ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်ကာ တဖက်သတ်အပစ်ရပ်ထားမှုကို သက်တမ်းထပ်တိုးပေး ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ ဖိအားကြောင့် အပစ်ရပ်သက်တမ်း တိုးခြင်းမဟုတ်ကြောင်း ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ပြောသည်။
TNLA၊ ရက္ခိုင်စစ်တပ် (AA) နှင့် မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) တို့ ပူးပေါင်းဖွဲ့ စည်းထားသော ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီလ ၁ ရက်တွင် တဖက်သတ် အပစ်အခတ်ရပ်စဲမှုကို သက်တမ်းထပ်တိုးကြောင်း ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဗိုလ်မှူးမိုင်းအိုက်ကျော်က ပြောကြားခြင်း ဖြစ်သည်။
TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က “အဖွဲ့အစည်းတိုင်းက သူ့ရပ်တည်ချက်နဲ့ သူပဲ။ ကျနော်တို့ ဘက်မှာလည်း ကျနော်တို့ ရပ်တည်ချက်ရှိပါတယ်။ ကိုယ့်ရဲ့ ရပ်တည်ချက်ကတော့ အခြား တပါးသော သြဇာခံအဖွဲ့ အစည်းမဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
တပ်မတော်နှင့် ညီနောင်မဟာမိတ် သုံးဖွဲတို့သည် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၁၉ ခုနှစ်မှ စတင်ကာ တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ဒေသခံလူထု ထိခိုက်သေကြေနေရကြောင်း၊ လူထုထိခိုက် ဒဏ်ရာရမှု မဖြစ်စေရန်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှေ့ဆက်နိုင်ရန် တဖက်သတ်အပစ် ရပ်မှုကို သက်တမ်း တိုးခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ဗိုလ်မှူး မိုင်းအိုက်ကျော် က “လူထုဒုက္ခရောက်နေတဲ့အတွက် ရှေ့လျှောက်ငြိမ်းချမ်းရေးနည်းလမ်းကို ဘယ်လိုသွားကြမလဲ။ တကယ့် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှု တွေ့ဆုံမှုရလဒ်ကောင်းအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော်တို့ ထုတ်တာဖြစ်ပါတယ်” ဟု ပြောသည်။
ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောပိုင်းတွင် တိုက်ပွဲများဖြစ်ပွားနေရခြင်းမှာ တပ်မတော်၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဖြစ်သည်ဟု TNLA က အကြောင်းပြချက်ပေးသည်။
ညီနောင်မဟာမိတ် သုံးဖွဲ့၏ ထုတ်ပြန်ချက်တွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ (Bilateral Ceasefire Agreement) သဘောတူလက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးမှုများ ဆောင်ရွက်နိုင်ရန်နှင့် ၂၀၂၀ ရွေးကောက်ပွဲ အတွက် ငြိမ်းချမ်းသော ဝန်းကျင်တည်ဆောက်နိုင်ရန် ရည်ရွယ်ကာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက်အထိ နှစ်လ အပစ်ရပ်သက်တမ်း တိုးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာ့တပ်မတော်အနေနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အပေါ် ထိုးစစ်ဆင်နေမှုကို ရပ်တန့်ကာ အပစ်အခတ် ရပ်စဲရေးစာချုပ်တွင် အမြန်ဆုံးလက်မှတ်ထိုးရန် တိုက်တွန်းကြောင်း၊ တဖက်သတ် အပစ်ရပ်ကာလအတွင်း တပ်မတော်ဘက်က ထိုးစစ်ဆင်လာပါက ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ ညီနောင် မဟာမိတ်သုံးဖွဲ့အနေနှင့် ၎င်းတို့၏ ထုတ်ပြန်ချက်အတိုင်း လက်တွေ့လိုက်နာဆောင်ရွက်ကြရန်လို အပ်ကြောင်းပြောဆိုသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ရခိုင်မှာလည်း ထုတ်တဲ့နေ့မှာပဲ တပ်ရင်းဌာနချုပ်တစ်ခုကို ဝင်ရောက်ပြီးတော့ အဝေးကနေ လက်နက်ကြီးနဲ့ ပစ်တာတွေရှိတယ်။ အဲ့တော့ ထုတ်ပြန်ချက်နဲ့ လက်တွေ့ လုပ်ဆောင်ချက်နဲ့ ညီရင်တော့ ငြိမ်းချမ်းရေးအတွက် ပိုပြီးတော့ အပေါင်းလက္ခဏာဆောင်လာမှာပေါ့” ဟု ဆိုသည်။
လာမည့် ၂၀၂၀ ခုနှစ်အတွင် တပ်မတော်နှင့် ညီနောင်မဟာမိတ်သုံးဖွဲ့တို့အကြား နှစ်ဖက်အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ် လက်မှတ်ရေးထိုးနိုင်မည့် အစီအစဉ်ရှိမရှိကို ဧရာဝတီ က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား မေးမြန်းခဲ့သော်လည်း ၎င်းက ရေရာသည့် အဖြေမပေးပေ။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ကလည်း ၂၀၂၀ မှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ရည်မှန်းချက် မျှော်မှန်းချက်တွေကို ပြောပြီး ဖြစ်တယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့က ငြိမ်းချမ်းရေး ဆွေးနွေးမှုကို စဉ်ဆက်မပြတ်ဆောင်ရွက်သွားမှာ ဖြစ်တယ်။ အပြောနဲ့ အလုပ်နဲ့ ညီဖို့ လိုတယ်လို့ ပဲ ပြောချင်ပါတယ်” ဟု ဆိုသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားမှုများရှိနေသော်လည်း တပ်မတော်ဘက်က တိုင်းရင်းသား လက်နက်ကိုင်များကို မြေပြင်တွင် ထိုးစစ်ဆင် တိုက်ခိုက်သည်များမရှိကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။
တိုင်းရင်းသားနိုင်ငံရေးပါတီအချို့ကမူ ညီနောင်မဟာမိတ်သုံးဖွဲ့၏ အပစ်ရပ်သက်တမ်းတိုး ခြင်းသည် ကောင်းမွန်သည့် လုပ်ရပ်ဟုဆိုကာ ကြိုဆိုကြောင်း ပြောဆိုကြသည်။
ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ်ပါတီ (SNDP) တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းအောင်မြင့်ခိုင် က “နှစ်ဖက်စလုံး ပစ်နေသမျှ ကာလပတ်လုံး ငြိမ်းချမ်းရေး ဆိုတာ ဖြစ်ဖို့ ခက်ခဲတယ်။ ဘယ်သူလုပ်လုပ် မလုပ်လုပ် ငါလုပ်တယ်ကွာ။ ငါတဖက်သတ်ရပ်တယ် ဆိုတော့ တဖက်ကလည်း ပစ်ချင်ပစ်နေကြမှာပေါ့။ အောင်မြင်တာ မအောင်မြင်တာ ကတော့ စောင့်ကြည့်ရမှာပေါ့။ ကောင်းတဲ့လုပ်ရပ်လို့တော့ မြင်ပါတယ်” ဟု ပြောကြားသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ပြင်းထန်သည့် တိုက်ပွဲများဖြစ်ပွားခြင်းမရှိသော်လည်း ကြိုကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှုအချို့ရှိနေကြောင်း ၎င်းက ဆိုသည်။
လာမည့် ၂၀၂၀ ခုနှစ်တွင် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား နှစ်ဖက် အပစ် အခတ်ရပ်စဲကာ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန်လည်း မျှော်လင့်ကြောင်း ဦးစိုင်းအောင်မြင့်ခိုင်က ပြောဆိုသည်။
“မျှော်လင့်ချက်ကတော့ ထားတာပေါ့။ တိုင်းရင်းသားနယ်မြေတွေရဲ့ အခွင့်အရေးက စကတည်းကမှ နဲနဲပဲရှိတာ။ ကျနော်တို့ လွှတ်တော်နေရာလေးက တစ်ရာစွန်းစွန်းပဲရှိတာ။ အဲ့ဒီထဲကမှ ကျနော်တို့ရဲ့ ခွဲတမ်းနစ်နာ သွားမှာလည်း ကျနော်တို့ စိုးရိမ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ညီနောင်မဟာမိတ်သုံးဖွဲ့သည် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ လက်တွေ့ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၉ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ တဖက်သတ်အပစ်ရပ်စဲခဲ့သည်။
ထို့နောက် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်တွင် အပစ်ရပ်သက်တမ်းတိုးမှုကို ထပ်မံဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်သည်။
You may also like these stories:
TNLA ထံမှ ဖမ်းမိသည့် လက်နက်များတွင် တရုတ်နိုင်ငံလုပ် လေယာဉ်ပစ်ဒုံးများ ပါဝင်ဟုဆို
တရုတ်-မြန်မာဆက်ဆံရေးသည် ပေါက်ဖော်မျှသာ မဟုတ် – အပိုင်း ၁
ARSA အကြမ်းဖက်မှု စုံစမ်းရေး ဥပဒေအကြံပေးအဖွဲ့ တပ်မတော်ဖွဲ့စည်း