ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် စစ်ရေးအခြေအနေ တင်းမာမှုများကြောင့် ဖမ်းဆီးထားသူများနှင့် သုံ့ပန်းများ၏ အသက်ကို အာမခံပေးနိုင်ခြင်းမရှိပါဟု ရက္ခိုင်စစ်တပ်(AA)၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဧရာဝတီကို ပြောသည်။
ဦးခိုင်သုခ က “ကျနော်တို့လည်း အာမခံလို့ မရသလို ဘယ်သူမှလည်း အာမခံလို့ မရဘူး။ အန္တရာယ် ရှိနေတဲ့ ဥစ္စာက ထိန်းသိမ်းခံထားရတဲ့ စစ်သုံ့ပန်းတွေမှ မဟုတ်ဘူး။ ရခိုင်လူထု တရပ်လုံး တခုလုံးက ဗမာစစ်တပ်ရဲ့ လက်နက်ကြီး စက်ကွင်းထဲမှာရှိနေတယ်။ အကုန်အန္တရာယ်တွေထဲမှာရှိနေတယ်။ ဦးဝှေ့တင်း ကိစ္စကိုမှ စိုးရိမ်တယ်ဆိုတဲ့ ပုံစံမျိုး၊ တခြား အန်အယ်ဒီအဖွဲ့တွေကိုမှ စိုးရိမ်တယ်ဆိုတာက တရားမျှတမှု မရှိတဲ့ ပြောဆိုချက်လို့ပဲ ကျနော်တို့က နားလည်တယ်” ဟု ပြောသည်။
AA မှ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းထားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (ဘူးသီးတောင်)၊ ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးသွားခြင်းနှင့် ပတ်သတ်၍ နိုင်ငံရေးအသိုင်းအဝိုင်းတွင် ဝေဖန်မှုများ ရှိနေသည့်အပေါ် ထိုသို့ပြောဆိုခြင်း ဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းခံထားရစဉ် သေဆုံးသွားသည့် ဦးရဲသိန်းမှာ လက်နက်ကြီးကျည် ထိမှန်စဉ် ကိုယ်အင်္ဂါ အစိတ် အပိုင်းများ ပြတ်တောက်သွားသဖြင့် AA မှ မြေမြှုပ်သဂြိုဟ်ပေးလိုက်ပြီ ဖြစ်သဖြင့် ဓါတ်ပုံများ ထုတ်ပြန်ရန် မရှိပါဟုလည်း သိရသည်။
AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က ရခိုင်ပြည်နယ်တွင်း ရခိုင်ပြည်သူများ နေ့စဉ် စစ်ရာဇဝတ်မှု ချိုးဖောက် ခံနေရသည်ကို မငဲ့ပဲ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် သွားရောက် ရင်ဆိုင်နေသည့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် စီစဉ်နေသဖြင့် ဦးရဲသိန်းကို ဖမ်းရခြင်း ဖြစ်သည်ဟု ဧရာဝတီကို ပြောဆိုထားသည်။
ဦးရဲသိန်းသည် ဖမ်းဆီးခံရပြီး ၁၅ ရက်အကြာ ဒီဇင်ဘာ ၂၅ ရက်တွင် တပ်မတော်နှင့် AAကြား စစ်ရေး တင်းမာချိန် တပ်မတော် ဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိပြီး သေဆုံး သွားခြင်း ဖြစ်သည်ဟု AA ဘက်မှ ထုတ်ပြန်ထားသည်။
AA ၏ ထုတ်ပြန်ချက်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းများအကြား ဝေဖန်မှုများ ရှိနေပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း ဒီဇင်ဘာ ၂၅ ရက်တွင် AA ဘက်မှ သတင်းထုတ်ပြန်သည့် နေရာ၌ တိုက်ပွဲမရှိပါဟု ငြင်းဆိုသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က “ဘူးသီးတောင်ဒေသခံတွေက ကြောက်လို့ မပြောကြတာ။ ဖမ်းပြီး မကြာခင်မှာ ပဲ အသတ်ခံရတယ်ဆိုတာ ဒေသခံတွေ သိပြီးသား ဖြစ်ပါတယ်” ဟု ပြောသည်။
ဦးခိုင်သုခက တိုက်ပွဲ မဖြစ်ပါဟုဆိုသည့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၏ ပြောဆိုချက်မှာ လိမ်ညာ နေခြင်းသာ ဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက်တွင် တပ်မတော်ဘက်မှ လက်နက်ကြီး ပစ်ခတ်မှု ရှိမရှိမှာ ဘူးသီးတောင်မြို့နယ်နှင့် အနီးတဝိုက်ရွာများမှ ဒေသခံများက သက်သေ ရှိပါသည်ဟု ပြောသည်။
ဦးရဲသိန်း သေဆုံးခြင်းနှင့် ပတ်သတ်၍ ချင်းပြည်နယ်၊ စည်ပင်၊ လျှပ်စစ်နှင့ ်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဟောင်း၊ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူ ဦးဆလိုင်းအိုက်ဇက်ခင် က “တပ်ကပဲဖြစ်ဖြစ် ဘယ်သူကပဲဖြစ်ဖြစ် ဘယ်သူက ခေါ်သွားရသလဲ ဆိုတာက စ စဉ်းစားရတာပေါ့။ AA က မခေါ်သွားရင် တာဝန်မရှိဘူးပေါ့။ ကိုယ့်အိမ်မှာ ကိုယ်နေရင်း ထိတယ်ဆို မဆိုင်ဘူးပေါ့။ အခုက AA ခေါ်သွားတုန်း ဖြစ်တာဆိုတော့ AA မှာ တာဝန်ရှိတာပေါ့” ဟု ပြောသည်။
မလုံခြုံသည့် နေရာတွင် ဖမ်းဆီးထားသည့် အရပ်သားကို ထိန်းသိမ်းထားခြင်းမှာလည်း မေးခွန်းထုတ်စရာ ဖြစ်သည်ဟု ဦးဆလိုင်းအိုက်ဇက်ခင်က ဆိုသည်။
ဆက်လက်ပြီး ၎င်းက “အရပ်သားတွေကို မလုံခြုံတဲ့ နေရာမှာ ထားတဲ့ နေရာ၊ အာမ မခံနိုင်တဲ့ နေရာမှာ ထားတဲ့ ကိစ္စကတော့ အရပ်သားတွေ အတွက် နစ်နာပါတယ်။ ဒီထဲမှာ တချို့တာဝန်ရှိသူတွေ ဝန်ထမ်းတွေ ခေါ်သွားတာက အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ကိစ္စတွေ လက်ရှိ အာဏာရပါတီနဲ့ ရင်ဆိုင်ရတဲ့ ကိစ္စတွေ ဖြစ်လာတာပေါ့” ဟု ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဦးရဲသိန်း သေဆုံးရခြင်း အပေါ် ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပြီး အပြစ်မဲ့သည့် ပြည်သူကို လက်နက်အားကိုးဖြင့် အကြမ်းဖက်သည့် လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်ချက်ထဲတွင် ရေးသားထားသည်။
ဦးရဲသိန်း သေဆုံးမှုသည် တရားဥပဒေစိုးမိုးရေး၊ ပြည်သူများ၏ လုံခြုံရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို မလိုလားသည့် အဖွဲ့အစည်းများရှိနေကြောင်းကို ထင်ရှားစေသည်ဟုလည်း NLD က ထုတ်ပြန်ထားသည်။
၈၈ ကျောင်းသားခေါင်းဆောင် တဦးဖြစ်သည့် ဦးမြအေးကလည်း “ကျနော်မြင်တာက အပြစ်မဲ့ အရပ်သားတွေကို ဘာကြောင့်ပဲဖြစ်ဖြစ် သေကြေစေတဲ့ အကြောင်းတရားကို ဖန်တီးတဲ့ သူတွေ အားလုံးက တာဝန်ရှိတယ်လို့ မြင်တယ်။ တပ်က ပစ်လို့ သေသေ၊ AA လက်ထဲမှာပဲ သေသေ သူက အပြစ်မဲ့တဲ့ လက်နက်မဲ့ အရပ်သားဖြစ်တယ်။ အဲ့လိုတော့ ကျနော်တို့ မဖြစ်စေချင်ဘူး” ဟု ပြောသည်။
ဒီမိုကရေစီစံနှုန်းအရ သဘောထားကွဲလွဲမှုကို လက်ခံရမည် ဖြစ်ပြီး ဦးရဲသိန်းကို ICJ နှင့် ပတ်သတ်၍ သဘောထား ကွဲလွဲသဖြင့် AA က ဖမ်းဆီးခြင်းမှာလည်း ဒီမိုကရေစီစံနှုန်းနှင့် ဆန့်ကျင်နေသည်ဟု ဦးမြအေး က ဆိုသည်။
ဦးမြအေး က “ဦးဝှေ့တင်းဆိုရင် လူထုရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်ဖြစ်နေတယ်ဗျာ။ ဒီအပေါ်မှာ Respect ပေးသင့်တယ်။ တော်ပြီပေါ့။ ပြန်လွှတ်ပေးသင့်ပြီ။ သူ့ကို သတင်းတွေ ပေးတယ်။ ပြဿနာတွေ ဖန်တီးတယ် မကျေနပ်လို့ ခေါ်တယ်၊ စစ်တယ်ဆိုရင် ပြီးရင် တော်ပြီပေါ့။ ပြန်လွှတ်ပေးသင့်ပြီ။ အကြာကြီးဆိုရင် ပြန်ပေးဆွဲထားတယ်လို့ မြင်တော့မယ်” ဟု ပြောသည်။
ဦးမြအေးက ၎င်းအနေဖြင့် ဦးရဲသိန်းနှင့် ဦးဝှေ့တင်းတို့ ဖမ်းခံရသည့် အပေါ်တွင်သာ ရပ်တည် ပြောဆိုခြင်း မဟုတ်ပဲ တပ်မတော်ဘက်မှ ဖမ်းဆီးနှိပ်စက်ခြင်းကြောင့် အရပ်သားများ သေဆုံးခြင်းကိုလည်း ဆန့်ကျင် ပါသည်ဟု ပြောသည်။
တပ်မတော်နှင့် AA သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ ယနေ့ထိ တိုက်ပွဲများ ရပ်တန့်ခြင်း မရှိဘဲ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့တွင် စစ်ရေးတင်းမာနေခြင်း ဖြစ်သည်။
တိုက်ပွဲကာလအတွင်း တပ်မတော်ဘက်မှ မသင်္ကာမှုဖြင့် ဖမ်းဆီးစစ်ဆေးသည့် အရပ်သား ၃၀၀ ခန့်ရှိပြီး ဖမ်းဆီးခံရသူများအနက် ညှင်းပန်းနှိပ်စက်ခံရခြင်း နှင့် တိုက်ပွဲအတွင်း ထိခိုက်သေဆံံုံးသူ အရပ်သားများ ၁၀၀ ကျော် ရှိသည်။
AA ဘက်မှလည်း တိုက်ပွဲအတွင်း ဖမ်းဆီးမိသည့် တပ်မတော်၊ တပ်ဖွဲ့ဝင်များကို ထိန်းသိမ်းထားသည့် အပြင် အရပ်သားများကိုလည်း မသင်္ကာပါက ခေါ်ယူစစ်ဆေးမှုများရှိသည်။
၂၀၁၉ ခုနှစ်အတွင်း AA မှ အရပ်သားများ ၃၀ ဦးရေနှင့်အထက်ကို ဖမ်းဆီးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ရာ ပလက်ဝမြို့နယ်၊ အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းမှလွဲ၍ အားလုံးကို ပြန်လွှတ်ပေးခဲ့သည်။
ဦးဝှေ့တင်းသည် နိုဝင်ဘာ ၃ ရက်က ဖမ်းဆီးခံရခြင်း ဖြစ်သည်။
ဦးဝှေ့တင်းသည် တပ်မတော်ကို သတင်းပေးပြီး ရခိုင်အရပ်သားများ ဖမ်းဆီးခံရအောင် သတင်းပေးခြင်း အပြင် နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် AA ကို မလိုလားသည့် အချက်များရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းထားရခြင်း ဖြစ်သည်ဟု AA ဘက်မှ ပြောဆိုထားသည်။
ပြန်မလွှတ်ရသေးသည့် အကြောင်းအရင်းနှင့် ပတ်သတ်၍လည်း ဦးခိုင်သုခ က “သူ့ကို ပြန်လွှတ်လိုက်ရင် အဲ့ဒေသမှာ လှုပ်ရှားနေတဲ့ ကျနော်တို့ ရဲဘော်တွေရဲ့ အသက်အန္တရာယ် လုံခြုံရေး၊ အဲ့ဒေသမှာ ရှိတဲ့ ရခိုင်နဲ့ ရခိုင်မျိုးနွယ်စုတွေရဲ့ လုံခြုံရေးက အန္တရာယ်ရှိတယ်။ အဲ့တာကြောင့် သူ့ကို ကျနော်တို့က လိုအပ်လို့ ဆက်ထိန်းသိမ်းထားတာ ဖြစ်တယ်” ဟု ပြောသည်။
AAသည် အောက်တိုဘာအတွင်းက ဖမ်းဆီးခဲ့သည့် မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကိုလည်း နိုဝင်ဘာ ၆ ရက်က ပြန်လွှတ် ပေးခဲ့သည်။
နိုဝင်ဘာ ၁၁ ရက်၊ ရသေ့တောင်မြို့နယ်တွင်း ရွှေနဒီ အမြန်ယာဉ်ပေါ်မှ ဖမ်းလိုက်သည့် နယ်ခြားစောင့် ရဲအရာရှိများ၊ အကျဉ်းဦးစီးဌာနမှ အရာရှိနှင့် ဝန်ထမ်းများ၊ တပ်မတော် ခြေမြန်တပ်ရင်းမှ တပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၇ ဦးကို သုံ့ပန်းအဖြစ် AA က ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်သည်။
ထို့ပြင် နိုဝင်ဘာ ၁၉ ရက်၊ ပလက်ဝမြို့နယ်၊ တိုက်ပွဲအတွင်း ဖြစ်ပွားသည့် တပ်မ ၇၇ လက်အောက်ခံ ခမရ ၃၁၃ မှ တပ်ဖွဲ့ဝင် ၁၃ ဦးမှာလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရဆဲ ဖြစ်သည်။
သုံ့ပန်းများကို တပ်မတော်ဘက်မှ ဖမ်းဆီးထားသည့် ရခိုင်လူထုနှင့် လဲလှယ်လိုကြောင်း၊ လဲလှယ်မည် ဆိုပါက လွှတ်ပေးရန် အသင့်ရှိကြောင်း AAက ထုတ်ပြန်ထားသော်လည်း တပ်မတော်ဘက်မှ လဲလှယ်မည် မဟုတ်ဟု ပြောဆိုထားသည်။
You may also like these stories:
Mytel ကုမ္ပဏီ ညွန်မှူး ၁ ဦး နှင့် ဝန်ထမ်း ၁ ဦးကို AA ဖမ်းဆီးဟု တပ်မတော် ထုတ်ပြန်
မော်လမြိုင်-သံဖြူဇရပ်လမ်းပေါ် ကားမှောက်မှု ၁၀ ဦးသေ၊ ၅ ဦး ဒဏ်ရာရ