စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျေးရွာတရွာတွင် မူလတန်းကျောင်းသူ ၃ ဦးအား လိင် ပိုင်းဆိုင်ရာ ကျူးလွန်သည့် အငှားကျောင်းဆရာကို ယနေ့ (ဇန်နဝါရီ ၃ ရက်) နေ့လယ် ၁၂ နာရီတွင် ခန္တီးခရိုင် တရား ရုံးမှ တရားသူကြီး ဦးဌေးဝင်းက ထောင်ဒဏ် နှစ် ၄၀ ချမှတ်လိုက်ကြောင်း သိရသည်။
လိုက်ပါ ကူညီပေးနေသည့် ကူကီး အမျိုးသမီးစင်တာမှ ဒေါ်ဘွိုင်နူး က “တရားသူကြီးရဲ့ အခုလို အမိန့်ချမှတ်လိုက်တဲ့ အပေါ် တော်တော်လေး အားရကျေနပ်မိတယ်။ နှစ် ၄၀ ဆိုတာ သိပ်မကြားဖူးဘူးလေ။ အများဆုံးမှ ဒီလိုကိစ္စဆို နှစ် ၂၀ ပဲ ချမှတ်တာလေ” ဟု ဧရာဝတီကို ပြောသည်။
ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ကာလကြား (ကလေးများ၏ ပြောပြချက်အရ) တွင် အသက် ၃၅ နှစ်ကျော် ဦးစိုးသန်းထွန်း ဟူသည့် အငှားကျောင်းဆရာ တဦးက ဒုတိယတန်း ကျောင်းသူ ၁ ဦးနှင့် စတုတ္ထတန်း ကျောင်းသူ ၂ ဦးတို့အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
ထိုအမှု ဖြစ်စဉ်ကို ဒီဇင်ဘာလ ကျောင်းပြန်တက်ချိန် ကျောင်းသူကလေးများ အချင်းချင်း စကားပြောဆိုကြရာမှ တဆင့် ကျောင်းဆရာမမှ ကြားသိ၍ အုပ်ချုပ်ရေးမှူးထံသို့ အသိပေး အကြောင်းကြားကာ ပြစ်မှုကျူးလွန်သူကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အမှုဖြစ်ပြီး ၁ နှစ်ကျော် အကြာတွင် ခန္တီးခရိုင် တရားသူကြီးက စွပ်စွဲခံရသူသည် ပြစ်မှုကျူးလွန်ကြောင်း (ပုဒ်မ ၃၇၇ – ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှု) ထင်ရှားသည်ဟုဆိုကာ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၇ အရ ယောကျ်ားနှင့် ဖြစ်စေ၊ မိန်းမနှင့် ဖြစ်စေ၊ တိရစ္ဆာန်နှင့် ဖြစ်စေ၊ မည်သူမဆို မိမိ အလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တသက်တကျွန်း ဖြစ်စေ၊ ၁၀ နှစ်ထိ ထောင်ဒဏ် တမျိုးမျိုး ဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ကျူးလွန်ခံရသည့် ကလေးငယ်များအတွက် တရားမျှတမှု ရရှိရန် ကူကီးအမျိုးသမီး စင် တာနှင့် ဟုမ္မလင်း လူငယ်ကွန်ရက်တို့ ပူးပေါင်းကာ ကလေးငယ်များအား ဆေးဝါးကုသပေးခြင်း၊ ကလေးများနှင့် မိဘ များကို နှစ်သိမ့်ဆွေးနွေးမှုများ ပြုလုပ်ပေးခြင်းအပြင် တရားရေး ကိစ္စများ၌လည်း ပံ့ပိုးကူညီပေးခဲ့ကြောင်း သိရသည်။
“၄ တန်းကျောင်းသူ နှစ်ယောက် အရွယ်ဆို ရှက်တတ်နေပြီ။ တယောက်ဆို ကျောင်းဆက်မတက်တော့ဘူး။ ဒီတော့ ဒီနေရာ မဟုတ်ဘဲ တခြားနေရာဒေသအသစ်ကို ပြောင်းမလား သူ့မိဘတွေနဲ့ ပြောတယ်။ အတည်တော့ မဖြစ်သေး ဘူး။ ကျမတို့ အများကြီး ဝိုင်းကူရဦးမယ်။ ဆက်လုပ်ရဦးမယ်” ဟု ဒေါ်ဘွိုင်နူးက ရှင်းပြသည်။
အဆိုပါ ကလေးငယ်များသည် စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေးနွေးပေးမှု အဓိက လိုအပ်ကြောင်း၊ ပတ်ဝန်းကျင် အသစ် တွင် သွားရောက် အခြေချမှသာ ယခုဖြစ်ရပ်ကြီးကို မေ့ကောင်းမေ့နိုင်ပြီး အဆင်ပြေလာနိုင်လိမ့်မည်ဟု ၎င်းက ဆက် လက် ပြောဆိုသည်။
ဒေါ်ဘွိုင်နူးက “ဒီလို ကိစ္စရပ် ဖြစ်ပေါ်နေတာကို ကျောင်းဆရာမက လျစ်လျူရှုလိုက်မယ်ဆိုရင် ကျမတို့သိမှာ မဟုတ်တော့ဘူး။ ဒီ ကလေးတွေလည်း ဘယ်သူ့ကိုမှ အဖေအမေကိုတောင် ဖွင့်မပြောဘူး။ ကျောင်းဆရာမတွေ ရဲစခန်းတွေ၊ အုပ်ချုပ်ရေး မှူးတွေ အကုန်လုံး တာဝန်ရှိသူက ဒီလိုကိစ္စရပ် ဖြစ်လာလို့ရှိရင် အခု ကျောင်းဆရာမ အုပ်ချုပ်ရေးမှူးတွေ လုပ်သလို မျိုးပဲ ကိုယ့်အမျိုး ဟုတ်ဟုတ် မဟုတ်မဟုတ် တရားမျှတမှု အတွက် ဝိုင်းဝန်းလုပ်ဆောင်တဲ့ ဟာလုပ်မှ ဒီလိုမျိုး အမှု တွေ လျော့နည်းပပျောက်လာမယ်လို့ မြင်တယ်” ဟု ပြောသည်။
ယခုကဲ့သို့ တရားသူကြီးက စီရင်ချက်ချလိုက်သည့် အပေါ် ဂုဏ်ယူမိပြီး မြန်မာနိုင်ငံအတွင်း ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုများနှင့် ပတ်သက်သည့် အမှုဖြစ်စဉ်များကိုလည်း အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးရန်၊ လုံး ဝ ခွင့်မလွှတ်သည့် (Zero Tolerance) မူ ကျင့်သုံးကာ ဌာနဆိုင်ရာများ၊ အရပ်ဘက် အဖွဲ့အစည်းများ ပူးပေါင်းပြီး ကျူး လွန်သူများကို အမြန်ဆုံး ဖမ်းဆီး အရေးယူ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းကူညီပေးရန်လည်း ကူကီးအမျိုးသမီး စင်တာ နှင့် ဟုမ္မလင်း လူငယ်ကွန်ရက်တို့က တရားခွင် အပြီးတွင် သဘောထား ကြေညာချက် ထုတ်ပြန်ကာ တောင်းဆိုလိုက် သည်။
You may also like these stories:
ပုဒ်မ ၃၇၇ ပြင်ဆင်နိုင်ရေး LGBTများ ကြိုးပမ်းနေ
ဒေါ်လာ ၅၀ လုယက်မှုကြောင့် ထောင်ဒဏ် တသက်ကျရာက ပြန်လွတ်တော့မယ့် အမျိုးသား
သမီးအရင်းကို အဓမ္မပြုကျင့်သည့် ဖခင်အား ထောင်ဒဏ် နှစ် ၂၀ ချမှတ်