ကျားဖောင် လုပ်ငန်းများနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများ၏ လုပ်ငန်း၊ အမိန့်နှင့် ညွှန်ကြားချက် များ ရှင်းလင်းတိကျမှု မရှိသဖြင့် လိုအပ်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို အမြန်ဆုံး ပြဋ္ဌာန်းပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MHRC) က နိုင်ငံတော် သမ္မတထံသို့ အကြံပြုခဲ့သည်။
ဧရာဝတီတိုင်း ဖျာပုံမြို့နယ်ရှိ ကျားဖောင် လုပ်ငန်းခွင်များသို့ လူ့အခွင့်အရေး ကော်မရှင်က ဒီဇင်ဘာလအတွင်း ကွင်းဆင်း လေ့လာပြီးနောက် နိုင်ငံတော် သမ္မတထံသို့ တွေ့ရှိချက်များကို အကြံပြုခဲ့ခြင်းဖြစ်သည်။
ဖျာပုံမြို့နယ်ရှိ ကျားဖောင်လုပ်ငန်းခွင်တွင် ၂ဝ၁၉ –၂ဝ၂ဝ လုပ်ငန်း ရာသီခွင်အတွက် ခရိုင်ငါးဦးစီးတွင် တရားဝင် မှတ်ပုံ တင်ထားသော ငါးဖမ်းရေယာဉ် ၁၄ဝ စီး ရှိကြောင်း စက်လှေ ၁ စီးလျှင် ကျားဖောင် ၈ ဖောင်ကိုသာ တရားဝင် ခွင့်ပြုထား သဖြင့် ဖောင် ၁၁၂ဝ သာ ရှိရမည် ဖြစ်ကြောင်း၊ ၁ ဖောင်လျှင် ရေလုပ်သား ၃ ဦးဟု သတ်မှတ်လျှင် ရေလုပ်သား ၃၃၆ဝ ရှိရမည် ဖြစ်ကြောင်း၊ သို့သော် ငါးလုပ်ငန်း ဦးစီးဌာနတွင် တရားဝင် မှတ်ပုံတင်ထားသော ရေလုပ်သား ၄၂ဝ သာရှိနေ ကြောင်း လူ့အခွင့်အရေး ကော်မရှင်၏ အကြံပြုစာတွင် ပါရှိသည်။
ထို့အတွက် ရေလုပ်သား စာရင်းများမှာ များစွာကွာခြားနေခြင်း၊ ငါးဖမ်းရာသီ ၈ လခန့် ကျားဖောင်ပေါ်တွင် နေထိုင် လုပ် ကိုင်နေကြရသည့် အတွက် ကျန်းမာရေး ထိခိုက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ သတ်မှတ် အလုပ်ချိန်ထက် ပိုမိုလုပ်ကိုင်ရမှု စသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်များ အလွယ်တကူ ဖြစ်ပေါ်စေသည့် အကြောင်းအရာ ဖြစ်သည်ဟု အဆိုပါ ကော်မရှင် က သုံးသပ်ထားသည်။
ဖျာပုံမြို့နယ်တွင် ကျားဖောင်လုပ်ငန်း လုပ်ကိုင်နေကြသည့် ပင်လယ်ဆိပ်ကမ်းရွာ ၈ ခုရှိရာတွင် ရေထဲခုန်ချပြီး ထွက်ပြေး ကာ ကုန်းပေါ်ပြန်ရောက်နေကြသူများ အပါအဝင် ပင်လယ်ပြင်အတွင်း ရိုက်မှုများနှင့် လူသတ်မှုများကြောင့် အလောင်း မတွေ့၊ လူမတွေ့သည့် ဖြစ်စဉ်သည် တနှစ်လျှင် လူ ၅ဝ မှ ၁ဝဝ ကြားလောက် အထိ ရှိသည်ဟု ဖျာပုံခရိုင်၊ ကျားဖောင်လုပ် ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးသံချောင်းက ဆိုသည်။
ပင်လယ်ပြင်အတွင်း ဖောင်ဦးစီးမှ ကြိမ်းမောင်း ဆဲဆိုခြင်း၊ ရိုက်နှက်ခြင်းများကြောင့် ဖောင်လုပ်သား ကျိုးပဲ့ထိခိုက် ဒဏ်ရာ ရမှုများ၊ အဆိုပါ ဖြစ်စဉ် နောက်ဆက်တွဲ ရေထဲကို ကန်ချမှုများ လုံးဝမရှိဟု မဆိုနိုင်သော်လည်း ဖြစ်စဉ်အားလုံး၏ ၁ ရာခိုင် နှုန်းအောက်တွင်ပင် ဖြစ်ပျက်ကြောင်း ၎င်းက ဆက်လက် ပြောသည်။
ဦးသံချောင်း က “အဲဒီတရားခံဟာ ဟိုကလာတုန်းကတော့ ဟုတ်ပါတယ် ဆိုပြီး သဘောရိုးနဲ့ ဝန်ခံပြီး ဖြောင့်ချက်ပေး တယ်။ တချို့ကျတော့ သမ္ဘာရှိတဲ့အခါမှာ တရားရုံးမှာ တရားသူကြီးဆီကနေ ဖြောင့်ချက်ယူမယ့် အချိန်မှာ သူတို့က နေပြီး တော့ ဖြောင့်ချက်မပေးလို့ တရားစီရင်ရေး လောကမှာ အားနည်းသွားတာတွေ ရှိခဲ့တယ်” ဟု ဆိုသည်။
ထို့ပြင် ၎င်းက “နောက်တချက်က အလောင်းကို မတင်ပြနိုင်တဲ့ အတွက် တရားရုံးရဲ့သုံးသပ်ချက်က ရိုက်လို့သေတာလား၊ ဓားနဲ့ခုတ်လို့ သေတာလား၊ ရေနစ်လို့ သေတာလားဆိုတာ အတည်မပြုနိုင်ဘူး။ တကယ်တော့ ကျနော်တို့ အရပ်အမြင်က တော့ ရိုက်လို့ သေတာ။ မရိုက်ဘဲ ရေထဲတွန်းချတာတောင် သေနိုင်တဲ့ဟာကို။ ရိုက်တဲ့ဒဏ်ရာကလည်း သေကိုသေနိုင်တဲ့ ဒဏ်ရာဆိုတာ နားလည်တယ်။ သို့သော်လည်း ဒါက အရပ်အသိကိုး။ ဥပဒေအသိနဲ့ ကျတော့ အဲဒီလို ကွာဟချက်တွေ ရှိပါ တယ်” ဟု ပြောဆိုသည်။
MHRC ၏ အကြံပြုချက်တွင် သက်ဆိုင်ရာ အစိုးရဌာနများ၏ ကြီးကြပ်ကွပ်ကဲမှု အားနည်းချက်အပေါ် အခွင့်ကောင်းယူပြီး တရားမဝင် လုပ်ငန်းတိုးချဲ့မှု၊ လုပ်သားအင်အား လိုအပ်ချက် ကြီးမားလာမှုများကြောင့် လူပွဲစားများမှ တဆင့် အလျင် အမြန် ခေါ်ယူနေရသဖြင့် လူကုန် ကူးမှုအသွင်များ ဖြစ်ပေါ်လာရသည်ဟုလည်း ဆိုထားသည်။
ဖျာပုံမြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးသိမ်းဆွေက “ကျားဖောင်လုပ်ငန်းက ဒီအတိုင်းသွားလို့တော့ မဖြစ် တော့ဘူး။ စနစ်တကျ ကိုင်တွယ်ဖို့ လိုနေပြီ။ လက်ရှိ လုပ်နေတဲ့ လုပ်ငန်းတွေ တရားဝင်ဖြစ်ဖို့ လုပ်ငန်းရှင်တွေက လုပ်ရ မယ်။ ဌာနဆိုင်ရာအနေနဲ့ တရားဝင် လုပ်ပိုင်ခွင့် မပေးခဲ့ဘူး။ တကယ်ရော သင်္ဘောတစီးကို ၈ ဖောင်နှုန်း သတ်မှတ်ချက် ကို ကိုင်တွယ်သလားဆို စနစ်တကျ မကိုင်တွယ်ခဲ့ဘူး။ တရားဝင် လိုင်စင်သာ မပေးတာ၊ ကျန်တာတွေကို ခွင့်ပြုသလို ဖြစ် နေတယ်” ဟု ဆိုသည်။
၎င်းကဆက်လက်၍ “လုပ်သားတွေကိုလည်း တိတိကျကျ ရေလုပ်သားကတ် တွေ ထုတ်ပေးလိုက်။ အဲဒီလိုဆိုရင် လုပ် သား ပြဿနာတွေ သိပ်မပေါ်တော့ဘူး။ အခုက စည်းကမ်းမဲ့ လုပ်နေကြတဲ့ အတွက် လုပ်သား လိုအပ်ချက် မတရားများ နေတာ။ တကယ်ဆို သင်္ဘောတစီးကို ၈ ဖောင်နှုန်းနဲ့ မြေပြင်မှာ တိတိကျကျ လိုင်စင် သတ်မှတ်လိုက်ရင် လုပ်သားဦးရေ ထက်ဝက်ကျော် ကျသွားမယ်။ ချက်ပွိုင့်တွေကိုလည်း စနစ်တကျထားပြီး စိစစ် မယ်ဆို တရားမဝင်ဖြစ်မှုတွေ ၇ဝ ရာခိုင်နှုန်း လောက်အထိ ပြေလည်သွားမယ်” ဟု ပြောဆိုသည်။
အဆိုပါ အကြံပြုချက်များကို လူ့အခွင့်အရေး ကော်မရှင်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက ပေးပို့ခဲ့ခြင်း ဖြစ်ပြီး လက်ရှိ အချိန်အထိ တစုံတရာအကြောင်းပြန်ခြင်း မရှိသေးသလို ဧရာဝတီသတင်းဌာနက သမ္မတရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။
ဆက်စပ်ဖတ်ရှုရန်
ပြဿနာတွေ အမြစ်တွယ်နေတဲ့ ကျားဖောင်လုပ်ငန်း ဘယ်လိုပြုပြင် ပြောင်းလဲမလဲ
ဖောပြီး သေတာ အများဆုံး ဖြစ်နေတယ်
ကျားဖောင် လုပ်ငန်းခွင် သာယာရေး လုပ်ရမယ်
လူ့အခွင့်အရေး ကော်မရှင်က နှိပ်စက်ညှင်းပမ်းမှုကို လက်ခံသလား
လူကုန်ကူးမှု ဂယက်ကြောင့် ကျားဖောင်လုပ်သားတချို့ မိသားစုက ပြန်လည်ခေါ်မှုများ ရှိလာ