ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (WTO) အပါအဝင် ဒေသအတွင်း ကုန်သွယ်မှုအဖွဲ့အစည်းများမှ ချမှတ်ထားသော စံချိန် စံညွှန်းများနှင့် အညီ ကုန်သွယ်ရေး ကိစ္စရပ်များကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရန် ကုန်သွယ်မှု ဥပဒေသစ် တခုကိုရေးဆွဲလျက်ရှိကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုကိစ္စရပ်များကို ၂၀၁၂ ခုနှစ်က ပြဋ္ဌာန်းထား သော ပို့ကုန်သွင်းကုန် ဥပဒေဖြင့်သာ လုပ်ဆောင်လျက်ရှိရာ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေး ဝန်ကြီးဌာန၏ လက်ရှိ တာဝန်ခံဆော င်ရွက် နေရသည့် လုပ်ငန်းများအပေါ် ယင်းပို့ကုန် သွင်းကုန်ဥပဒေက လွှမ်းခြုံမှုမရှိသဖြင့် အစားထိုး ပြဋ္ဌာန်းမည့် ဥပဒေသစ် တရပ် ရေးဆွဲရခြင်း ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာန မူဝါဒရေးရာဌာနခွဲမှ အကြီးတန်းအရာရှိတဦး က ဧရာဝတီသို့ ပြော သည်။
“ပို့ကုန်သွင်းကုန် ဥပဒေမှာက ကုန်စည်နဲ့ နည်းပညာပဲ အကျုံးဝင်တယ် ဝန်ဆောင်မှု ဆိုတာ မပါဘူး။ ဒါပေမဲ့ စီးပွားကူး သန်းက Trade in Services(ဝန်ဆောင်မှုကုန်သွယ်ရေး)နဲ့ ပတ်သက်လို့ ဒေသတွင်း ကုန်သွယ်ရေး သဘောတူညီချက် များမှာ ညှိနှိုင်းဆွေးနွေးရတာ ပါသလို ဖြန့်ဖြူးရောင်းချခြင်းဖြစ်တဲ့ Distribution Services ကိစ္စတွေအတွက် စီမံခန့်ခွဲနေရ တယ်။ အဲ့ဒါကြောင့် လက်ရှိစီးပွားကူးသန်းလုပ်ဆောင်မှုတွေ အားလုံးအကျုံး ဝင်နိုင်တဲ့ ဥပဒေကို ရေးဆွဲတာပါ”ဟု ၎င်းက ဆိုသည်။
ယင်းအပြင် ကုန်သွယ်မှုများကို စည်းမျဉ်းစည်းကမ်းများနှင့် ကြပ်မတ်ကွပ်ကဲပြီး ကုန်သွယ်မှုကို ပိုမိုမြှင့်တင်ရန်၊ ဒေသတွင်း နှင့် နိုင်ငံတကာ ကုန်သွယ်မှု လုပ်ငန်းများမှာ ဝန်ကြီးဌာန အချင်းချင်း သော်လည်းကောင်း၊ ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် သော်လည်းကောင်း အချင်းချင်း ချိတ်ဆက်မှု အားကောင်းလာစေရန်၊ မျှတသည့် ယှဉ်ပြိုင်မှုတွေဖြစ်စေရန် နှင့် အစိုးရ၊ ပုဂ္ဂလိက အကျိုးပူး ပေါင်းဆောင်ရွက်ရမည့် PPP (Private Public Partnership) စနစ်တွေ ပိုမိုခိုင်မာအားကောင်း လာစေဖို့ ရည်ရွယ်ကြောင်း သိရသည်။
အဆိုပါ ဥပဒေသစ်အရ ကုန်သွယ်မှုနဲ့ ဆက်စပ်နေတဲ့ ဝန်ကြီးဌာနများ အဖွဲ့ဝင်အဖြစ် ပါဝင်ပြီး ဒုတိယသမ္မတမှ ဦးဆောင် မည့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး ကုန်သွယ်မှု မူဝါဒများ ချမှတ်ခြင်း၊ ကုန်သွယ်မှုဆိုင်ရာ စေ့စပ် ညှိနှိုင်းမှုများကို ဆောင်ရွက်ခြင်းနှင့် ကုန်သွယ်မှုနှင့် ဆက်စပ်နေသော မူဝါဒများကို အကောင်အထည် ဆောင်ရွက်သွား မည်ဖြစ်သည်။
ကုန်စည်နှင့် ဝန်ဆောင်မှုများကို တင်ပို့ခြင်း၊ တင်သွင်းခြင်း သို့မဟုတ် ပြန်လည်တင်ပို့ခြင်း၊ တဆင့်ဖြတ်သန်း ကုန်သွယ်ခြင်းတို့ ပြုလုပ်ရန် လိုအပ်သောလိုင်စင်၊ ပါမစ်၊ အသိအမှတ်ပြု လက်မှတ်၊ မှတ်ပုံတင် (သို့မဟုတ်) အခြားအထောက် အထား များကို လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် One-stop service စနစ်ဖြင့် လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမျာ းအကြား ဆက်သွယ်ဆောင်ရွက်ပေးမည့် စနစ်ကိုလည်း ကုန်သွယ်မှု ဥပဒေ အသစ်တွင် ထည့်သွင်းရေးဆွဲထားသည်။
အထက်ပါ အကြီးတန်းအရာရှိက“ အဓိက ကုန်သွယ်မှု မှတ်ပုံတင်ခြင်း ဆိုတာက လက်ရှိခွင့်ပြု ဆောင်ရွက်နေတဲ့ ပို့ကုန် သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်၊ ကားအရောင်းပြခန်း ဖွင့်လှစ်ခွင့်၊ လက်လီ/ လက်ကားရောင်းချခွင့် မှတ်ပုံတင် အစရှိတာ တွေကို ဥပဒေနဲ့အညီ ဖြစ်စေရေး ဥပဒေ အတွင်းကို သွတ်သွင်းလိုက်တဲ့သဘောဖြစ်ပါတယ်။ အခု ရှိနေတာတွေကို ပိုပြီး ပွင့်လင်းမြင်သာ မှုရှိတဲ့ မှတ်ပုံတင်စေတဲ့ စနစ်ဖြစ်သွားမယ်။ ပို့ကုန်သွင်း ကုန်လိုင်စင်တွေအတွက် အရင်ကလို ရုံးလုပ်ငန်း အဆင့်ဆင့်နဲ့ ရှုပ်ထွေးနေတာမျိုး မရှိအောင်လည်း ကို အွန်လိုင်းစနစ် လုပ်နိုင် သွားမယ်” ဟုဧရာဝတီသို့ ပြောသည်။
ထို့ပြင် မြန်မာနိုင်ငံ၏ သဘောတူညီမှု ရရှိထားသော နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် အကောက်ခွန် ကင်းလွတ် ခွင့်/ သက်သာခွင့် ရရှိမည့် ပင်ရင်းနိုင်ငံစည်းမျဉ်း (Rules of Origin )နဲ့ စည်းမျဉ်းဆိုင်ရာ လုပ်ထုံးလုပ်နည်း များကို လုပ် ငန်းရှင်များ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်အောင် အသိပညာပေးရန် အတွက်လည်း အဆိုပါ ဥပဒေအသစ်တွင် ရေးဆွဲထား သည်။
လက်ရှိအချိန်တွင် လုပ်ငန်းများ ဆောင်ရွက်ရာ၌ ရုံးဌာန အဆင့်ဆင့် လုပ်ဆောင်နေရခြင်း၊ မူဝါဒ နှင့် လိုင်စင်လျှောက်ထား မှုများတွင် လိုအပ်ချက်များကို အလွယ်တကူ မသိရှိရကြောင့် အွန်လိုင်း စနစ် ဖြစ်ပေါ်လာပါက ကောင်မွန်းသည့် ကိစ္စရပ် ဖြစ်ကြောင်း ပြည်ပဆန်တင်ပို့သည့် လုပ်ငန်းရှင် တဦးဖြစ်သော ဦးသောင်းဝင်း က ပြောသည်။
“အွန်လိုင်းစနစ်တွေ One Stop Service တွေ တကယ်ဖြစ်လာမယ်ဆိုရင် တကယ်ကောင်းမွန်တဲ့ ကိစ္စတွေပါ” ဟု ဆို သည်။
နိုင်ငံတကာ အဖွဲ့အစည်းများကလည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ရှုပ်ထွေးနေသော ရုံးလုပ်ငန်း အဆင့်ဆင့်များနှင့် တိကျခိုင်မာသော မူဝါဒများ မရှိခြင်းများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အတွက် အဓိက စိန်ခေါ်မှု တရပ် ဖြစ်ကြောင်း ပြောဆိုလျက်ရှိသည်။
အလားတူ ဆန်ပို့ကုန်လုပ်ငန်းရှင် ဦးနေလင်းဇင်ကလည်း လက်ရှိအချိန်တွင် ပို့ကုန်သွင်းကုန်ဥပဒေအရ လုပ်ငန်းရှင်များ သည် စီးပွားကူးသန်းမှ လိုင်စင်များ လျှောက်ထားပြီး ဖြစ်သော်လည်း ကုန်ပစ္စည်းများ တင်ပို့တင်သွင်းရမည့် ဆိပ်ကမ်း များသို့ ရောက်ချိန်တွင်လည်း ပို့ကုန်သွင်းကုန် ပစ္စည်းများအလိုက် အထောက်အထားအများအပြား လိုအပ်မှုကို လျှော့ချနိုင် မည့် One Stop Service ဝန်ဆောင်မှုစနစ်များ ပါဝင်လာရန် လိုအပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“အသစ်ရေးဆွဲတာက ပိုကောင်းမယ်လို့ ယူဆပါတယ်။ လက်ရှိဥပဒေအရ အကန့်အသတ်က ပို့တာဖြစ်ဖြစ် သွင်း တာဖြစ် ဖြစ် ကြိုတင်ခွန် ၂ ရာခိုင်နှုန်းဆောင်နေရတဲ့ ပြဿနာပေါ့ အမှန်က စီးပွားကူးသန်းနဲ့ မဆိုင်ဘူး။ စီးကူးက လိုင်စင်ထုတ် ပေးတာ ဖြစ်တဲ့အတွက် ဆိပ်ကမ်းမှာ အကောက်ခွန်ရှင်းလင်းရေး လုပ်တဲ့အခါ ဒီ ၂ ရာခိုင်နှုန်းကိစ္စက အခက်အခဲ ဖြစ်နေ တာပေါ့။ နိုင်ငံတကာမှာဆိုရင် ပို့တဲ့ သွင်းတဲ့ ကိစ္စက သက်သက် အခွန်က ဘဏ်ကနေ တဆင့်သွားကြတာ” ဟု သူက ပြောဆို သည်။
အသစ်ရေးဆွဲနေသည့် ကုန်သွယ်မှု ဥပဒေသည် လက်ရှိ ပို့ကုန်သွင်းကုန်ဥပဒေထက် အမှန်တကယ်ပိုကောင်း နိုင်မည်လားဆိုသည်မှာ ဥပဒေထွက်ရှိလာမှသာ သိရှိနိုင်မည်ဖြစ်ကြောင်း ဦးနေလင်းဇင်က ဆိုသည်။
စီးပွား/ကူးသန်းဝန်ကြီး ဌာနအနေဖြင့် ဥပဒေမူကြမ်း ရေးဆွဲထားခြင်းနှင့် ပတ်သက်၍ ပွင့်လင်း မြင်သာမှုရှိစွာ ပုဂ္ဂလိက လုပ်ငန်းရှင်များ အနေဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်အသင်းအဖွဲ့များ ၊ ပြည်ပကုန်သည်အဖွဲ့အစည်းများ(Foreign Chamber) နဲ့ သံရုံးများကို ချပြရှင်းလင်းပြီး ရရှိလာသည့် အကြံပြုချက်နှင့် မေးခွန်းများကို အခြေခံကာ ဥပဒေမူကြမ်းအပေါ် ပြန်လည် သုံးသပ်လျက်ရှိကြောင်း၊ ပြန်လည်သုံးသပ်ပြင်ဆင်ပြီးပါက လုပ်ထုံး လုပ်နည်းနဲ့အညီ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်ရယူပြီး အဆင့်ဆင့် တင်ပြဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
အိန္ဒိယ၏ ပဲအဝယ် မတည်ငြိမ်မှု မြန်မာ စိုးရိမ်
၂၀၂၀ ခုနှစ် မြန်မာ့စီးပွားရေးအတွက် GSP က စိန်ခေါ်မှု ဖြစ်နေ ဟုဆို
တရားမဝင်ကုန်စည် ဝင်ရောက်မှု ရေကြောင်းရဲများ ဖွဲ့၍ဖမ်းဆီးရန် စီစဉ်နေ