ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်ရန် ကျေးရွာအုပ်စု၊ ထိပ်ထူးပေါက် မွတ်စလင် ကျေးရွာတွင် ယနေ့ မနက် ပိုင်းက မိုင်းပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ကာ ကလေးငယ် ၄ ဦး သေဆုံးခဲ့ပြီး၊ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း ရရှိ သည်။
အဆိုပါ ရွာသားများမှာ ယနေ့ မနက်ပိုင်းက ရွာအရှေ့ဘက်ခြမ်းတွင်ရှိသည့် တောင်ကုန်းပေါ်သို့ ထင်းခုတ်ရန် သွားရောက် စဉ် မိုင်းနင်းမိခဲ့သဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ယင်းဒေသခံ ရွာသားတဦးက ပြောသည်။
ထိပ်ထူးပေါက် ရွာသားတဦးက “ရွာနဲ့ တောင်က နီးနီးလေးပါ။ အိမ်ပြန်တော့မယ်ဆိုပြီး ခုတ်ပြီးသား ထင်းချောင်းတွေကို ဝိုင်းစုနေကြတဲ့အချိန် မိုင်းကွဲတာလို့ ပြောပါတယ်” ဟု ဧရာဝတီသို့ ဆိုသည်။
မိုင်းပေါက်ကွဲမှု ဖြစ်သည့် တောင်တန်းမှာ ရွာမှ ၅ မိနစ်ခန့်သာ လမ်းလျှောက်ရကြောင်း ယင်း ရွာသားများထံက သိရသည်။
ဘူးသီးတောင်မြို့ခံ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “ကျနော့်ဆီကို အဲဒီရွာက ရွာသားတွေ သတင်းပို့ချက်အရ ဒီနေ့မနက်ပိုင်းမှာ ထင်းခုတ်ဖို့ သွားတဲ့အခါ မိုင်းပေါက်ကွဲမှု ဖြစ်တယ်လို့ ပြောတယ်။ ကလေး ၂ ဦးက အဲဒီမှာ ဆုံးတယ်။ နောက်၂ ဦးက ဆေးရုံကို ယူလာတဲ့ လမ်းမှာ ဆုံးတယ်။ ဒဏ်ရာရတဲ့ ၆ ဦးကတော့ အခု ဆေးရုံကို ရောက်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ မိုင်းပေါက်ကွဲမှု ဖြစ်ပွားသည့် ထိပ်ထူးပေါက်ရွာ အရှေ့ဘက်တောင်တန်း၌ လွန်ခဲ့သော ၁ လခန့်က တပ်မတော် စစ်ကြောင်းတခု တပ်စွဲ နေထိုင်ခဲ့ကြောင်း ရွာသားများက ဆိုကြသည်။
ထိပ်ထူးပေါက်ရွာက အရပ်လူကြီး တဦးက “မိုင်းပေါက်ကွဲမှု ဖြစ်တဲ့ အဲဒီတောင်ကုန်းမှာ အရင်တုန်းကတော့ တပ်က နေခဲ့ တယ်။ အခု သူတို့ (တပ်) အဲဒီနေရာမှာတော့ မနေတော့ဘူး။ ရွာမြောက်ဘက်က တောင်တန်းကို ရွှေ့သွားတာ ၁ လ လောက်တော့ ရှိပြီ။ ဒီနေ့ ရွာသားတွေ ဒဏ်ရာတဲ့အခါလည်း လာကြည့်ကြတာ ရှိတယ်” ဟု ပြောသည်။
ထိပ်ထူးပေါက် မွတ်စလင်ကျေးရွာ အနီးရှိ တောင်တန်းတွင် တပ်မတော် စစ်ကြောင်း တပ်စွဲ နေထိုင်သည်ဆိုသည့် ကိစ္စ နှင့် ပတ်သက်ပြီး တပ်မတော် သတင်းပြန်ကြားရေး အဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဧရာဝတီမှ ဆက်သွယ် မေးမြန်း ခဲ့ရာ အဆိုပါ ပေါက်ကွဲမှုသည် ရက္ခိုင် စစ်တပ် (AA) က ထောင်ထားသော မိုင်းပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
၎င်းက “အဲဒီကနေ AA အမြဲ လာရောက် ပစ်ခတ်တဲ့ နေရာ၊ ဒီဇင်ဘာလထဲမှာပဲ လာရောက် ပစ်ခတ်မှု သုံးကြိမ်လောက် ရှိခဲ့တယ်။ AA အနေနဲ့က တပ်က လုံခြုံရေးစခန်းတွေကို လာပစ်တယ်။ ပစ်ပြီး ပြန်ပြေးပြီဆိုရင် မိုင်းတွေ ထောင်လေ့ထောင် ထ ရှိတယ်။ နောက်ကနေ လိုက်ပြီး နယ်မြေ စိုးမိုးရေး လုပ်တဲ့ စစ်ကြောင်းတွေကို ထောင်တာပေါ့။ အဲဒါကြောင့် ပေါက်ကွဲ တယ်လို့ ယူဆရတယ်” ဟု ပြောသည်။
ဘူးသီးတောင်မြို့နယ်အတွင်း ကျောက်ရန်ကျေးရွာ အုပ်စု အနီးဝန်းကျင် ဒေသများသည် တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ နှစ်ဖက် စစ်ရေးလှုပ်ရှားသော နယ်မြေတခု ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိအချိန်တွင် ထိခိုက်ဒဏ်ရာ ရရှိသည့် ထိပ်ထူးပေါက်ရွာသား ၆ ဦးတွင် ၃ ဦးမှာ ဘူးသီးတောင် ဆေးရုံတွင် ဆေး ကုသမှုခံယူနေပြီး ကျန် ၃ ဦးမှာ ဒဏ်ရာပြင်းသဖြင့် မောင်တော ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
ဆက်စပ်ဖတ်ရှုရန်
ဘူးသီးတောင်တွင် လက်နက်ကြီး ကျ၍ အမျိုးသမီး ၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိ
ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၁)
ရခိုင်စစ်ပွဲမှာ ဘယ်သူတွေ နစ်နာနေသလဲ (၂)