ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ပုဂံဒေသ ပုဂံမြို့သစ်အနီး ပုဂံ-ချောက် ကားလမ်းဘေးရှိ ပျူ လေးဆူတန်း ဘုရားများ၏ နောက်တွင် စတင်နေသော ဆောက်လုပ်ရေး လုပ်ငန်းတခုကြောင့် သမိုင်း အထောက်အထားများ ပျက်ယွင်းသွားမည့်အပေါ် စိုးရိမ်ကာ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။
အဆိုပါ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာ အသင်းကလည်း ဇန်နဝါရီ ၇ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်အရ လက်ရှိတွင် အဆောက်အအုံ ဆောက်လုပ်ရန်အတွက် ဖောင်ဒေးရှင်း လုပ်ငန်များ ဆောင်ရွက်နေ ပြီ ဖြစ်ပြီး မြေအောက် အနက် ၄ ပေမှ ၅ ပေထိ တူးဖော်လျက်ရှိကြောင်း သိရသည်။
မည်သူက လုပ်ကိုင်ခွင့်ရပြီး ဆောက်လုပ်နေသည်ကိုမူ အသင်းအနေဖြင့် အတည်မပြုနိုင်သေးကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“မြေအောက်မှာ ဘာတွေရှိတယ်ဆိုတာ အခုအချိန်ထိ ဘယ်သူမှ မသိဘဲ ရှေးဟောင်းက မတူးဘဲနဲ့ အဲဒီလိုလုပ်တာမျိုးက အဆင်မပြေဘူး။ လူနေအိမ်သော်လည်းကောင်း အမွေအနှစ်ဇုန် ထဲမှာ ဆောက်တာမျိုးကို ကျနော်တို့ လက်မခံနိုင်ဘူး”ဟု ရှေးဟောင်း သုတေသန ပညာအသင်း အတွင်းရေးမှူး ကိုသူရအောင်က ဧရာဝတီကို ပြောသည်။
ထို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်ပေးနိုင်ရေး သတင်း ထုတ်ပြန် တိုက်တွန်းရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ပျူလေးဆူတန်းဘုရားနှင့် အနီးတဝိုက်ဒေသသည် ပျူခေတ် အထောက်အထားများ တည်ရှိနေနိုင်သည့် ရှေးဟောင်း သုတေသနဆိုင်ရာ စနစ်တကျ တူးဖော်ရေး လုပ်ကိုင်မည်ဆိုပါက အထောက်အထားသစ်များ တွေ့ရှိနိုင်သည့် နေရာဟု ရှေးဟောင်း သုတေသန ပညာရှင်များက ခန့်မှန်ထားကြသည်။
အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင် ဒေါ်ဥမ္မာမျိုးက“အခုအချိန်မှာ Evidence (အထောက်ထား)တွေကို ရှာမပြနိုင် သေးတဲ့ အတွက် အကုန်လုံးကို အခိုင်အမာ မပြောနိုင်သေးပေမယ့် ဒီ ပျူဘုရားတွေကတော့ အခိုင်အမာ ပြောနိုင်တဲ့ နေရာတွေပေါ့။ ပျူခေတ်ကတည်းက ပုဂံဟာ ယဉ်ကျေးမှု ထွန်းကားပြီးသား ဗုဒ္ဓသာသနာ ရောက်ရှိပြီးသား နေရာ ဖြစ်တယ် ဆိုတာကို ပြနေတာပေါ့။ သိပ်အရေးကြီးတဲ့ အချက်တွေပါ”ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက ပျူလေးဆူတန်းဘုရား သက်တမ်းသည် အေဒီ ၄ ရာစုမှ ၈ ရာစုအတွင်းခန့်က ဖြစ်နိုင်သည်ဟု ပညာရှင်များက ခန့်မှန်းထားကြောင်း၊ ပထမ မြန်မာနိုင်ငံတော် မတည်ထောင်ခင်ကတည်းက ရှိခဲ့သည့် သီရိပစ္စယာ နန်းတော်ရာလည်း အနီးကပ်လျက်တွင်ရှိရာ လေ့လာသုတေသနပြု ဖော်ထုတ်စရာနေရာဖြစ်ကြောင်း ရှင်းပြသည်။
“ဒီမြေအောက်ကို ဘာမှ တူးဖော်လေ့လာရတာတွေ သေချာမလုပ်နိုင်သေးဘူး။ ဒီမျိုးဆက်မှာ မလုပ်နိုင်ရင်လည်း နောက် မျိုးဆက်တွေလုပ်ဖို့ ချန်ထားခဲ့ရဦးမှာလေ။ အခုလိုမျိုး အဆောက်အအုံသစ်တွေ ဆောက်ပြီး ဒီမြေအောက်မှာရှိတဲ့ Archaeology (မြေတူးသမိုင်း သုတေသန ဆိုင်ရာ) တွေ ပျက်စီးကုန်တယ်ဆိုရင် သမိုင်းအထောက်အထားက ပျက်စီးကုန်မှာပေါ့။ မြန်မာလူမျိုးရဲ့ သမိုင်းကိုပါ ပျက်သွားစေနိုင်တဲ့အထိ ဖြစ်နိုင်တယ်”ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။
မြို့မြေဆိုသည့်အတိုင်း ဂရန်များကို လိုက်ချပေးရန် မသင့်လျော်ကြောင်း၊ ဂရန်မြေများ ချပေးမည်ဆိုပါက ထိုနေရာသည် ရှေးဟောင်း အမွေအနှစ်ဆိုင်ရာ ဆန်းစစ်ချက်များ လုပ်ပြီးမှသာ ချပေးသင့်ကြောင်း၊ ပြည်သူလူထု၏ တိုးတက်ဖွံ့ဖြိုးမှုကို ကြည့်ရမည် ဆိုသော်လည်း အမွေအနှစ်က ပိုအရေးကြီးသည့် နေရာများတွင် အမွေအနှစ်ကိုသာ ကြည့်သင့်ကြောင်း အမွေအနှစ်ထိန်းသိမ်းရေး လုပ်ငန်းများ ဆောင်ရွက်နေသူ ဒေါ်ဥမ္မာမျိုးက အကြံပြုသည်။
“ပုဂံ ညောင်ဦး ပုဂံမြို့သစ်နဲ့ ဒီမြို့ဟောင်းနေရာတွေမှာရှိတဲ့ မြေတွေကို ပုဂ္ဂလိကပိုင်အဖြစ်နဲ့ ဂရန်ပေးမယ်ဆိုရင် သေသေချာချာ စဉ်းစားပြီးမှ အထူးဦးစားပေးကိစ္စအနေနဲ့ အထူးနယ်မြေအနေနဲ့ စဉ်းစားသင့်တယ်။ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အခြားနေရာတွေနဲ့ အတူလို မစဉ်းစားသင့်ဘူး။ ပုဂံသည် ယဉ်ကျေးမှုကို အထူးဦးစားပေးရတဲ့ နေရာဖြစ်တယ်” ဟုလည်း ၎င်းက ဆိုသည်။
ယဉ်ကျေးမှု အမွေအနှစ်ဇုန်ထဲတွင် တိုင်းအစိုးရအနေဖြင့် တစုံတရာ ဆုံးဖြတ်ချက် ချတော့မည်ဆိုလျှင် တိုင်းဒေသကြီး ယဉ်ကျေးမှု အမွေအနှစ် ထိန်ုးသိမ်းရေးကော်မတီ၊ ရှေးဟောင်းသုတေသနဦးစီးဌာနတို့နှင့် တိုင်ပင်သင့်ကြောင်း၊ ထိုကဲ့သို့ တိုင်ပင်လာလျှင်လည်း ဌာနအနေဖြင့် ပညာရှင်ဆန်ဆန် ပြောဆိုဝေဖန် ထောက်ပြရဲရမည်ဖြစ်ကြောင်း ကိုသူရအောင်ကလည်း ပြောသည်။
“တိုင်းအစိုးရက ကန့်ကွက်စိစစ်ပေးရမယ့်အစား သူတို့တွေက ဒီလို လုပ်ပိုင်ခွင့်တွေ ချပေးနေတာက မဖြစ်သင့်ဘူး။ ပညာရှင်တွေရဲ့ အသံကိုလည်း နားထောင်ပါဦးလို့ ပြောချင်တယ်”ဟု ၎င်းက တိုက်တွန်းသည်။
ယခု ဝေဖန်မှုများ ထွက်ပေါ်နေသည့် ဆောက်လုပ်ရေး လုပ်ငန်းနေရာသည် ထိန်းသိမ်းစောင့်ရှောက်ရမည့် နေရာ အဖြစ် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)က ၂၀၁၇ ခုနှစ် ကတည်းက သဘောထား မှတ်ချက် ပေးထားပြီး ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ထို့အတွက် အသေးစိတ် စုံစမ်းမေးမြန်းရန် ဧရာဝတီက ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ကို ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်သော်လည်း မေးမြန်း၍ မရခဲ့ပါ။
ထို့အတူ ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်ကိုလည်း ဆက်သွယ်မေးမြန်းရာ ဦးအောင်အောင်ကျော်ကိုသာ မေးမြန်းရန် ပြောသည်။
၂၀၁၉ ဇူလိုင်တွင် ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် အသိအမှတ်ပြုခံခဲ့ရသည့် ပုဂံဒေသတွင် ယဉ်ကျေး မှု ဆိုင်ရာမြင်ကွင်းများကို ထိခိုက်စေမည့် ဆောက်လုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေမှုကြောင့် ယဉ်ကျေး မှု အမွေအနှစ်များ တည်တံ့ရေး ထိခိုက်မည်ကို ရှေးဟောင်းသုတေသနနှင့် အမွေအနှစ် ထိန်းသိမ်းဆောင်ရွက် နေသူများက စိုးရိမ်လျက် ရှိကြသည်။
You may also like these stories:
ပုဂံအမွေအနှစ်တွေကို ခြိမ်းခြောက်နေမှုများ ရပ်တံ့ပါ
Getty Conservation Institute ၏ ပုဂံဒေသ ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ စတင်
မြရိပ်ညို စီမံကိန်းဝင်း အတွင်းမှ ဇေကမ္ဘာ ကုမ္ပဏီ ထွက်ခွာ