လွန်ခဲ့သော နှစ်အတွင်း ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသူူ ၁၈၀၇ ဦးရှိသဖြင့် ထိုသူများ ကူညီမည့် နိုင်ငံ၏ စွမ်းရည်ကို ပူပန်မိကြောင်း တက်ကြွလှုပ်ရှားသူများက တနင်္လာနေ့က ပြောကြောင်း Bangkok Post သတင်းကဆိုသည်။
.
၂၀၁၈ ခုနှစ်က လူကုန်ကူးခံရသူ ၆၂၂ ဦးရှိရာမှ ယခုကဲ့သို့ တိုးလာခြင်းဖြစ်ပြီး ယခင်က အများဆုံးစံချိန်မှာ ၂၀၁၅ ခုနှစ်က ၉၈၂ ဦးဖြစ်ကြောင်း သိရသည်။
ထိုသို့ကယ်တင်ထားသူများ၏ ၆၀ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ပြီး လုပ်အားလူကုန်ကူးခံရခြင်းဖြစ်သည်။ ယင်းတို့ အနက် ၄ပုံ ၃ ပုံနီးပါးမှာ အိမ်နီးချင်းနိုင်ငံသို့ သွားရောက်သည့် မြန်မာရွှေ့ပြောင်းလုပ်သားများဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
အမေရိကန်ပြည်ထောင်စု၏ စောင့်ကြည့် စစ်ဆေးမှုကို ခံရပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် လိင် ကုန်ကူးမှုများတွင် လူမှောင်ခိုလုပ်ငန်းကို ကိုင်တွယ်ပျက်ကွက်သည်ဟု ဝေဖန်ခံရပြီးနောက် မကြာသေးမီနှစ်များအတွင်းက ထိုင်းနိုင်ငံသည် လူကုန်ကူးမှုကို ကိုင်တွယ်ရန်အားထုတ်မှုများကို အရှိန်မြှင့်ဆောင်ရွက်ခဲ့သည်။
အာဏာပိုင်တို့ ဖေါ်ထုတ်နိုင်သည့် လူကုန်ကူးခံရသူ အရေအတွက် အကြီးအကျယ်များပြားလာခြင်းကြောင့် အစိုးရက စီမံ သည့် ကယ်ဆယ်ရေးစခန်း ၉ ခုအတွက် အခက်အခဲဖြစ်လာကြောင်း ရှေ့နေများနှင့် တက်ကြွလှုပ်ရှားသူများကပြောသည်။
“ဒီလိုလူများတော့ လူကုန်ကူးခံရသူတွေ အတွက် ရန်ပုံငွေနဲ့ ဝန်ထမ်တွေရဲ့ ကူညီနိုင်တဲ့ စွမ်းရည်ကို ထိခိုက်စေတယ်။ အထူးသဖြင့် အရင်ကတည်းက ဝန်ထမ်းနည်းနေတဲ့နေရာတွေမှာပေါ့” ဟု လူကုန်ကူးမှု ဆိုင်ရာ ရှေ့နေ ပါပေါ့ ဆိုင်ယမ် ဟမ် ပြောသည်။
လူကုန်ကူးခံရသည်ဟု သတ်မှတ်ခံရသူများသည် ကယ်ဆယ်ရေး စခန်းတွင် နေထိုင်ခြင်း အပါအဝင် အစိုးရထံမှ အကူ အညီ သို့မဟုတ် ဆုံးရှုံးလုပ်အားခအပြင် နေထိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် အစိုးရရန်ပုံငွေမှ ပေးသော လျှော်ကြေးတို့ကို ရွေးချယ်ခွင့်ရှိသည်။
လူကုန်ကူးခံရသူများသည် တရားခွင်တွင် သက်သေခံရန်သို့မဟုတ် အိမ်ပြန်ရန် စောင့်ဆိုင်းနေစဉ်အတွင် တရားဥပဒေနှင့် အလုပ်အကိုင်အခွင့်အလမ်းအကူအညီများလည်း ရပိုင်ခွင့်ရှိသည်။
စိတ်ဒဏ်ရာရရှိသွားသော ပိုမိုများပြားလာသည့် လူကုန်ကူးခံရသူများသည် တဦးချင်းအလိုက် စောင့်ရှောက်မှု မရမည်ကို စိုးရိမ်နေရကြောင်း လူ့အခွင့်အရေးနှင့် တိုးတက်ရေး ဖေါင်ဒေးရှင်းမှ ချွန်တီချာ တန်ဝန်ရမ်မုန်ကွန် ပြောသည်။
“စောင့်ရှောက်ရေး စခန်းတွေကို လူတွေအုပ်စုလိုက် ရောက်လာတဲ့အခါ ကျန်းမာရေးလိုမျိုး သူတို့ရသင့်တဲ့အခွင့်အရေး ပေးဖို့ခက်သွားတယ်” ဟု သူကပြောသည်။
သူ၏ အဖွဲ့အစည်းသည် ရွှေ့ပြောင်းလုပ်သားများနှင့် လူကုန်ကူးခံရသူများ အတွက် ဥပဒေဆိုင်ရာ အခမဲ့အကူအညီ ပေးသော အဖွဲ့ဖြစ်သည်။
အာဏာပိုင်များက ကယ်ဆယ်ထားသူများ အားလုံးသည် လူကုန်ကူးခံရသူ ဟုတ်မဟုတ်ကိုလည်း တက်ကြွလှုပ်ရှားသူ များက မေးခွန်းထုတ်သည်။ လူကုန်ကူးမှုဆိုသည်မှာ သဘောတူညီချက်ဖြင့် အခြားနိုင်ငံတခုသို့ တရားမဝင်လာ ရောက်ခြင်း မဟုတ်ဘဲ ဘဏ္ဍာရေးအကျိုးအမြတ်အတွက် အခြားသူများကို အမြတ်ထုတ်ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား ၄.၉ သန်းရှိပြီး နိုင်ငံ၏ လုပ်သားအင်အားစု၏ ၁၀ ရာခိုင်နှုန်းရှိသည်ဟု ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။ အများစုမှာ ဆင်းရဲသော အိမ်နီးချင်းနိုင်ငံများဖြစ်သည် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုမှဖြစ်ပြီး လူကုန်ကူးခံရနိုင်ကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။
ထို့အပြင် နိုင်ငံ၏ အကြီးမားဆုံး စွမ်းအင် လုပ်ငန်းဖြစ်သော PTT နှင့် ပူးပေါင်းပြီး ဓါတ်ဆီဆိုင်များကို ကလေးလုပ်အား အသုံးပြုခြင်း ကို ရှာဖွေဖေါ်ထုတ်သည့် လှုပ်ရှားမှု ပြုလုပ်မည်ဟုလည်း ထိုင်းနိုင်ငံက တနင်္လာနေ့တွင်ကြေညာသည်။
“ဓါတ်ဆီဆိုင်တွေက အန္တရယ်ရှိတဲ့ အုပ်စုတွေထဲက တခုဖြစ်တယ်။ ဝေးလံတဲ့ဒေသတွေက တချို့ဆိုင်တွေမှာ ကလေး တွေကို ညဆိုင်းခိုင်းတယ်”ဟု အလုပ်သမားဝန်ကြီးဌာနအတွင်းဝန် ဒုတိယ ဗိုလ်ချုပ်ကြီး နန်သာဒက် မက်စာဝပ်ပြောသည်။
ထိုင်းနိုင်ငံတွင် ခေတ်သစ်ကျေးကျွန် ၆၁၀၀၀၀ ရှိပြီး နိုင်ငံလူဦးရေ ၆၉ သန်း၏ ၁၁၃ ဦးလျှင် တဦး ကျွန်ပြုခံရသည်ဟု လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည် Walk Free Foundation မှာ ကမ္ဘာ့ကျေးကျွန် အညွန်းကိန်းအရ သိရကြောင်း Bangkok Post က ရေးသားသည်။
You may also like these stories:
ရှမ်းပြည်နယ်မှ လူကုန်ကူးသောအမျိုးသမီးကို ထောင်ဒဏ်နှစ် ၈၀ ချမှတ်
ကလေး အတွက် အမှန်တရား အမြန်ဆုံး ပေါ်ပေါက်ပါစေလို့ ကျနော် ဆုတောင်းပါတယ်
မူဆယ် နယ်စပ်၌ တရုတ်သို့ ဆန်တင်ပို့မှု ရပ်ဆိုင်းနေ