ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်အတွင်း အောင်တံခွန် (၇) ခရီးသည်တင် သင်္ဘောပေါ်မှ ဖမ်းဆီးထားသည့် ကုန်းလမ်းပို့ဆောင်ရေး ဌာနမှ ဝန်ထမ်း ၁၆ ဦးကို ဇန်နဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း ရက္ခိုင်စစ်တပ် (AA) သတင်းနှင့် ပြန်ကြား ရေးဌာနက ထုတ်ပြန်သည်။
ကုန်လမ်းပို့ဆောင်ရေးဝန်ကြီးဌာနမှ ဝန်ထမ်း ၁၆ ဦးမှာ စစ်ဘက်နှင့် သက်ဆိုင်သူများ မဟုတ်ကြောင်း စစ်ဆေးချက်အရ သိရသည့်အတွက် ဘူးသီးတောင်မြို့ နယ် “သေကံ ကျေးရွာ” စာသင်ကျောင်း၌ ယနေ့ နံနက် ၇ နာရီ ၄၇ မိနှစ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများ ထံတွင် ကောင်းမွန်စွာ ပြန်လည် လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း AA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင် က “ဝန်ထမ်းတွေ ပြန်လွတ်လာတယ်ဆိုတာ ဟုတ်တယ်ဗျ။ လွတ်လာတဲ့ လူတွေ အားလုံး အဆင်ပြေ ချောမောပါတယ်။ အခု အဲဒီကျေးရွာက အုပ်ချုပ်ရေးမှူးကို ဘူးသီးတောင်ကို ပို့ဆောင်ပေးဖို့ ကျနော်တို့ ပြောဆိုထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရသေ့တောင်မြို့နယ်အတွင်း စဖိုကျွန်းအနီး၌ သွားလာနေသော ခရီးသည်တင် အောင်တံခွန် (၇) ရေယာဉ်ပေါ်တွင် လိုက်ပါလာသော သူများထဲမှ မသင်္ကာဖွယ်ရှိသူ (၁၆) ဦးကို ဒီဇင်ဘာလ ၃၁ ရက် မွန်းလွဲပိုင်းက ဖမ်းဆီးကာ ၎င်းမြို့နယ် ပြိန်းတောကျေးရွာအနီးတွင် ခေါ်ယူစစ်ဆေး ရန်အတွက်ခေတ္တ ခေါ်ယူထိန်း သိမ်းထားခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုသို့ ခေါ်ယူစစ်ဆေးသည့်အချိန်တွင် ကောင်းမွန်စွာစစ်ဆေးသကဲ့သို့ ပြန်လွှတ်ပေးသည့် အချိန်တွင် လည်း ကောင်းမွန်စွာ ပြန်လည်လွှတ်ပေးခဲ့ကြောင်း AA အဖွဲ့က ဆိုသည်။
AA အဖွဲ့က ဖမ်းဆီးခဲ့သည့် ကုန်းလမ်းပို့ဆောင်ရေး ဌာနမှ ဝန်ထမ်း ၁၆ ဦးမှာ ကားဒရိုင်ဘာများ ဖြစ်ပြီး မောင်တောဒေသ ပြန်လည် ထူထောင်းရေး လုပ်ငန်းတွင် လုပ်ကိုင်နေသူ များဖြစ်ကြောင်းလည်း တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ဧရာဝတီသို့ ပြောဆိုထားသည်။
ရခိုင်ပြည်နယ်သည် တိုက်ပွဲဖြစ်ပွားလျှက်ရှိသောဒေသဖြစ်သလို ညမထွက်ရအမိန့် ထုတ်ပြန်ထားသောဒေသများ ဖြစ်သည့်အတွက် ဒေသအတွင်း အစုလိုက် ခရီးသွားလာမည်ဆိုပါက ၎င်းတို့ထံတွင် သတင်းပေးပို့၍သွားလာကြရန် AA အဖွဲ့ က ထပ်မံ သတိပေး ထားသည်။
ဒီဇင်ဘာလ ၂၃ ရက်နေ့ကလည်း ဆက်သွယ်ရေး လုပ်ငန်း ကုမ္ပဏီတခုဖြစ်သည့် Mytel ကုမ္ပဏီမှ ညွန်ကြားရေးမှူး အဆင့် ရှိသူ ၁ ဦးနှင့် ကားဒရိုင်ဘာ ၁ ဦးတို့ကို ကျောက်တော်မြို့နယ် တောင်ပေါက်ကျေးရွာအနီး၌ AA အဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ သတင်း ထုတ်ပြန်သည်။
AA အဖွဲ့သည် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း NLD ပါတီမှ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းကို ဖမ်းဆီး ထိန်းသိမ်းခဲ့ရာ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အဆိုပါ ဖမ်းဆီးခံ ဦးရဲသိန်းမှာ တပ်မတော်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ထိမှန်သည့်အတွက် သေဆုံးခဲ့ကြောင်း AA က အကြောင်းပြချက်ပေး ထုတ်ပြန်ခဲ့သည်။
ဘူးသီးတောင်မြို့နယ်တွင် NLD ပါတီဝင်များ ဦးဆောင်ကာ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ ) တွင် သွားရောက် ဖြေရှင်းနေသော ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြိုဆိုပွဲ လုပ်မည့်ဆဲဆဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးရဲသိန်း ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
တပ်မတော်ကတော့ ထိုနေ့က ဘူသီးတောင်မြို့နယ်အတွင်း တိုက်ပွဲမရှိသည့်အတွက် AA ထုတ်ပြန် ချက်အပေါ် လက်မခံ နိုင်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
AA ၏ ထုတ်ပြန်ချက်ထဲတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက် ၉ နာရီကတည်းက ဘူးသီးတောင် အခြေစိုက် စကခ ( ၁၅ ) ဌာနချုပ်မှာ AA ထိန်းချုပ်ထားသော တောင်ကုန်းများသို့ လှမ်း၍ ပစ် ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် သေဆုံးသူ တချို့နှင့် ဒဏ်ရာ ရရှိသူတချို့ရှိခဲ့ရာ သေဆုံးသည့်အထဲတွင် NLD ပါတီ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်း ပါသွားခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ထိုသို့ NLD ပါတီ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်း သေဆုံးမှုနှင့် ပတ်သက်ပြီးအပြစ်မဲ့ ပြည်သူများအား လက်နက်အား ကိုးဖြင့် အကြမ်းဖက်သည့် လုပ်ရပ်မှန်သမျှကို ပြင်ထန်စွာရှုံချကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ယနေ့ ရက်စွဲဖြင့်ကြေညာချက် ထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၄ ရက်နေ့ကလည်း ဘူးသီးတောင်မြို့နယ် တောင်ပဇာ နယ်မြေစခန်းတွင် တာဝန်ကျနေသော လဝက အရာရှိ ၃ ဦးကို စစ်ဆေးစရာ ရှိသည်ဟုဆိုကာ AA အဖွဲ့က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
ဖမ်းဆီးခံရသည့် လဝက အရာရှိ ၃ ဦးမှာ ဘူးသီးတောင်မြို့နယ် တောင်ပဇာ နယ်မြေမှူး အဖြစ်တာဝန်ထမ်း ဆောင်နေသော လက်ထောက် လဝက ညွန်ကြားရေးမှူး ဦးတင်မျိုးအောင် ၊ လက်ထောက် လဝကမှူး မျိုးဆွေဦး နှင့် လက်ထောက် လဝကမှူး အောင်ဖြိုးကျော် ဖြစ်ပြီး ဘူးသီး တောင်မြို့မှနေ တာဝန်ကျရာ တောင်ပဇာ နယ်မြေစခန်းသို့ သွားရောက်ရန် ခရီးသည် စက်လှေဖြင့် လိုက်ပါခဲ့ရာတွင် ကျောက်ရစ်ရွာအနီး အရောက်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
AA သည် ၂၀၂၀ တွင် ပြည်သူ့အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းကာ ရခိုင်ပြည်နယ်အတွင်းက စီးပွားရေး လုပ်ငန်းများအား အခွန်ကောက်ခံမည် ဖြစ်သလို ကုန်းလမ်း၊ ရေလမ်းမှ သွားလာကြသည့် မော်တော်ယာဉ် ၊ စက်လှေများ အနေဖြင့်လည်း သတင်းပို့ပြီးမှ သွားကြရန် ထုတ်ဖော်ပြောကြားထားသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲအတွင်း အရပ်သား ထိခိုက်၊ သေ ဆုံးမှုများနှင့်အတူ ဖမ်းဆီးခံရမှုများမှာလည်း စာရင်းမပြုစုနိုင်လောက်အောင် များပြားလာနေသလို တဘက်တွင်လည်း အရပ်သားတချို့နှင့် ဌာနဝန်ထမ်းတချို့မှာ မသင်္ကာမှုဖြင့် နှစ်ဘက် တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း သတ်ဖြတ်ခြင်းကို ခံနေရသည်။