အစိုးရ၏ မော်တော်ယာဉ်ရောင်းချပေးမည့် အစီအစဉ်၏ ပထမအဆင့် အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်ကြသော ညွှန်ကြား ရေးမှူးချုပ်နှင့် အထက် အစိုးရအရာရှိကြီးများကို ကားတင်သွင်းခွင့် ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
တင်သွင်းလိုသော မော်တော်ယာဉ်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နှစ်စဉ် ထုတ်ပြန်လျက်ရှိ သည့် ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့် ခုနှစ် (Model year) သတ်မှတ်ချက်အတိုင်း မော် တော်ယာဉ်များကို တင်သွင်းခွင့်ပြုသွားမည့်အပြင်၊ အရစ်ကျ စနစ်ဖြင့်လည်း ရောင်းချပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက၂၀၂၀ ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
ဒုတိယအဆင့် အနေဖြင့် ဒု ညွှန်ကြားရေးမှူးချုပ်နှင့် လုပ်သက်၂၅ နှစ် ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း တံဆိပ်ရရှိသူ ဝန် ထမ်းများကိုလည်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် ဦးအောင်စိုးက လက်ရှိအချိန်တွင် ထုတ်ပြန်ကြေညာထားသည့် စာအတိုင်းသာဖြစ်ပြီး အခြားအကြောင်းအရာများ မပြောနိုင်သေးကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “ကျနော်တို့ အသေးစိတ်ကို နောက်တပတ်ထဲမှာ ထုတ်ပြန်ပေးသွားပါမယ်။ အသေးစိတ်တွေက ကျနော်တို့ ပြုစုနေ တုန်းပါ။ သက်ဆိုင်ရာ ဌာနတွေရော ကားအရောင်း စင်တာတွေ အကုန်လုံး ခေါ်ပြီး ရှင်းပြမှာပါ” ဟု ပြောဆိုသည်။
လက်ရှိအချိန်တွင် ပြည်ပမှ တင်သွင်းပါက အကောက်ခွန်နှင့် ကုန်လမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကည န) အခွန်သည် ကားအင်ဂျင်ပါဝါ အပေါ် မူတည်၍ ကားတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းမှ ၁၅၀ ရာခိုင်နှုန်းအထိ အခွန်ကျသင့် မည်ဖြစ်ပြီး ယခု အစီအစဉ်အရ အစိုးရ အရာရှိကြီးများ ကားတင်သွင်းပါက ယင်းအခွန်များကို ကင်းလွတ်ခွင့် ရရှိမည်ဟု သတင်းများ ထွက်ပေါ်လျက် ရှိသည်။
မော်တော်ယာဉ် လုပ်ငန်းရှင် ဦးမျိုးဇင်ဝင်း က “ပြည်ပက တင်သွင်းရမယ်ဆိုရင် မော်ဒယ်အမြင့်တွေ ဖြစ်နေတဲ့အတွက် ဈေး က ဒေါ်လာ သုံးသောင်း အထက်ဆိုတော့ အများကြီး ဖြစ်နိုင်တယ်။ ဒေါ်လာ ၁ သိန်းတန်လည်း ဖြစ်နိုင်တာပေါ့။ တဖက် ပြန်ကြည့်ရမှာက ညွှန်ချုပ်တယောက်ရဲ့ လစာနဲ့ ဒီလိုကားတွေ ဘယ်လိုဝယ်မလဲပေါ့။ သူက နာမည်ပြောင်းခွင့် မရှိဘူးလို့ ပါတော့ အမှန် က ပါမစ်လည်း ရောင်းစားခွင့် မရှိဘူး ဆိုတာလည်း ဖြစ်ရမှာပေါ့” ဟု ပြောသည်။
လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်းအားလုံးအတွက် မဟုတ်ဘဲ ညွှန်ချုပ်နှင့် အထက်အရာရှိကြီးများကိုသည် ပေးသည့်အတွက် အများပြည်သူများကြားတွင် ဝေဖန်စရာ ဖြစ်စေကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ တင်သွင်းရမည့် ကိစ္စကို အသေးစိတ် မသိရသေးခြင်း၊ တင်သွင်း ဝယ်ယူခွင့်ရနိုင်မည့် ကားတန်ဖိုးများနှင့် အရစ်ကျ စနစ်များကို သေချာစွာ မသိရှိရသေးခြင်းအပြင် မိမိဝင်ငွေနှင့် မလုံလောက်နိုင်ပါက ကားဝယ်ယူမည် မဟုတ်ကြောင်း ပညာ ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် တဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “နိုင်ငံတော် အစိုးရကလည်း ရှိသမျှ ဝန်ထမ်း အကုန်လုံးတော့ ပေးချင်မှာပါ။ ဒါပေမယ့် မတတ်နိုင်တော့ ဒီလို အရင် စလုပ်တယ်လို့ မြင်တယ်။ ညွှန်ချုပ်တွေမှ လစာ ၅ သိန်းကျော်ကျော်လေးပဲ ဆိုတော့ သူတို့ဝယ်ခိုင်းမှ ကားက ဈေးအရမ်း ကြီးမယ်ဆိုရင် ဘယ်လိုမှတော့ ဝယ်မစီးနိုင်ပါဘူး။ အဲဒီလိုဆိုတော့ တချို့လည်း ပြန်ရောင်းချင် ရောင်းမှာပေါ့လေ” ဟု ပြောသည်။
ညွှန်ကြားရေးမှူးချုပ်နှင့် အထက်အဆင့် နိုင်ငံ့ဝန်ထမ်းများအတွက် မော်တော်ယာဉ်တင်သွင်းခွင့်နှင့် ပတ်သက်ပြီး စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ လျှောက်ထားဆောင်ရွက်ရမည် ဖြစ်ပြီး သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ မှ တာဝန်ခံ ဆက်သွယ် ဆောင်ရွက်နိုင်မည့် ညွှန်ကြားရေးမှူးအဆင့် အရာရှိကြီးအမည်နှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ် တို့အား ဇန်နဝါရီလ ၈ ရက် အရောက်ပေးပို့ရမည် ဖြစ်ကြောင်း စီးပွား ကူးသန်းက ထုတ်ပြန်ထားသည်။
You may also like these stories:
တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်အတွက် ယူနန်ပြည်နယ်နှင့် MOU ထိုးရန်စီစဉ်
အသစ်တွေ့ ကမ်းလွန်ဓာတ်ငွေ့များ စီးပွားဖြစ်ထုတ်မည်
မြဝတီဒေသဖွံ့ဖြိုးရေး ထိုင်းက ဘတ်၇၇၇သန်းချေး