ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ အစိုးရတာဝန်ဖြင့် သွားသည့် ဝန်ထမ်း ၁၆ ဦးကို ယနေ့ မွန်းလွဲပိုင်းက ရက္ခိုင့် တပ်မတော် (AA) က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော် မင်းထွန်းက ပြောသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ ထွက်ခွာလာသည့် အောင်တံခွန် အမြန်ရေယာဉ်ကို စဖိုကျွန်းနှင့် အုတ် ဖို ကျေးရွာကြားအရောက်တွင် AA အဖွဲ့ မှ လူ ၇၀ ခန့်က စက်လှေ ၇ စီးဖြင့် ရောက်လာပြီး တားဆီး၍ နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ရေယာဉ်ပေါ်မှာ ပါလာတဲ့ မောင်တောဒေသ ပြန်လည်လက်ခံ နေရာချထားရေး လုပ်ငန်းစဉ်မှာ အသုံးပြုဖို့ တရုတ် ပြည်သူ့ သမ္မတနိုင်ငံက လှူဒါန်းထားတဲ့ ကီလိုထရပ်မော်တော်ယာဉ် အစီး ၂၀ မောင်းနှင်ဖို့ ကုန်းလမ်းပို့ဆောင်ရေး ဦးစီးဌာန က ဒုတိယ ကြီးကြပ်ရေးမှူး တဦး ဦးစီးတဲ့ ဝန်ထမ်း ၁၆ ဦးကို ဖမ်းဆီးခေါ်ဆောင် သွားတဲ့အထိ ဖြစ်ခဲ့ပါတယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “လက်တွေ့ မြေပြင် တိုက်ပွဲတွေမှာ သူတို့ဘက်က အကျအဆုံး များပြားမှုတွေ ရှိတဲ့အတွက် အခုလို အဖျက်အမှောက် လုပ်ငန်းတွေကို ဦးတည်ဆောင်ရွက်လာတဲ့ သဘော ဖြစ်ပါတယ်။ တိုက်ပွဲနဲ့ မသက်ဆိုင်သူတွေကို ဖမ်းဆီးတာတွေက ပိုများလာတယ်။ အကြမ်းဖက်လုပ်ငန်းတွေ ပိုလုပ်လာတာ တွေ့ ရပါတယ်” ဟု ပြောသည်။
ယခု ဖြစ်စဉ်နှင့် ပတ်သက်၍ AA အဖွဲ့ ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဧရာဝတီ က ဆက်သွယ်ခဲ့သော်လည်း မရခဲ့ပါ။
ယခုလို AA က အရပ်သား ဝန်ထမ်းများကို ဖမ်းဆီးနေခြင်းမှာ ရခိုင်ပြည်နယ်သို့ အရပ်ဖက် ဝန်ထမ်းများ လာမရအောင် ပြုလုပ်ပြီး ၎င်းတို့ တည်ထောင်လိုသည့် ပြည်သူ့ အာဏာပိုင် အဖွဲ့ကို တည်ထောင်ရန် ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း တပ်မတော်ဘက်က ပြောသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ ဖြစ်ပေါ်နေသည် အခြေနေများသည် တရားဥပဒေ စိုးမိုးရေး၊ လုံခြုံရေးနှင့် နိုင်ငံ၏ အချုပ် အခြာအာဏ ပိုင်ဆိုင်မှုကိုပါ ခြိမ်းခြောက်လာသည့် အနေအထားဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ တိုင်းရင်းသား အရေး စောင့်ကြည့်လေ့လာသူ ဦးသိန်းစိုးနိုင် က ပြောသည်။
ဦးသန်းစိုးနိုင်က “ဒီလိုလုပ်ရပ်တွေကတော့ လက်နက်ကိုင်အဖွဲ့ နဲ့ မဆိုင်တာကို ထိခိုက်နစ်နာအောင် လုပ်နေတာက တဖြည်းဖြည်းနဲ့ လူမျိုးရေး ပြဿနာတွေအထိ ဖြစ်လာအောင် လုပ်နေတဲ့ အလားအလာတွေ ဖြစ်လာတယ်။ ဒီအနေအထားကို ဝိုင်းဝန်းဆန့်ကျင် ရှူတ်ချကန့်ကွက်မှ ရမယ်” ဟု ပြောသည်။
၎င်းက ဆက်၍ “မဆိုင်တဲ့ ဝန်ထမ်းတွေ၊ အရပ်သားတွေ ထိခိုက်လာတယ်။ အခု ဘူးသီးတောင် ဥက္ကဋ္ဌ က သေဆုံး သွားတဲ့ အဆင့်ထိ ရောက်သွားတယ်။ ပလက်ဝအမတ်ကလည်း သေလား၊ ရှင်လား မသိရဘူး။ သာမန် ပြည်သူ လူထုရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အတော်လေး ထိခိုက်နစ်နာမှုတွေ ရှိနေတယ်” ဟု ပြောသည်။
တပ်မတော်က ယင်းအဖမ်းခံရသည့် နေရာနှင့် ဆက်စပ်နေရာများကို နယ်မြေစိုးမိုးရေးနှင့် သတင်း ရရှိရေး ဆက် လက် ဆောင်ရွက်နေကြောင်း ပြောဆိုသော်လည်း ယနေ့ညပိုင်းအထိ ထူးခြားမှု မရှိသေးပါ။
AA လက်ထဲတွင် အဖမ်းခံနေရသည့် ဘူးသီးတောင် NLD ဥက္ကဋ္ဌ ဦးရဲသိန်းမှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့က တပ်မတော်မှ ပစ်လိုက်သော လက်နက်ကြီးကျည် ထိမှန်၍ သေဆုံးသွားကြောင်း AA က ထုတ်ပြန် ချက်မှာလည်း အငြင်းပွားစရာ ဖြစ်နေခဲ့သည်။
ထို့ပြင် အခြားဖမ်းဆီးခံရသူ တဦး ဖြစ်သည့် NLD ပါတီမှ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အသက်ရှင်လျက် ရှိ၊ မရှိကို အတည်ပြုပေးခြင်း မလုပ်သလို မည်သည့်နေရာတွင် ထိန်းသိမ်းထားကြောင်း မသိရချေ။
NLD ပါတီနှင့် နေပြည်တော်ရှိ လွှတ်တော်တို့က လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီး ထိမ်းသိမ်းခဲ့သည့် AA အဖွဲ့ ၏ လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ဦးဝှေ့တင်းအား အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆိုလျက် ရှိသော်လည်း AA ကမူ အဖမ်းခံရသူများ၏ အသက်ကို အာမမခံနိုင်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။
လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်း တိုက်ပွဲများမှာ အချိန် ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံရမှုများမှာလည်း တနေ့ထက် တနေ့ များပြားလျက်ရှိသလို စစ်ရှောင် ဒုက္ခသည်များ နှင့်အတူ စစ်ပွဲဧရိယာမှာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာလျက် ရှိနေသည်။
You may also like these stories:
ရခိုင်တွင် လုံခြုံရေးအရ နယ်မြေ ပြန်စိုးမိုးနိုင်ပြီဟု တပ်မတော် ပြော
ရခိုင် စစ်ဘေးရှောင်များ အတွက် တပ်မတော် ကျပ် သိန်း ၅၀၀၀ လှူ
ရခိုင်တိုက်ပွဲများ ရဟတ်ယာဉ်သုံး တိုက်ရသည်အထိ ပိုပြင်းထန်လာ