တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရက ယခုနှစ် အတွက် သွင်းကုန်ပစ္စည်း တင်သွင်းခွင့် ခွင့်ပြုမိန့် တရုတ်ကုန်သည် များကို မပေးသေးသည့် အတွက် တရုတ် – မြန်မာနယ်စပ်တွင် လက်ရှိ ဆန်တင်ပို့မှု ရပ်ဆိုင်းနေကြောင်း သတင်း ရရှိ သည်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရက ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍ ဆန်အပါအဝင် ကုန်ပစ္စည်းများကို မှောင်ခို ပစ္စည်း တိုက်ဖျက်ရေး စီမံချက်နှင့် ဖမ်းဆီးမှုများ စတင်ခဲ့ပြီး ပြည်နယ်များ၏ လိုအပ်ချက်အရ ကုန်စည်များကို အမျိုး အမည် အလိုက် (ကန့်သတ် ခွင့်ပြုမိန့်) နှင့် တင်သွင်းခွင့် ပြုခဲ့သည်။
မူဆယ် ဆန်ကုန်စည်ဒိုင် ဒုဥက္ကဋ္ဌ ဦးမင်းသိန်း က “တရုတ်အစိုးရကနေ တရုတ်ကုန်သည်တွေကို ထုတ်ပေးတဲ့ ပါမစ်( စက်မှု ကုန်ကြမ်းသုံး ပါမစ်) က၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်မှာ သက်တမ်းကုန် ပြီးသွားပြီ။ အခု ၂၀၂၀ ခုနှစ်ကို ထပ်ပေးမှာက ဇန်နဝါရီလ ၂၀ ရက်နောက်ပိုင်း လောက်မှ ဖြစ်လိမ့်မယ်။ ဒါကြောင့် ရက်ပိုင်း အတွင်းတော့ ဆန်တင်ပို့မှု ရပ်ဆိုင်းနေမှာ ဖြစ်တယ်။ ရက် ၂၀ လောက်တော့ ကြာလိမ့်မယ်”ဟု ဧရာဝတီသို့ ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်က စတင်၍ မူဆယ်နယ်စပ် ဆန်ကုန်စည်ဒိုင်မှ တရုတ်နယ်စပ် ယူနန်ပြည်နယ်သို့ ဆန် တင်ပို့မှု ရပ်ဆိုင်းခဲ့ပြီး တရုတ်ဘက်က ဒီဇင်ဘာလ ၃၁ ရက်တွင် ပါမစ် တရားဝင် ရပ်ဆိုင်းကြောင်း ကြေညာခဲ့သည်ဟု လည်း ၎င်းက ပြောပြသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) ကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သက်လွင်ဦး က “တရုတ်ဘက်ကတော့ ပြောင်း၊ ဆန်နဲ့ သကြားက ကိုယ်တာရှိတယ်။ သူတို့နိုင်ငံက သူတို့ရဲ့ စိုက်ပျိုးရေး ကဏ္ဍကို ကာကွယ်ချင်တဲ့ အတွက်ကြောင့် ဒီစနစ်ကို ချထားတာ ဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသွင်းကုန် ကိုယ်တာ သတ်မှတ်ချက်များသည် တရုတ်နိုင်ငံ၏ ပေါ်လစီသာ ဖြစ်ကြောင်းလည်း ကုန်သည်များ နှင့် စီးပွား/ကူးသန်း တာဝန်ရှိသူများက ပြောသည်။
ယခင်က ပါမစ်နှင့် မြန်မာဘက်က ယူနန်ပြည်နယ်သို့ နယ်စပ်မှ တဆင့် တရက်လျှင် ပျမ်းမျှ ဆန်အိတ်ရေ ၄ သောင်း ခန့် တင်ပို့မှုရှိပြီး လက်ရှိတွင် ဆန်တင်ပို့မှု ရပ်ဆိုင်းနေကြောင်း ဦးမင်းသိန်းက ပြောဆိုသည်။
၎င်းက “အခုက ပါမစ်ပိတ်ထားတာ သိတော့ မူဆယ် ဆန်ကုန်စည်ဒိုင်ကို သိပ်တက်မလာကြဘူး။ အခု ကုန်စည်ဒိုင်ရဲ့ ဂိုဒေါင် ထဲမှာတော့ ဆန်လက်ကျန် သိပ်မရှိဘူး” ဟုလည်း ဆိုသည်။
၂၀၁၉ ခုနှစ်တွင် နယ်စပ်မှ တရုတ်အစိုးရ သွင်းကုန် ခွင့်ပြုမိန့်နှင့် မြန်မာဘက်မှ ဆန်တန်ချိန် ၁ သိန်းကျော် တင်ပို့ ရောင်းချ နိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦး က “ဒီမှာတော့ ပင်လယ်ရေကြောင်း တင်ပို့တဲ့ သူတွေတော့ တောက်လျှောက် ဝယ်နေတယ်။ အဲဒီတော့ ဈေးနှုန်း နည်းနည်းတော့ တအိတ် ကျပ် ၄၀၀ နဲ့ ၅၀၀ လောက် မြင့်တယ်။ အခုက ငွေဈေး ဒေါ်လာဈေး ကျတော့ ဆန်တအိတ်ကို ကျပ် ၄၀၀ နဲ့ ၅၀၀ လောက်ပြန်ကျပြီး အိတ်စ်ပို့ သမားကတော့ မကိုက်ဘူးပေါ့။ နယ်စပ်ဘက်ကတော့ တရုတ် နှစ်သစ်ကူးလည်း နီးတော့ အားစိုက်ပြီး မဝယ်ကြဘူး။ နှစ်လပိုင်း ကုန်လောက်မှ လမ်းကြောင်း ပြန်ပွင့်မယ်လို့ အသံကြားတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် တရုတ်သို့ နယ်စပ်မှ တင်ပို့သည့် ဆန်ကြမ်း အမှတ် ၉၀ (ချင်း ၃) တအိတ်လျှင် တရုတ်ယွမ် ၁၃၀၊ ဆန်ကြမ်း အမှတ် ၉၆ (ထူးခါး) တအိတ်လျှင် ၁၉၇ ယွမ် ဈေးရှိနေကြောင်း မူဆယ် ကုန်စည်ဒိုင်မှ သိရသည်။
မူဆယ်နယ်စပ်တွင် ဆန်နှင့် သကြားအပြင် လက်ရှိ ပြောင်းတင်ပို့မှုတွင်လည်း ရပ်တန့်နေကြောင်း လားရှိုး ကုန်စည်ဒိုင် ရုံးအုပ်ကြီး ဦးသိန်းဝင်းက ဧရာဝတီသို့ ပြောသည်။
“တရုတ်ဘက်ကို ပြောင်းတင်ပို့တာတော့ အခု မရှိဘူး။ ဒါပေမယ့် မန္တလေးကို ဆင်းတယ်။ ထိုင်းလည်း သွားတာ ရှိ တယ်။ အခု ရက်ပိုင်းကတော့ မန္တလေးဘက်က အဝယ်များတယ်။ ပြီးခဲ့တဲ့နှစ်က တရုတ်က ပါမစ်နဲ့ ပြောင်းတန်ချိန် ၃ သိန်း လောက်တော့ တင်ပို့ ခဲ့တယ်”ဟုလည်း ၎င်းက ပြောပြသည်။
၂၀၁၉– ၂၀၂၀ ဘဏ္ဍာနှစ် စက်တင်ဘာလမှ အောက်တိုဘာလအထိ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ ၄၀၈ ဒသမ ၈၀၀ သန်း ရှိထားကြောင်း စီးပွား/ကူးသန်း စာရင်းများ အရ သိရသည်။
You may also like these stories:
တရုတ်စီမံကိန်းကြီးများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် လူမှုထိခိုက်မှုများ စိုးရိမ်ရ
တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် အခက်အခဲ ပိုများလာ ဟုဆို
စီမံကိန်းကြီးများကြောင့် မြန်မာပြည် ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေ