မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် အရေးပေါ် ဆေးကုသမှု ခံယူလျက်ရှိကြောင်း မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး၊ ဆေးနှင့် လူမှုဆက်ဆံရေး အရာရှိ ဦးမင်းလွင်က ဧရာဝတီကို ပြောသည်။
၎င်းက “ဝန်ကြီးချုပ်ကြီးက နှလုံးဖျားနာ ကုသဆောင်မှာ ဆေးကုသမှု ခံယူနေပါတယ်။ နှစ်ဆန်း ၁ ရက်နေ့ ညကဆေး ရုံကို ရောက်တာပါ။ ဒီနေ့ မနက်ပဲ ဝန်ကြီးချုပ် အခြေအနေကို နိုင်ငံတော်အဆင့် အရေးကြီး ပုဂ္ဂိုလ်တဦး လာကြည့် သွားပါတယ်” ဟု ဆိုသည်။
မန္တလေးမြို့သို့ ခရီးစဉ်ဖြင့် ရောက်ရှိလာသော နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ နံနက်ပိုင်းတွင် ဆေးရုံကြီးသို့ လာရောက်၍ တိုင်းဝန်ကြီးချုပ်၏ အခြေအနေအား ကြည့်ရှုမေးမြန်းခဲ့သည်ဟုလည်း ဦးမင်းလွင်က ပြောဆိုသည်။
သွေးကင်ဆာရောဂါ ခံစားနေရသော တိုင်းဝန်ကြီးချုပ်သည်၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှ စတင်၍ ထိုင်း နိုင်ငံသို့ သွားရောက် ဆေးကုသမှုခံယူခဲ့ပြီးနောက် ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသဖြင့် ဒီဇင်ဘာလကုန်ပိုင်း ၌ မန္တလေးတိုင်းသို့ ပြန်လည် ရောက်ရှိခဲ့သည်ဟု တိုင်းအစိုးရ အဖွဲ့က သိရသည်။
ဝန်ကြီးချုပ်သည် ဒီဇင်ဘာ ၃၁ ရက် နှစ်သစ်ကူးညတွင် မြို့လူထုရှေ့သို့ ပြန်လည်ရောက်ရှိကာ မိန့်ခွန်းပြောကြားခဲ့ပြီး နောက် ဇန်နဝါရီလ ၁ ရက် ညပိုင်း၌ မန္တလေး ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသမှု ခံယူရခြင်း ဖြစ်သည်။
မန္တလေးတိုင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်က “လောလောဆယ်ကတော့ အခြေအနေ အသေးစိတ် ပြောလို့မရသေးပါဘူး။ ဆေးကုသမှု ခံယူနေတယ် ဆိုတာပဲ ပြောလို့ရပါမယ်” ဟု ဧရာဝတီ ကို ပြောသည်။
လက်ရှိတွင် တိုင်းဝန်ကြီးချုပ်၏ ကျန်းမာရေးအတွက် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီး နှလုံးရောဂါ အထူးကု ဌာနမှ နှလုံးရောဂါဆိုင်ရာ အထူးကု သမားတော်ကြီးများ တာဝန်ယူ ကုသပေးလျက် ရှိသည်ဟု ဆေးနှင့် လူမှုဆက်ဆံ ရေး ဌာနက သိရသည်။
ဆက်စပ်ဖတ်ရှုရန်
နှစ်သစ်ကူးပွဲမှာ လူထုရှေ့ပြန်ပေါ်လာသည့် မန္တလေးတိုင်း ဝန်ကြီးချုပ်
မန္တလေးတိုင်း ဝန်ကြီးချုပ် တာဝန်များ ပြန်လည် ထမ်းဆောင်နိုင်တော့မည် ဟုဆို
ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေး အခြေအနေ တိုးတက်မှုရှိဟု NLD ပြော