ပဲခူးတိုင်းအနောက်ပိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် ကိုယ်ဝန်ဆောင်ကျေးအုပ်စု၊ ချောင်းနားရွာတွင် အိန္ဒိယဇာတ်ကားကြည့်နေရင်းမှ ညီအကိုနှစ်ဦးစကားများကာ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ပေါင်းတည်မြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
အသက် ၂၅ နှစ်အရွယ် ရာဇာထွန်းနှင့် ညီဖြစ်သူ အသက် ၂၀ အရွယ် ဇေယျာထွန်းတို့မှာ ယမန်နေ့ည ၁၁ နာရီက အိန္ဒိယ ဇာတ်ကား ကြည့်နေစဉ် ဇာတ်လမ်းနှင့် ပတ်သက်၍ စကားများကြပြီး အကိုဖြစ်သူ ရာဇာထွန်းမှ ညီဖြစ်သူ ဇေယျာထွန်းကို ဓားဖြင့်ထိုးသစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးလှကိုကို က “ကုလားကားထဲက ဇာတ်ကောင်တွေကို ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ သူတို့အမေရှေ့မှာ စကားများကြတာ။ ဇာတ်လမ်းတွဲထဲက မင်းသားက ဘာဖြစ်မယ် မင်းသမီးက ဘာဖြစ်မယ် ဆိုတာကို ငြင်းကြတာ ကုလားကားလို့ တော့ပြောတယ် ဘယ်ကားမှန်းတော့မသိဘူး။ သူတို့က နှီးဖျာရင်း ဇာတ်ကားကြည့်နေကြတာဆိုတော့ နှီးဖျာတဲ့ တံဇဉ်ရိုးတပ်တဲ့ ဓားပြားနဲ့ လှမ်းထိုးလိုက်တာ တချက်ထဲ သူတို့အမေရှေ့တင် ထိုးပစ်လိုက်တာ ညီအစ်အရင်းတွေ” ဟု ဧရာဝတီကိုပြောသည်။
ဓါးဖြင့်ထိုးသူ ရာဇာထွန်းမှာ ထွက်ပြေးတိမ်းရှောင်နေပြီး ပေါင်းတည်မြို့မရဲစခန်းတွင် ပုဒ်မ ၃၀၂ ဖြင့် အမူဖွင့်ထားကာ တရားခံအမြန်ဆုံး ဖမ်ဆီးရမိရေးကြိုးစားနေကြောင်း ပေါင်းတည်မြို့မရဲစခန်းမှ သိရသည်။
ရဲတပ်ဖွဲ့မှူး ရဲမှူးလှကိုကို က “ကျနော်တို့တောင် ဆေးရုံရောက်ပြီး သေတယ်ဆိုမှသိရတာ ရွာလူကြီးတွေတောင် မသိဘူး။ ညတွင်းချင်း လိုက်သွားတော့ ဒီကောင်က ဟိုဘက်ကမ်းထွက်ပြေးတာပေါ့ လိုက်တော့ လိုက်ဖမ်းနေပါတယ်။ သူထွက်ပြေးတဲ့ဘက်ကို သိတယ် အဲဒီ့ဘက်ကို လိုက်နေပါတယ်” ဟု ရှင်းပြသည်။
You may also like these stories:
စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ထံ မူးယစ်ဆေးကိစ္စ တင်ပြသည့် အမျိုးသမီး ခြိမ်းခြောက်ခံရ
ရသေ့တောင်တွင် နယ်ထိန်း တဦး သေနတ်ဖြင့် ပစ်သတ်ခံရ
၂၀၁၉ခုနှစ်အတွင်း ကြွေလွင့်ခဲ့ရတဲ့ အနုပညာရှင်များ