အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ သဘောထားကို တိုင်းရင်းသား များအား ရှင်းပြရန် ရည်ရွယ်ကာ ဗဟိုတိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်ခြင်းဖြစ်ကြောင်း NLD ပါတီက ပြောသည်။
NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင် က “တိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့တာက ၂၀၂၀ ရွေးကောက်ပွဲ နီးလာပြီလေ။ NLD ရဲ့ တိုင်းရင်းသားနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲ အပေါ် သဘောထား တွေကို သေသေချာချာ ရှင်းပြဖို့ လိုအပ်လာပြီလို့ယူဆတယ်။ ဒါကြောင့် ဖွဲ့တာပါ” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာတနိုင်ငံလုံးနှင့် သက်ဆိုင်သည့် နိုင်ငံရေးရာ ကိစ္စများကို တိုင်းရင်းသားများနှင့် ညှိနှိုင်း တိုင်ပင်ရန် အတွက်လည်း တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း NLD ဘက်က ပြောသည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် NLD ပါတီသည် ပြည်နယ်နှင့် တိုင်းအလိုက် ဒေသခံ တိုင်းရင်းသား ပါတီဝင်များဖြင့် ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။
မုံရွာအောင်ရှင် က “ကျနော်တို့ NLD အနေနဲ့က ပြည်နယ်နဲ့ တိုင်းတွေမှာ တိုင်းရင်းသားပါတီတွေနဲ့ ယှဉ်ပြိုင်ဖို့အတွက်က ကျနော်တို့မှာ တိုင်းရင်းသား ပါတီဝင်တွေ ရှိတယ်လေ။ ရှိတဲ့ အခါကျတော့ ဒီဟာပေါ်မှာတော့ Sharing မလုပ်ဘူးပေါ့ဗျာ။ လွတ်လပ်စွာ ယှဉ်ပြိုင်မယ်ဆိုတဲ့ မူတော့ရှိတာပေါ့” ဟု ပြောကြားသည်။
NLD ပါတီသည် ကချင်လူမျိုး ဦးအင်ထုံးခါးနော်ဆမ် ဥက္ကဋ္ဌ အဖြစ်ပါဝင်သည့် ဗဟိုတိုင်းရင်းသား ရေးရာ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်း လိုက်ကြောင်း ဇန်နဝါရီလ ၂ ရက်က သတင်းထုတ်ပြန်ခဲ့သည်။
ယင်းကော်မတီတွင် လူနည်းစု တိုင်းရင်းသား အဖွဲ့ဝင် ၇ ဦးသာပါဝင်ပြီး ဗမာလူမျိုးအဖွဲ့ဝင် အများစု ပါဝင်နေသဖြင့် ဝေဖန်စရာ ဖြစ်နေသည်။
တိုင်းရင်းသားရေးရာ ကော်မတီတွင် လူနည်းစု တိုင်းရင်းသားအဖွဲ့ဝင် ပါဝင်မှုသည် လက်ရှိတွင် ၇ ဦးသာ ရှိသော်လည်း နောက်ပိုင်းတွင် ထပ်မံတိုးချဲ့ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း မုံရွာအောင်ရှင်က ပြောသည်။
၎င်းက “တိုင်းရင်းသားကော်မတီ ဆိုပေမယ့်လည်း တိုင်းရင်းသားတွေချည်းပဲ ပါချင်မှပါမှာပေါ့။ ဗမာလူမျိုးကလည်း တိုင်းရင်းသားပဲလေ။ အဲဒီတော့ ပါနိုင်ပါတယ်။ အဲဒါက ထပ်ပြီးတော့ အစီအစဉ်တိုးချဲ့ဖို့ရှိပါတယ်။ ဒီဟာလောက်နဲ့ တော့ မပြီးပါဘူး” ဟု ပြောသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ပါတီ အတွင်းရေးမှူး ဦးမျိုးကျော်က မူ NLD ပါတီက တိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့စည်းလိုက်ခြင်းသည် ၎င်းတို့ပါတီ၏ လိုအပ်ချက်အရ ဖွဲ့စည်းခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။
သို့သော် ၁၉၉၀ အထွေထွေရွေးကောက်ပွဲကာလမှ ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကာလအထိ တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ရင်းရင်းနှီးနှီး ဆက်ဆံတတ်သည့် NLD ပါတီသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အောင်နိုင်ပြီးနောက်တွင် အသွင်သဏ္ဍာန်ပြောင်းလဲလာခဲ့ကြောင်း ဦးမျိုးကျော် က ပြောသည်။
ဦးမျိုးကျော် က “တကယ့်ကို နီးနီးကပ်ကပ်နဲ့ လက်ပွန်းတတီးနဲ့ တန်းတူ တိုင်ပင်တာတို့ ဆွေးနွေးတာတို့ ညှိနှိုင်းတာတို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၅ နောက်မှာ အဲ့ဒီအသွင်သဏ္ဍာန်က လုံးဝပျောက်ကွယ်သွားတယ်။ အခုတိုင်းရင်းသား ကော်မတီဖွဲ့တာကလည်း သူတို့အတွက်လိုအပ်လို့ ဖွဲ့တယ်လို့ပဲ နားလည်ပါတယ်။ ကျနော်တို့ အတွက်ကတော့ မဆန်းပါဘူး” ဟု မှတ်ချက်ပေးသည်။
၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီက ထွက်ရှိခဲ့သော NLD ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် တိုင်းရင်းသား အရေးနှင့် ပတ်သက်၍ ပါတီက ဦးစားပေးဆောင်ရွက်မည့် အချက်များကို ဖော်ပြခဲ့ပြီး၊ NLD ပါတီ ဦးဆောင်ကာ အစိုးရဖွဲ့သည့် ၂၀၁၆ ခုနှစ် မတ်လတွင်လည်း တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။
NLD အပေါ် မျှော်လင့်ချက်ထားသော လူနည်းစုတိုင်းရင်းသား နိုင်ငံရေးပါတီ အချို့ကမူ NLD ပါတီ ဦးဆောင် သော အစိုးရသည် တိုင်းရင်းသား လူနည်းစုများ၏ သဘောထားကို အလေးထားမှု နည်းပါးလာပြီး တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနသည်လည်း တိုင်းရင်းသား လူနည်းစုများအတွက် ထိရောက်စွာ အလုပ်လုပ်သည်ကို မတွေ့ရကြောင်း ထောက်ပြနေကြသည်။
ဦးမျိုးကျော်က “ကျနော်တို့ကတော့ ဒီဟာနဲ့ ပတ်သက်ပြီးဘာမှ ထူးထူးခြားခြား မမြင်ရဘူး။ မတွေ့ရဘူးပေါ့။ ပုံမှန်ပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့လေ။ သူတို့ပြောနေတဲ့ ဟာတွေ လုပ်နေတဲ့ဟာတွေက ကျနော်တို့ မူလလက်တွဲလာခဲ့တဲ့ NLD ပုံစံနဲ့က အများကြီးကွဲပြီးထွက်သွားပြီလေ” ဟု ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကမူ တိုင်းရင်းသားရေးရာ ကော်မတီ ဖွဲ့စည်းခြင်းသည် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားများကို စည်းရုံးရန် NLD တွင် တိုင်းရင်းသားရေးရာမူဝါဒ ရှိကြောင်း ပြသရန် ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်သည်။
ဦးရဲထွန်း က “ကျနော်သုံးသပ်တာက တိုင်းရင်းသားတွေကို စည်းရုံးတဲ့အခါမှာ သိသိသာသာ မအောင်မြင် တာတွေ ပြလာတဲ့အခါကျတော့ အဲ့ဒီအပေါ်မှာ တိုင်းရင်းသား စည်းရုံးရေးပေါ်လစီ ရှိပါတယ် ဆိုတာမျိုးကို အထင်အရှား ထုတ်ပြလာတာပေါ့” ဟု ဆိုသည်။
NLD အစိုးရလက်ထက်တွင် မွန်ပြည်နယ် ချောင်းဆုံတံတား ကိစ္စအပါအဝင် ကယားပြည်နယ် လွိုင်ကော်မြို့တွင် ဗိုလ်ချုပ် မြင်းစီး ကြေးရုပ် စိုက်ထူမှုတို့နှင့် ပတ်သက်၍ NLD အပေါ် ဒေသခံ တိုင်းရင်းသားများ၏ အမြင်မကြည်မှုများ ရှိခဲ့သည်။
NLD အစိုးရလက်ထက်တွင် တိုင်းရင်းသား ဘာသာစကားသင်ကျောင်းများ ဖွင့်ခွင့်ရသော်လည်း ထောက်ပံ့ ကူညီမှု နည်းပါးနေဆဲ ဖြစ်ကြောင်း၊ တိုင်းရင်းသား ဘာသာစကားသင်သည့် ဆရာမ၊ ဆရာမများကို တရားဝင် အစိုးရဝန်ထမ်း မသတ်မှတ်ဘဲ နေ့စားလပေး ဝန်ထမ်းအဖြစ်သာ သတ်မှတ်ထားကြောင်း ဦးရဲထွန်း က ဆိုသည်။
ထို့အတူ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေနှင့် လက်တွေ့မြေပြင် ကွင်းဆင်းလေ့လာကာ ၂၀၀၈ အခြေခံ ဥပဒေအရ ပြဋ္ဌာန်းထားသည့် တိုင်းရင်းသား အခွင့်အရေးများ ရရှိရန် လက်တွေ့အလုပ်လုပ်သင့် ကြောင်းလည်း ထောက်ပြသည်။
လက်ရှိကာလတွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက်ရည်ရွယ်ကာ တိုင်းရင်းသားပါတီအချို့သည်လည်း တစုတစည်းတည်းအဖြစ် ပေါင်းစည်းထားသည်။
မွန်ပြည်နယ်တွင် မွန်တိုင်းရင်းသားပါတီနှစ်ခုက မွန်ညီညွတ်ရေးပါတီအဖြစ် ပေါင်းစည်းထားသည်။
ထို့အတူ ချင်းပြည်နယ်တွင်လည်း ချင်းတိုင်းရင်းသားပါတီ သုံးခုပူးပေါင်းကာ ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အဖြစ် ဖွဲ့စည်းထားပြီး ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင်လည်း တိုင်းရင်းသားပါတီများ တခုတည်းသောပါတီအဖြစ် ပေါင်းစည်းထားကြပြီးဖြစ်သည်။
You may also like these stories:
National Geographic မဂ္ဂဇင်းက ရွေးပေးတဲ့ ၂၀၂၀ ပြည့်နှစ်အတွက် အကောင်းဆုံး ခရီးစဉ်များ
NLD အခြေခံ ဥပဒေ ပြင်ရေး လမ်းကြောင်း မှားနေတယ် ဆိုတဲ့ နော်အုန်းလှ နဲ့ အင်တာဗျူး
“NLD ရဲ့ ပုံရိပ်ကတော့ တဖြည်းဖြည်း ကျနေပြီ”