အလုပ်သမားများထံမှ လူမှုဖူလုံရေးကြေး ကောက်ခံထားသော်လည်း အစိုးရသို့ ပေးသွင်းရန် ပျက်ကွက်သည့် World Jin အထည်ချုပ် စက်ရုံသည် လူမှုဖူလုံရေး ဦးစီးဌာနသို့ ကျပ်သိန်း ၉၃ သိန်းကျော် ပေးသွင်းရကြောင်း သိရသည်။
ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်ရှိ ကိုရီးယား နိုင်ငံသားပိုင် World Jin စက်ရုံသည် လူမှုဖူလုံရေးကြေး ပေးသွင်း ရန် ပျက်ကွက်မှုကြောင့် အလုပ်သမားများက နိုဝင်ဘာလမှ စတင်၍ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
လူမှုဖူလုံရေး ဦးစီးဌာန (ရန်ကုန်တိုင်း ဒေသကြီး) တိုင်းတာဝန်ခံ ဦးထွန်းကြိုင် က “ဒါက နားလည်မှု လွဲလို့ ဖြစ်သွားတာ။ များသောအားဖြင့် လုပ်ခကိစ္စတွေ၊ EC စာချုပ် ပျက်ကွက်တာတွေ၊ အချိန်ပို ခိုင်းတာတွေ ပြဿနာတက်တာ များတယ်။ World Jin ကလည်း အသိလွဲပြီးတော့မှ ဖြစ်သွားတာ။ သူတို့ စက်ရုံက ပျက်ကွက်တဲ့ အတွက်ကြောင့် ကျပ် ၉၃ သိန်း ကျော်လောက် ဒဏ်ကြေး ဆောင်လိုက်ရတယ်။ ပြေလည်သွားပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဦးစီးမှူးများနှင့် World Jin စက်ရုံတာဝန်ရှိ သူတို့ ညိုနှိုင်း၍ ဖြေရှင်းဆောင်ရွက်ခဲ့ကြောင်း လက်ရှိတွင်လည်း အလုပ်သမားများမှာ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက် နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လူမူဖူလုံရေး ဥပဒေ၌ အလုပ်သမားများ၏ ကျန်းမာရေး စောင့်ရှောက်မှုအတွက် လူမှုဖူလုံရေးကြေးကို လုပ်ငန်းရှင်က ၃ ရာခိုင်နှုန်း၊ အလုပ်သမားများဘက်က ၂ ရာခိုင်နှုန်း ထည့်ဝင်ရမည်ဟု ပြဋ္ဌာန်းထားသည်။
လူမှုဖူလုံရေးကြေး ပေးသွင်းရန် ပျက်ကွက်သော စက်ရုံများ ရှိပါက ဥပဒေအရ တရားစွဲဆိုရမည်ဟု ပြဋ္ဌာန်းထားသော် လည်း လူမှုရေး အာမခံဖြစ်သောကြောင့် နောက်ဆုံး လိုအပ်မှသာ တရားစွဲဆိုရကြောင်း သို့သော်လည်း ထိုသို့ လုပ်ဆောင် ရသည်မှာ နည်းပါးကြောင်း သိရသည်။
အလုပ်ရှင် အလုပ်သမား ဆွေးနွေး ညိုနှိုင်းမှုတွင် ပါဝင်သည့် ဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦး အဖွဲ့မှ မအေးစန္ဒာဝင်း က “World Jin စက်ရုံက လူမှုဖူလုံရေးနဲ့ ပတ်သက်တဲ့အချက် ပြေလည်တယ် ဆိုပေမယ့် အလုပ်သမားတွေရဲ့ တရား ဥပဒေပါ တခြား ခံစားခွင်တွေအရ တရားစွဲဆိုမှု အပိုင်းတွေတော့ ရှိတယ်။ လုံးဝတော့ အကုန်လုံး ပြေလည်သွားတာ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
၎င်းကဆက်၍ “ဝန်ကြီးက ဥပဒေအတိုင်း ဖြစ်စေရပါမယ်လို့ ကတိကဝတ်ခံပြီး လုပ်ငန်းခွင်ကို အလုပ်သမားတွေကို ဝင်ရောက်ပြီးတော့မှ ကျန်တဲ့ ဥပဒေပါ အခွင့်အရေးတွေကို လုပ်ပါဆိုလို့ လုပ်ငန်းခွင်ကို ဒီဇင်ဘာလ၂၄ ရက်ကစပြီး ပြန် ဝင်လုပ်ကြတယ်။ အကုန်လုံးတော့ ဥပဒေပါ အချက်အလက်တွေကို လုပ်သမားတွေက ခံစားခွင့် မရသေးဘူး” ဟု ဆို သည်။
World Jin အထည်ချုပ်စက်ရုံ အလုပ်သမားများသည် လူမှုဖူလုံရေးကြေး ထည့်သွင်းရန် ပျက်ကွက်ခြင်း အပါအဝင် လုပ် သက်ခွင့် ခံစားခွင့်များ မပေးခြင်း၊ ပထမ အကြိမ် ဆန္ဒပြ တောင်းဆိုစဉ်က လိုက်နာမည်ဟု ကတိများကို အချက်များကို စက်ရုံပိုင်ရှင်ဘက်မှ ထပ်မံဖောက်ဖျက်ခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခွင် ခွင့်များရရှိရန် လုပ်ခလစာနှင့် အချိန်ပိုကြေးများ မှန် မှန်ကန်ကန် တွက်ချက်ရန်၊ လုပ်သက် ၁ နှစ်ပြည့်ပြီး အလုပ်သမားများကို ၁ ရက် လုပ်အားခနှုန်းထား ကျပ် ၅၀၀ တိုး မြှင့်ပေးရန် စသည့် အလုပ်သမား အခွင့်အရေးများအတွက် နိုဝင်ဘာလ ၇ ရက်မှ ဒီဇင်ဘာလ ၂၃ ရက်အထိ ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။
မအေးစန္ဒာဝင်း က “လူမှုဖူလုံရေးက ပြေလည်တယ် ဆိုပေမယ့် ပွင့်လင်း မြင်သာမှုတော့ မရှိသေးဘူး။ ဘာလို့လည်းဆို တော့ အလုပ်သမားက အလုပ်ရှင်ကို ဘယ်လိုမျိုး ဆောင်ရွက်မှုတွေ ရှိလည်းလို့ မေးတဲ့အခါ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက အဲဒါ နင်တို့ အလုပ်မဟုတ်ဘူး၊ ဝင်ရောက် မစွက်ဖက်နဲ့ ငါတို့ ကိစ္စဖြစ်တယ်။ နင်တို့ ကျန်းမာရေး ဆေးခွင့်လိုချင်တာမို့လား ပေးမယ်လို့ပဲ စကားကို ပြီးပြီးရော ပြောတယ်” ဟု ဆိုသည်။
ထိုကြောင့် ဥပဒေအတိုင်း ဖြစ်စေရန် ထပ်မံ ညိုနှိုင်း တောင်းဆိုသွားရမည့် အချက်များ ရှိနေသေးသည်ဟု ၎င်းက ပြော ဆိုသည်။
လက်ရှိတွင် လူမှုဖူလုံရေး ပေးသွင်းရန် ပျက်ကွက်သည့် ကိစ္စနှင့် ပတ်သက်၍ အစိုးရဘက်မှ ဥပဒေအရ ဒဏ်ကြေး ပေး သွင်း၍ ပြေလည်သွားသော်လည်း ကျန်ရှိသော အချက်များကို သက်ဆိုင်ရာ အစိုးရ အလုပ်သမား ဦးစီးမှူးများနှင့် ဆက် လက် ညိုနှိုင်း ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သိရသည်။
You may also like these stories:
လုပ်ငန်းခွင် စိန်ခေါ်မှုများ အတွင်းက အမျိုးသမီးများ
ယခုနှစ်အတွင်း နိုင်ငံခြားသားပိုင် စက်ရုံ ၉ရုံ တွင် လုပ်သားဆန္ဒပြမှုများ ဖြစ်ပွားခဲ့
လူမူဖူလုံရေးကြေးပေးရန် ထပ်မံပျက်ကွက်က တရားစွဲမည်ဟု World Jin အထည်ချုပ်ကို သတိပေး