ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့အဝင်၌ တပ်မတော်နှင့် ရက္ခိုင် စစ်တပ် (AA) တို့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီကျော်က ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါပစ်ခတ်မှုတွင် အရပ်သား ၄ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
ဒဏ်ရာ ရရှိသူများမှာ ကျောက်တော်မြို့ခံများဖြစ်ပြီး အသက် ၄၂ နှစ်အရွယ် ဦးအောင်ဝင်း၊ အသက် ၅၀ နှစ်အရွယ် ဦးအောင်ကြည်၊ အသက် ၅၂ နှစ်အရွယ် ဦးကျော်စိန်ဝင်းနှင့် အသက် ၃၁ နှစ်အရွယ် ဒေါ်မသန်းဌေးတို့ ဖြစ်ကြောင်း မြို့ခံများနှင့် မိသားစုဝင်များက ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသူ ဦးကျော်စိန်ဝင်း၏ ဇနီး ဒေါ်ဌေးဌေးဝင်း က “ကျမအမျိုးသားက အိမ်ရှေ့မှာ ထိုင်ပြီးစကား ပြောနေတုန်းမှာ ကျည်ဆန်လာမှန်တာပါ။ တိုက်ပွဲဖြစ်တာလား၊ ဘယ်လိုဖြစ်တာလည်းဆိုတာလည်း ကျမတို့ မသိဘူး။ ကံကြီးသျှင် ဘုရားဘက်ကတော့ ပေါက်ကွဲသံတွေ ကြားရတယ်။ အဲဒီ ဖြစ်တဲ့နေရာနဲ့ဆို ကျမတို့ အိမ်နဲ့ တော်တော် လှမ်းတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသည့် မိသားစုဝင်များနှင့် မြို့ခံများ ကတော့ ကျာက်တော်မြို့ဝင်တွင် တည်ရှိသည့် ကံကြီးသျှင် ဘုရား သိမ်တော်အနီးတွင် ယနေ့ မနက်ပိုင်းက ပေါက်ကွဲသံ တခုကိုကြားရပြီးနောက် တပ်မတော်သားများက ထိုနေရာမှနေပြီး ပတ်ဝန်းကျင်များသို့ လှမ်း၍ ပစ်ခတ်မှုများ ရှိကြောင်းလည်း မြို့ခံများနှင့် ကျည်ဆန်ထိမှန်သည့် မိသားစုဝင်များက ပြောသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မြို့လုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စစ်ကြောင်းကို ယနေ့ မနက်ပိုင်းက အေအေ အဖွဲ့က မြို့ထဲသို့ ဝင်ရောက်ကာ ပစ်ခတ်ခဲ့ခြင်း ကြောင်း ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦး က “မြို့လုံခြုံရေး လုပ်နေတဲ့ တပ်ဖွဲ့ဝင်တွေကို အေအေ အဖွဲ့က မြို့ထဲဝင်ပြီး ပစ်ခတ်တာ။ အဲလို လာပစ်နေလို့ကတော့ အဲဒီမြို့ ပျက်မှာပဲ။ အေအေ ကြောင့်ပျက်မှာနော်။ တပ်ကြောင့်တော့ မဟုတ်ဘူး။ တပ်ကတော့ မြို့လုံခြုံရေး လုပ်ပေးထားတာ။ အဲဒီလို လာပစ်နေလို့ကတော့ ဘာဖြစ်မလဲဆိုတာ စဉ်းစား ကြည့်ပေါ့ဗျာ။ နိုင်ငံတကာ ဖြစ်စဉ်တွေကိုခင်များတို့လည်း သိနေတာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုပစ်ခတ်မှုအတွင်း အရပ်သားထိခိုက်မှု အခြေနေအနေကိုမူ မသိရှိကြောင်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဆိုသည်။
အဆိုပါ ကျောက်တော်မြို့ဝင် မဟာ ကံကြီးသျှင်ဘုရားသိမ်တော်တွင် ယမန်နေ့က တပ်မတော် စစ်ကြောင်းတခု ဝင်ရောက်နေထိုင်ပြီး မြို့ဝင် ဘုရားကြီးရှေ့ လမ်းမပေါ်တွင် လမ်းသွား၊ လမ်းလာများကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။
AA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကတော့ ကံကြီးသျှင် ဘုရားကြီး၏ သာသာနာ့ အဆောက်အဦး အတွင်း ဝင်ရောက်နေထိုင်ပြီး မြို့ခံ ပြည်သူလူထုကို အကာ အကွယ်ယူကာ ဒေသခံ ပြည်သူများကို ဒုက္ခ ပေးနေသည့် အတွက် အဆိုပါ တပ်မတော် စစ်ကြောင်းအား ဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောသည်။
ဦးခိုင်သုခက “ဒီနေ့ မနက်ပိုင်းမှာ ကျောက်တော်မြို့ ကစ္ဆပနဒီ တံတား အလွန် မဟာကံကြီးသျှင် ဘုရားသိမ်တော်ထဲမှာ စခန်းချနေထိုင်တဲ့ တပ်မတော် စစ်ကြောင်းကို ကျနော်တို့ဘက်က ဝင်ရောက် ပစ်ခတ်ခဲ့တာ ရှိတယ်။ ပစ်ခတ်မှုက ၃ မိနှစ်လောက်ပဲ ကြာတယ်။ ဘာကြောင့် ပစ်ခတ်လဲဆိုတာကတော့ အဲဒီ ဘုရားရှေ့လမ်းမ ပေါ်ကနေပြီးတော့ ဒေသခံ ပြည်သူတွေကို မတရား စစ်ဆေးတာ၊ ခြိမ်းခြောက်တာ၊ အနှောင့်အယှက် ပေးနေတာတွေ ရှိတယ်။ အဲဒါကြောင့်မို့ ကျနော်တို့က ဆုံးမတဲ့ အနေနဲ့ သတိပေး ပစ်ခတ်ခဲ့တာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ပစ်ခတ်ခဲ့ရာတွင် ထိထိမိမိ ပစ်ခတ်နိုင်ခဲ့သည့်အတွက် တပ်မတော် စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၂၀ ဦးခန့် ထိခိုက်ကျဆုံးမှု ရှိနိုင်ကြောင်းလည်း ဦးခိုင်သုခက ပြောသည်။ ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ အဆိုပါ ပစ်ခတ်မှုတွင် တပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာ မရှိကြောင်း ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ ကျည်ဆန်ထိမှန်သူ ၄ ဦးထဲတွင် ဒဏ်ရာ ပြင်းထန်သူ ၂ ဦးဖြစ်သည့် လက်မောင်းဒဏ်ရာ ရရှိခဲ့သူ ဦးအောင်ဝင်းနှင့် မျက်လုံး ဒဏ်ရာ ရရှိခဲ့သူ ဦးကျော်စိန်ဝင်းတို့ကို ကျောက်တော် ဆေးရုံမှတဆင့် စစ်တွေ ဆေးရုံသို့ ပို့ဆောင် ကုသမှုများ ခံယူနေရသည်။
ဒီဇင်ဘာလ ၆ ရက်နေ့ကလည်း အဆိုပါ ကျောက်တော်မြို့ပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ သည့်အတွက် တတိယတန်း ကျောင်သားလေး ၁ ဦး သေဆုံးကာ မွတ်ဆလင် အမျိုး သမီး ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
You may also like these stories:
ဖမ်းဆီးထားသူများနှင့် သုံ့ပန်းများ၏ အသက်ကို အာမခံမပေးနိုင်ဟု AA ပြော
Mytel ကုမ္ပဏီ ညွန်မှူး ၁ ဦး နှင့် ဝန်ထမ်း ၁ ဦးကို AA ဖမ်းဆီးဟု တပ်မတော် ထုတ်ပြန်
ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၁)