ထိုင်းတွင် ဆေးကုနေသော မန္တလေးဝန်ကြီးချုပ် ကျန်းမာရေး မစိုးရိမ်ရ ဟုဆို
ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆေးကုသမှု ပြန်လည် ခံယူနေသော မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့် မောင်၏ ကျန်းမာရေး အခြေအနေမှာ မစိုးရိမ်ရကြောင်း ခေတ္တ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသော တိုင်း လျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေး ဝန်ကြီး ဦးဇာနည်အောင်က ဧရာဝတီကို ပြောသည်။
၎င်းက“ဝန်ကြီးချုပ် ကျန်းမာရေး အခြေအနေက ကောင်းပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။ ဆေးကုသမှု ခံယူနေရတာ ပထမ ကုသမှုပြီးလို့ ခေတ္တ တည်းခိုတဲ့ တိုက်ခန်းမှာ အနားယူနေပါတယ်။ နှစ်သစ်ကူးညကလည်း အအေးပတ်ပြီး ရိုးရိုး ဖျားသွားတာပါ” ဟု ပြောသည်။
ဒေါက်တာ ဇော်မြင့်မောင်သည် သွေးကင်ဆာရောဂါအား ကုသရန်အတွက် ပြီးခဲ့သည့်နှစ် အောက်တိုဘာ လကုန်ပိုင်း က ဘန်ကောက်မြို့သို့ သွားရောက်ခဲ့ပြီး ဒီဇင်ဘာလကုန်ပိုင်းက မန္တလေးကို ပြန်လည် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် နှစ်သစ်ကူးညက မြို့လူထုအား မိန့်ခွန်း ပြောကြားပြီးနောက် နာမကျန်း ပြန်ဖြစ်၍ ဇန်နဝါရီ ၁ ရက် ညပိုင်း က မန္တလေး ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှု ခံယူခဲ့ကာ ဇန်နဝါရီ ၄ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်သို့ ပြန် လည် သွားရောက်၍ ဆေးကုသမှု ခံယူရခြင်း ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့က သိရသည်။
ဦးဇာနည်အောင်က “နောက် တပတ်၊ ၁၀ ရက်နေရင် ပြန်လာမယ်။ ဆေးကုသမှု ခံယူနေတဲ့ ကာလအတွင်းတော့ သွားလိုက် ပြန်လိုက် လုပ်နေရပေမယ့် အစိုးရ လုပ်ငန်းစဉ်တွေကို အွန်လိုင်းကနေ အမြဲမပြတ် လမ်းညွှန် မှာကြားမှုတွေ လုပ်နေတာပါ” ဟု ပြောသည်။
၎င်း ဆေးကုသမှု ခံယူစဉ်ကာလအတွင်း တိုင်းလျှပ်စစ်၊ စက်မှုနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ခေတ္တ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ယူထား၍ နေ့စဉ် အွန်လိုင်းမှ တဆင့် ဝန်ကြီးချုပ်ထံ အစိုးရအဖွဲ့ လုပ်ငန်းများ အား သတင်းပေးပို့လျက် ရှိသည်ဟု ၎င်းက ဆိုသည်။
သို့သော် အရေးကြီးလုပ်ငန်း၊ အကြောင်းအရာများအား (သို့မဟုတ်) အစိုးရအဖွဲ့ အစည်းအဝေး ထိုင်ကာ ဆုံးဖြတ်ရမည့် အကြောင်းအရာများအား တိုင်းဝန်ကြီးချုပ် တာဝန် ပြန်လည် ထမ်းဆောင်သည့် အခါမှသာ ဆုံးဖြတ်ရန် တချို့လုပ်ငန်းများအား ယာယီ ဆိုင်းငံ့ထားကြောင်း တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးမြတ်သူက ဧရာဝတီကို ပြောသည်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ၊၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင် ဆက်တိုက် အရွေးချယ်ခံခဲ့ရသော လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်ပြီး ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမရပူရမြို့နယ် တိုင်းလွှတ်တော် မဲဆန္ဒနယ်မှ အနိုင်ရခဲ့ပြီး မန္တလေးတိုင်း ဝန်ကြီးချုပ်အဖြစ် တာဝန် ပေးအပ်ခြင်း ခံရသူ ဖြစ်သည်။
ထို့အတူ လက်ရှိ အာဏာရပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ အရေးပါသော ပါတီ၏ ခေါင်းဆောင်တဦး ဖြစ်သလို ပါတီ၏ ဒု ဥက္ကဋ္ဌ ၂ အဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။
You may also like these stories:
မန္တလေးတိုင်း ဝန်ကြီးချုပ် အရေးပေါ် ဆေးကုသမှု ခံယူနေရ
ဒေါက်တာဇော်မြင့်မောင် ကျန်းမာရေး အခြေအနေ တိုးတက်မှုရှိဟု NLD ပြော