ပြည်မြို့ ရွာဘဲရပ်ကွက် ခေတ္တရာပန်းခြံ အနီး နေထိုင်သည့် အသက် ၁၁ နှစ်အရွယ် မိန်းကလေးအား အသက် ၄၂ အရွယ် အမျိုးသားတဦးက ရိုက်နှက်ထိုးကြိတ်ကာ အဓမ္မပြုကျင့် ခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၁၁ နာရီခွဲခန့်က ယင်းအိမ်အနီးတွင်နေထိုင်သူ အသက် ၄၁ နှစ်အရွယ် တံမြက်စီး (ခ) ထွန်းဇော်ဦး ဆိုသူမှ အုပ်ထိန်းသူမိဘများ အပြင်သွားစဉ် မုန့်ကျွေးမည်ဟု လိမ်လည်ခေါ်ယူကာ ရထားလမ်း အရှေ့ဘက်ရှိ ငှက်ပျောတောအတွင်း ရိုက်နှက်ကာ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်ဝင်း က ပြောသည်။
ရဲမှူးသန်းဇော်ဝင်း က “ကျနော်တို့ နယူးရီးယားည က ၁၁ နာရီခွဲလောက်ကဖြစ်တာပါ။ ရထားလမ်းဘေး ကျူးမှာပဲ နေတဲ့အဖွဲ့တွေပါပဲ မနက် ၇ နာရီလောက်ကျမှသိတယ်။ ကျနော်တို့ ရဲစခန်းက ၁၀ နာရီ ၁၁ နာရီလောက်မှသတင်းပို့တယ်” ဟု ဧရာဝတီသို့ ပြောသည်
၎င်းကဆက်၍ “ကလေးမလေးက စကားကို ရေရေလည်လည်ကြီး မပြောတတ်ဘူး။ စကားကို တလုံးမေးမှ တလုံးပြောတဲ့ အနေအထား အသေးစိပ် စိတ်ရှည်လက်ရှည်နဲ့ နှစ်သိမ့်ဆွေးနွေးမှုကို ကလေးမလေးနဲ့ နယ်ထိန်းနဲ့လုပ်ပြီးတော့ ကျနော်တို့ မှုခင်းနဲ့စွဲချက်တင်ပြီးတော့ စစ်ဆေးမေးမြန်းဖမ်းဆီးပြီး လုပ်သင့်တာကို လုပ်ထားပါတယ်” ဟု ပြောသည်။
အဓမ္မပြုကျင့်ခံရသူ မိန်းကလေးအပါအဝင် မောင်နှမလေးယောက်နှင့် မိခင်ဖြစ်သူမှာ ဖခင်ဖြစ်သူမရှိသဖြင့် အိမ်နီးနားချင်း နေအိမ်တအိမ်တွင်သွားရောက်ညအိပ်လေ့ရှိပြီး အခင်းဖြစ်သည့်ညပိုင်းတွင် အဆိုပါအိမ်အတွင်း လူကြီးများအပြင်သွားစဉ် တံမြက်စီး (ခ) ထွန်းဇော်ဦးဆိုသူမှ မုန့်ကျွေးမည်ဟုပြောဆိုကာ အိပ်ယာအတွင်းမှ ပွေ့ချီး၍ ငှက်ပျောတော်အတွင်း ခေါ်ဆောင်သွားခဲ့ပြီး ရိုက်နှက်နှိပ်စက်၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။
နံနက်မိုးလင်းမှ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများအားတွေ့ရှိ၍ မေးမြန်းကာ မိခင်ဖြစ်သူမှ ပြည်မြို့ အမှတ် ၂ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အိမ်နီးချင်း အမျိုးသားတဦး က “ကျူးလွန်တဲ့လူက ဒီဘက် တအိမ်ကျော်ကလူ အဲဒီမိသားစုကို အမြဲတမ်း နှိပ်စက် အနိုင်ကျင့် နေတဲ့လူ။ အမျိုးမတော်ဘူး။ ကလေးမလေးမိဘတွေက ဗူးခွံကောက်တယ်။ မအေနဲ့နေတာ သူ့အဖေက ထောင်ထဲမှာ။ ဘယ်သူကျင့်တာလဲမေးရင်တော့ မဖြေဘူး။ ခေါင်းငြိမ့်ပြတယ်။ ရိုက်နှက်ထားတော့ မျက်လုံးကြီးတဘက်ပိတ်နေပြီ” ဟု ပြောသည်။
ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းဇော်ဝင်း က “ဖမ်းဆီးထားတဲ့သူကိုတော့ ကျနော်တို့ အမှုကတော့ ခိုင်းမာအောင် ဆက်လက် တည်ဆောက်နေတယ်။ ပုဒ်မကတော့ ၃၆၃၊ ၃၇၆ အပြင် သူက လက်နဲ့လည်း ရိုက်လိုက်သေးတဲ့အတွက် ပုဒ်မ ၃၂၃ ပါထပ်တပ်ပေးထားတယ်” ဟု ပြောသည်။
နှိပ်စက် အဓမ္မပြုကျင့်ခြင်း ခံခဲ့ရသည့် ကလေးငယ်မှာ လက်ရှိတွင် ပြည်မြို့ ကုတင် (၅၀၀) အထွေထွေ ရောဂါကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေလျှက်ရှိသည်။
You may also like these stories:
မြောက်ဦး ပစ်ခတ်မှု ရွာသား ၅ ဦးထိခိုက်ဒဏ်ရာရ
ကျောက်တော် မြို့အဝင်က AA နှင့် တပ်မတော် တိုက်ပွဲ အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာရ