ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို အမှုဖွင့် တရားစွဲရန်အတွက် ဖခင်ဖြစ်သူ ကိုယ်တိုင်က စာရေးဆရာ ထင်လင်းဦးအား ကိုယ်စားလှယ်လွှဲစာ ပေးအပ်လိုက်ကြောင်း သတင်း ရရှိသည်။
ဗစ်တိုးရီးယား အမှုမှန် ပေါ်ပေါက်ရေးအတွက် အမှန်တရား တောင်းဆိုမှု ကော်မတီမှ စာရေးဆရာ ထင်လင်းဦးက “ဒီနေ့ ကလေးရဲ့အဖေ နဲ့ ကျနော်တို့ တွေ့တယ်။ တွေ့ပြီးတော့ နေပြည်တော်ကောင်စီ ထွေအုပ်ရုံးမှာ ကိုယ်စားလှယ် လွှဲပါတယ်။ ကလေးရဲ့ ဖခင်က ကျနော့်ကို ကိုယ်စားလှယ် လွှဲစာပေးတာပါ။ တရားစွဲဆိုဖို့ အတွက်ပါ”ဟု ဧရာဝတီသို့ ပြောသည်။
ဗစ်တိုးရီးယား အမှုမှန် ပေါ်ပေါက်ရေး အတွက် ‘အမှန်တရား တောင်းဆိုမှု ကော်မတီ’ ကို ဒီဇင်ဘာ ၂၂ ရက်နေ့က စီးပွားရေး လုပ်ငန်းရှင်များ၊ ဥပဒေ ပညာရှင်များ၊ ကွန်ပျူတာ ပညာရှင်များ အပါအဝင် ကဏ္ဍပေါင်းစုံမှ လူဦးရေ ၇၀ နီးပါး ပါဝင် ဖွဲ့စည်းထားကြောင်း သိရသည်။
ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်ရန်နှင့် တရားမျှတမှု ရှိရန်အတွက် ရေဆုံး ရေဖျား ရင်ဆိုင် ရန် ‘အမှန်တရား တောင်းဆိုမှု ကော်မတီ’ ကို ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ဒီဇင်ဘာ ၂၂ ရက်က ကော်မတီ၏ ထုတ်ပြန် ချက်တွင်လည်း ပါရှိသည်။
ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)၊ ကလေးသူငယ် အခွင့်အရေး ဥပဒေပုဒ်မ ၉၆ (ဃ) အရ ကလေး သူငယ်၏ ထိခိုက် နစ်နာမှု အတွက် တရားစွဲဆို သွားမည် ဖြစ်ကြောင်း ဦးထင်လင်းဦးက ပြောသည်။
ထိုသို့ တရားစွဲဆိုရာတွင် ရှေ့နေတဦးချင်း အနေဖြင့် မဟုတ်ဘဲ မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း (ILAM) အဖွဲ့အနေဖြင့် လိုက်ပါဆောင်ရွက်မည် ဖြစ်ကြောင်း၊ ယခုရက်ပိုင်း ရုံးပိတ်ရက် ကာလများ ဖြစ်နေသည့် အတွက် လာမည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် တရားစွဲဆိုခြင်း ကိစ္စကို စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လည်း ဦးထင်လင်းဦးက ရှင်းပြသည်။
ဗစ်တိုးရီးယား၏ ဖခင် ဖြစ်သူက “ဥပဒေဆိုင်ရာ ကိစွ ရပ်အချို့ကို တရားဝင် ကူညီဆောင်ရွက်ပေးဖို့ အတွက် ဆရာ ဦးထင်လင်ဦးကို ဒီနေ့ ကိုယ်စားလှယ် လွှဲစာ လွှဲပေးခဲ့တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းက ဆက်၍ “ကိုယ့်မှာလည်း အခက်ခဲ ရှိနေတယ်။ ပါဝါ လွှွဲပြီးစွဲလို့ရတဲ့ အမှုတွေကို သူတို့ ကူညီပြီးတော့ စွဲပေးဖို့ အတွက် ပါဝါ လွှဲပေးလို့ ရတဲ့ အမှုတွေကို လွှဲပေးလိုက်တာပါ” ဟုလည်း ဆိုသည်။
အဆိုပါ ဗစ်တိုးရီးယား အမှုတွင် စွပ်စွဲခံရသူ သံသယတရားခံ ကိုအောင်ကြီးကို တရားစွဲတင်ရန် ခိုင်လုံသည့် သက်သေ ထွက်ချက်များ မရှိသဖြင့် လိုပြ သက်သေများ စစ်ဆေး၍ မပြီးခင် တရားသူကြီးက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တရားရှင် လွှတ်ပေးခဲ့သည်။
ထိုသို့ ကိုအောင်ကြီး လွတ်မြောက်ပြီး နောက်တရက် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မြန်မာ နိုင်ငံရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နစ်နာသူ ဗစ်တိုးရီးယား၏ အမည်ရင်း၊ မိဘများ၏ အမည်များနှင့် ကိုယ်ရေး အချက်အလက် များကို ထုတ်ဖော် ပြောသည့်အပြင် ‘ ရဲဇာနည်’ Facebook စာမျက်နှာတွင် ထုတ်ဖော် ပြသမှုကြောင့် ယခုကဲ့သို့ တရားစွဲဆိုမှုများ ပြုလုပ်မည် ဖြစ်သည်ဟုလည်း သိရသည်။
ဗစ်တိုးရီးယား၏ ဖခင်ထံမှ ကိုယ်စားလှယ်လွှဲစာ ရယူပြီးဖြစ်သော်လည်း အမှုဖွင့်ရန်အတွက် ဆောင်ရွက်မည့် ရုံးလုပ်ထုံး၊ လုပ်နည်း ကိစ္စများဖြစ်သည့် ဘဏ်ငွေသွင်းသည့် ကိစ္စကို လာမည့် ၃၀ရက်နေ့တွင် ဆောင်ရွက်ပြီးပါက အမှုဖွင့်မည့် ကိစ္စများကို ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးထင်လင်း ဦး ကဆိုသည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသော Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ကလေးငယ် ဗစ်တိုးရီးယားသည် ယခုနှစ် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ထိုအမှုကို ဇွန်လ ၃ ရက်တွင် မှုခင်း တပ်ဖွဲ့(CID) က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဗစ်တိုးရီးယား အမှု အမှန်တရားရရှိရေး အတွက် ဒီဇင်ဘာ ၂၃ ရက်နေ့က ရန်ကုန်– မန္တလေး ကဲ့သို့သော မြို့ကြီးများ တွင် ဆန္ဒပြမှုများလည်း ပြုလုပ်ခဲ့သည်။
You may also like these stories:
ဗစ်တိုရီးယား အတွက် အမှန်တရား ရစေချင်တယ်ဆိုတဲ့ အောင်ကြီး
ရဲတပ်ဖွဲ့ သတင်းစာ ရှင်းလင်းပွဲ၌ ဗစ်တိုးရီးယား အမည်ရင်း ထုတ်ဖော် ပြောဆိုမှု ဝေဖန်ခံရ