီး ဒေါ်ရဲမာမော်နိုင်၊ ဗိုလ်ရန်အောင်၏ သား ဦးမောင်မောင်ကြီး၊ ဗိုလ်ရဲထွဋ်၏ သား ဦးကျော်ကျော်တို့က အမှာစကားများ ပြောကြောင်း အစိုးရသတင်းက ဖော်ပြသည်။

ဗိုလ်ချုပ်ကြီးနေဝင်း၏ မြေးဖြစ်သူ ကိုအေးနေဝင်းက သူ၏ Facebook Page တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဒီလူငယ်လေး အယောက်သုံးဆယ် သွားတဲ့ အချိန်တုန်းကဆိုရင် ဒီလောက်ကြီးမား တဲ့သမိုင်းမျိုး ဖြစ်ပေါ်လာလိမ့်မယ်လို့ ဘယ်သူ့မှ ယုံမှာမဟုတ်ဘူး၊ မိုက်မိုက် ကန်းကန်း လုပ်ကြတယ်လို့ပဲ ထင်ခဲ့ကြမှာပဲ ၊ တကယ်တော့ နိုင်ငံရေးဆိုတာ လူတိုင်းနှင့်ဆိုင်တယ်၊ နိုင်ငံသားတိုင်းဟာ နိုင်ငံရေး သမားတွေပါပဲ” ဟု ပြောကြောင်း ဖော်ပြထားသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ရဲဘော်သုံးကျိပ်ဝင်များ၏ သားသမီးများက ပညာရည်ချွန်ဆု အသီးသီးကို ရဲဘော်သုံးကျိပ်ဝင် များ ၏ မြစ်များအား ပေးအပ်ချီးမြှင့်ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီးနေဝင်း၏ သမီး ဒေါ်ခင်စန္ဒာဝင်းက “ရဲဘော်သုံးကျိပ်ဝင်တွေက ပေါက်ပွားလာတဲ့မျိုးဆက်ဆိုတာ အင်မတန် ဂုဏ်ယူဖွယ်ဖြစ်တယ်၊ ဂုဏ်ယူတာနှင့် ဒွန်တွဲပါလာတာက တာဝန်သိတတ်ဖို့ပဲ၊ ကိုယ့် အဖေတွေ၊ အဖိုးတွေ ဂုဏ်ကို ဆက် မြှင့်တင်ဖို့ တာဝန်ရှိတာ မမေ့ကြပါနှင့်၊ တာဝန်တွေ ကျေနိုင် တဲ့ အရည်အချင်း ပြည့်စုံအောင် ဒီအဖွဲ့က ခါတိုင်းနှစ်တွေလိုပဲ ပညာရေးအတွက် အထူးအလေးထား ပံ့ပိုးသွားမယ်” ဟုဆိုကြောင်း ကိုအေးနေဝင်း၏ Facebook Page တွင် ရေးသားထားသည်။

အလားတူ ဗိုလ်မှူးချုပ် လက်ျာ၏ သမီး ဒေါက်တာ ခင်လက်ျာက “ကျွန်မတို့အဖွဲ့က မိသားစုတွေ သာရေးနာရေး ဆိုပေမယ့် သာရေးထက် နာရေးမှာ ပိုဖေးမကြတဲ့ အဖွဲ့ဖြစ်တယ်” ဆိုကြောင်းလည်း သိရသည်။
ရဲဘော်သုံးကျိပ်ဝင်များမှာ သခင်အောင်ဆန်း(ဗိုလ်တေဇ)၊ သခင်လှဖေ(ဗိုလ်လကျ်ာ)၊ သခင်ရှုမောင်(ဗိုလ်နေဝင်း)၊ ကိုလှမောင်(ဗိုလ်ဇေယျ)၊ ကိုထွန်းရှိန်(ဗိုလ်ရန်နိုင်)၊ သခင်လှမြိုင်(ဗိုလ်ရန်အောင်)၊ ကိုရွှေ(ဗိုလ်ကျော်ဇော)၊ သခင်စံလှိုင်(ဗိုလ်မှူးအောင်)၊ ကိုဆောင်း(ဗိုလ်ထိန်ဝင်း)၊ သခင်အောင်သိန်း(ဗိုလ်ရဲထွဋ်)၊ သခင်ထွန်းရွှေ(ဗိုလ်လင်းယုန်)၊ သခင်ဗဂျမ်း(ဗိုလ်လရောင်)၊ သခင်တင်အေး(ဗိုလ်ဖုန်းမြင့်)၊ သခင်ထွန်းခင်(ဗိုလ်မြင့်ဆွေ)၊ သခင်သန်းတင်(၁) (ဗိုလ်သန်းတင်)၊ သခင်အောင်သန်း(ဗိုလ်စကြာ)၊ သခင်စိုး(ဗိုလ်မြင့်အောင်)၊ သခင်ထွန်းအုပ်၊ သခင်စံမြ(ဗိုလ်တောက်ထိန်)၊ ကိုလှ(ဗိုလ်မင်းရောင်)၊ သခင်စောလွင်(ဗိုလ်မင်းခေါင်)၊ သခင်ကျော်စိန်(ဗိုလ်မိုးညို)၊ သခင်သစ်(ဗိုလ်စောနောင်)၊ သခင်ခင်မောင်ဦး(ဗိုလ်တာရာ)၊ သခင်ထွန်းလွင်(ဗိုလ်ဗလ)၊ သခင်သန်းညွှန့် (ဗိုလ်ဇင်ယော်)၊ သခင်အေးမောင်(ဗိုလ်မိုး)၊ သခင်မောင်မောင်(ဗိုလ်ညာဏ)၊ သခင်ငွေ(ဗိုလ်စောအောင်)၊ သခင်သန်းတင်(၂) ဗိုလ်မြဒင်တို့ဖြစ်သည်။
ထိုအထဲတွင် ဗိုလ်ချုပ်အောင်ဆန်းမှာ လွတ်လပ်ရေးကြိုးပမ်းနေစဉ် လုပ်ကြံခံရကာ ကျဆုံးခဲ့ရသလို၊ ဗိုလ်နေဝင်းမှာ နောက်ပိုင်းတွင် နိုင်ငံတော် အာဏာကို သိမ်းယူခဲ့သည်၊ ဗိုလ်လကျ်ာမှာ ဗိုလ်ချုပ်ကြီးနေဝင်း၏ အစိုးရကို တော်လှန်ရန် ထိုင်း- မြန်မာနယ်စပ်တွင် အခြေစိုက်စဉ် ကရင်လက်နက်ကိုင် အဖွဲ့၏ လုပ်ကြံခံခဲ့ရသည်။
အလားတူ ဗမာပြည် ကွန်မြူနစ်ပါတီဝင် ဗိုလ်ဇေယျမှာ ပဲခူးရိုးမတွင် ကျဆုံးခဲ့ရသလို၊ ဗိုလ်ရန်အောင်မှာလည်း တောတွင်း၌ အသတ်ခံခဲ့ရပြီး၊ ဗိုလ်ရဲထွဋ်မှမူ အလင်းဝင်ရောက်လာခဲ့ပြီး ဗိုလ်မှူးချုပ်ကျော်ဇောမှာ တရုတ်ပြည်တွင် ကွယ်လွန်ခဲ့သည်။

ဗိုလ်မြဒင်မှာ ဟိုင်နန်တွင် ကျွန်းတွင် သေဆုံးခဲ့သလို သခင်သန်းတင်(၁) (ဗိုလ်သန်းတင်)မှာ ရဲဘော်သုံးကျိပ် မြန်မာပြည်သို့ ပြန်ဝင်ရန် ကြိုးစားစဉ် ဇင်းမယ်(ချင်းမိုင်)တွင် သေဆုံးခဲ့သလို၊ ဗိုလ်မြင့်အောင်မှာ အင်္ဂလိပ်အဝင်တွင် သတ်သေသွားသည်။
ဗိုလ်မိုးမှာ တိုက်ကြီး တိုက်ပွဲတွင် ကျဆုံး၍ ဗိုလ်ညာဏမှ ဖာပွန်တိုက်ပွဲ၊ ဗိုလ်စောအောင်မှာ ရွှေကျင်တိုက်ပွဲတွင် အသီးသီးကျဆုံးသည်။
ရဲဘော်သုံးကျိပ်မိသားစု သာရေးနာရေးအဖွဲ့ကို ရဲဘော်သုံးကျိပ်ဝင် (၉)ဦးက ဦးဆောင်၍ ၁၉၈၃ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့တွင် အသက် (၉၄)နှစ် ရှိပြီဖြစ်သော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မြင့်ဆွေ၏ဇနီး ဒေါ်ကြည်ကြည်ဝင်း တစ်ဦးတည်းသာ သက်ရှိထင်ရှား ကျန်ရှိကြောင်း သိရသည်။
You may also like these stories:
ရဲဘော်သုံးကျိပ် ပန်းခြံဟောင်း မြေနေရာကိစ္စ ပြောပါရစေ
စီမံကိန်းကြီးတွေနှင့် ပတ်သက်လျှင် စကားတည် ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
အားလုံးခေါင်းဆောင် လုပ်ချင်ပါက နောက်လိုက် ဘယ်သူလုပ်မလဲ ဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်