အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့် ဇန်နဝါရီ ၁ ရက်မှ ၆ ရက်နေ့အတွင်း တိုင်းနှင့်ပြည်နယ် အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီး ဌာနက သတိပေးထုတ်ပြန်ထားသည်။
အဆိုပါ သတိပေးချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့ တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေး၊ မကွေးတိုင်းဒေသ ကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ကြောင်း ဖော်ပြထားသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက “၆ ရက်နေ့လောက်ထိ မိုးရွာမယ့် အနေအထားရှိတယ်။ ဘယ်နေ့ဘယ်အချိန်မှာ မိုးတိမ်တောင် ဖြစ်မဖြစ်ဆိုတာမျိုး အတိအကျ ပြောဖို့ နည်းနည်း ခက်တယ်။ အခုလို ရာသီမှာ မိုးတိမ်တောင်ဖြစ်ထွန်းမှု နည်းတယ်ဆိုပေမယ့် အခုနောက် ပိုင်း ရာသီဥတု ပြောင်းလဲမှုကြောင့် မိုးတိမ်တောင် အားကောင်းတဲ့နေရာတွေမှာ မိုးသီးကြွေတာ မိုးထစ်ချုန်း ရွာတာတို့ လို ဖြစ်စဉ်တွေကိုတော့ သတိပြုစေချင်တယ်” ဟု ဧရာဝတီကို ပြောသည်။
ထိုဖြစ်စဉ်တို့သည် ပုံမှန်အားဖြင့် မတ်၊ ဧပြီ၊ မေလများ၌သာ အဖြစ်များပြီး ယခုလို ဆောင်းရာသီတွင် ဖြစ်ခဲသည့် အနေ အထားဖြစ်သော်လည်း ရာသီဥတုပြောင်းလဲမှုနှင့် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းတို့ကြောင့် မိုးတိမ်တောင်ဖြစ်ထွန်း မှု အားကောင်းလာကာ မိုးသီးကြွေခြင်းနှင့် ထစ်ချုန်းမိုးရွာတို့ ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် ယမန်နေ့ ည ၉ နာရီ၌ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကျော်မိုးဦး က ည ၉ နာရီ ၁၄ မိနစ်ခန့်တွင် စတင် မိုးရွာသွန်းခဲ့ပြီးနောက် ၉ နာရီ ၁၆ မိနစ်ခန့်၌ မုန့်လုံးရေပေါ် အရွယ်အစားခန့် မိုးသီးများ ၁၀ မိနစ်ကျော် ကျခဲ့ကြောင်း၊ လေတိုက်နှုန်းမှာ တနာရီ ၁၀ မိုင် နှုန်းရှိပြီး မိုးရွာသွန်းသည့် တနာရီအချိန်အတွင်း မိုးရေချိန် ၅၃ မီလီမီတာ တိုင်းတာရရှိခဲ့သည်ဟု ပြောပြသည်။
သီပေါမြို့နယ် နယ်စည်းမခြား ပရဟိတအဖွဲ့မှ ကိုမျိုးက “အဓိက ဆိုးဆိုးရွားရွား ဖြစ်သွားတာက ကုန်းသာကျေးရွာပါ။ သစ်ပင် နှစ်ကြာပင် ညောင်ပင် အဲဒါက ပြည်ထောင်စု လမ်းမကြီးပေါ် နှစ်ပင်လုံး လဲသွားတာပေါ့။ ယာဉ်အသွားအလာ နည်းနည်းပိတ်သွားတယ်။ အိမ်ခေါင်မိုးတွေ ဆေးပေး ခန်းက သွပ်တွေ လန်ကုန်တယ်။ သစ်ပင်တွေ ကျိုးတယ်။ အိမ်တွေပိတယ်။ ဒါပေမယ့် လူ ထိခိုက်မှု ကြီးကြီးမားမား ထိခိုက်မှု မရှိဘူး” ဟု ဧရာဝတီကို ပြောသည်။
ယခင်က မိုးသီးမိုးပေါက် ကျခြင်းမျိုး ရှိသော်လည်း ယခုလို အရေအတွက် များများစားစား ကျခြင်းမျိုး မဖြစ်ဖူးကြောင်း “တော်တော်ကြီးကို ကျတာ။ ၁၅ မိနစ်အတွင်းမှာမှ အိမ်တွေထဲရော ခြံဝင်းတွေထဲရော အပြည့်ပဲ” ဟု ၎င်းက ဆိုသည်။
တာဝန်ရှိသူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ထိထိရောက်ရောက် ဆောင် ရွက်ပေးစေချင်သည်ဟုလည်း ကိုမျိုးက ပြောသည်။
ကျောက်မဲခရိုင် သီပေါမြို့နယ်အတွင်း ဇန်နဝါရီ ၁ ရက်နေ့က အချိန်အခါမဟုတ် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုနှင့် မိုးသီးကျမှုကြောင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၁ ကျောင်းအပါအဝင် နေအိမ် ၂၀၄ လုံး အမိုးလန် ပျက်စီးခဲ့ ပြီး အမိုးလန်သွပ်အရေအတွက် ၅၉၃၆ချပ်ရှိကြောင်း၊ စုစုပေါင်း ပျက်စီးမှုတန်ဖိုး ၁၃၃၇၂၀၀၀ ကျပ်ရှိကြောင်း ကျောက် မဲခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးရုံးမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၂၇ မှ ၂၉ ရက်အတွင်း၌လည်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်းဒေ သကြီးနှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာသွန်းခဲ့သည်။
You may also like these stories:
ဆိုင်ကလုန်း ဘာဘ်ဘယ် အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ် အချို့ မိုးကြီးမည်
အိန္ဒိယမှာ မိုးခေါင်လို့ လက်ထပ်ပေးခဲ့တဲ့ ဖား ၂ ကောင်အား ပြန်လည် ကွာရှင်းပေးမည်
သဖန်းဆိပ်ဆည် ရေလှောင်တမံ ရေဝင်နည်းပါးမှုကြောင့် တောင်သူများ စိုးရိမ်