လာဘ်စားမှုဖြင့် အရေးယူခံနေရသည့် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမားသံအရာရှိဟောင်း ဦးစန်းမောင်ဦး၏ အမှုတွင် တရားလိုများ ဖြစ်သည့် မြန်မာနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ လက်ထောက် ညွန်ကြား ရေးမှူး ဦးမိုးကျော်လွင်နှင့် တပ်ကြပ် ထွန်းထွန်းဇော်တို့ကို ဇန်နဝါရီလ ၇ရက်နေ့၊ ရန်ကုန်တိုင်း တရားရုံးတွင် စတင် စစ်ဆေးခဲ့သည်။
အမှုနှင့်ပတ်သက်ပြီး ညွှန်ကြားရေးမှူး ဦးကျော်မိုးလွင်က “ကျနော်စစ်ဆေးတာက ကုမ္ပဏီတခုကနေ ဘတ်ငွေ ၂သောင်း ၂ခါ မြဝတီဘဏ်ကနေ လွှဲပေးတယ်ဆိုတာ စစ်ဆေး ပေါ်ပေါက်တဲ့အတွက် သူ့ကို တရားစွဲတာဖြစ်တယ်”ဟု ဧရာဝတီသို့ ပြောသည်။
လာဘ်ငွေပေးကြောင်း ခိုင်မာသည့် သက်သေအထောက်အထား မပြနိုင်ပါက တရားစွဲဆိုရာတွင် အားနည်းချက် ရှိသည်ဟု ဦးမိုးကျော်လွင်က ထောက်ပြသော်လည်း တိုင်ကြားခဲ့သည့် ကုမ္ပဏီများတွင် ပါဝင်သော ထိုင်းသို့ အလုပ်သမား စေလွှတ်နေသည့် အေဂျင်စီတခုမှ တာဝန်ရှိသူတဦးကမူ ၎င်းတို့တွင် သက်သေများရှိသည်ဟု ဧရာဝတီသို့ ပြောကြားသည်။
ဖြစ်စဉ်မှာ နိုင်ငံတော်မှ ပေးအပ်ထားသော လုပ်ပိုင်ခွင့်အာဏာများကို အလွဲသုံးစားပြု၍ အဂတိ လိုက်စား ဆောင် ရွက်နေသော ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အလုပ်သမားသံအရာရှိသည် အလုပ်ခေါ်စာ (Demand Letter) များကို ခွင့်ပြုမိန့် အမြန်လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်၍ ကုမ္ပဏီ ၁၂ခုထံမှ လာဘ်ငွေ ထိုင်း ဘတ်ငွေ ၅၇၄၃၀၀ (ငွေကျပ် ၂၇၉ သိန်းခန့်) ကို တောင်းခံရယူခဲ့သည်ဟု သိရသည်။
ထို့ပြင် ပြည်ပအလုပ်အကိုင် အေဂျင်စီကုမ္ပဏီများက အလုပ်သမား အမည်စာရင်း (Name List) များ တင်ပြရာတွင် အလုပ်သမား ၁ ဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀ နှုန်းဖြင့် ကုမ္ပဏီ ၁၆ ခု ထံမှ ထိုင်း ဘတ်ငွေ ၃၈၇၃၀၀၀ (ငွေကျပ် ၁၈၁၅ သိန်းခန့်)ကို လက်ခံရယူခဲ့ကြောင်း ဖော်ပြ၍ အရေးယူပေးပါရန် အဂတိကော် မရှင်သို့ ၂၀၁၉ ခုနှစ် ဧပြီလက တိုင်ကြားခဲ့သည်။
တိုင်ကြားစာနှင့် ပတ်သက်ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပြီး ပြည်တွင်းတွင် တိုင်ကြားသူကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် သက်သေများ စစ်ဆေးခြင်း၊ စာရွက်စာတမ်း အထောက် အထား သိမ်းဆည်းခြင်း၊ မြန်မာနိုင်ငံဗဟိုဘဏ်မှ စာရင်းများကို တောင်းခံရယူ စစ်ဆေးခြင်းနှင့် တိုင်ကြားစာပါကိစ္စမှာ မြန်မာနိုင်ငံသားက ပြည်ပတွင် ကျူးလွန်သည့်ကိစ္စ ဖြစ်၍ စုံစမ်းစစ်ဆေးရေးအဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သွားရောက်ပြီး သက်သေများ စစ်ဆေးခြင်း၊ ထိုင်းနိုင်ငံရှိ ဘဏ်တခုမှ ဘဏ်စာရင်းများ တောင်းခံရယူခြင်းတို့ဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စုံစမ်းစစ်ဆေး တွေ့ရှိချက်အရ ထိုင်းနိုင်ငံ အလုပ်သမား သံအရာရှိ ဦးစန်းမောင်ဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလုပ်သမားသံရုံး၌ ၁၆-၁၂-၂၀၁၇ ရက်နေ့မှ ၁၆-၈-၂၀၁၉ ရက်နေ့ထိ တာဝန်ထမ်း ဆောင်နေစဉ် ကာလအတွင်း အလုပ်ခေါ်စာ Demand Letter များကို ပြည်ပ အလုပ်အကိုင် အေဂျင်စီကုမ္ပဏီများက တင်ပြရာတွင် ခွင့်ပြုမိန့် အမြန် လက်မှတ်ရေးထိုးပေးရန်အတွက် ကုမ္ပဏီများထံမှ လာဘ်ငွေအဖြစ် ထိုင်း ဘတ်ငွေများ ကို တောင်းခံရယူခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့အပြင် ပြည်ပအလုပ်အကိုင် အေဂျင်စီကုမ္ပဏီများက အလုပ်သမား အမည်စာရင်း (Name List) များကို တင်ပြရာ တွင် ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးသည် အလုပ်သမား ၁ ဦးလျှင် ထိုင်းဘတ်ငွေ ၁၀၀ နှုန်း ကောက်ခံပြီး ကုမ္ပဏီများထံမှ လာဘ်ငွေအဖြစ် ထိုင်းဘတ်ငွေများကို ဒေသခန့်ဝန်ထမ်း ဦးသန်းထိုက်စိုး (ခ) ကိုစိုး နှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက် အပါအဝင် ၎င်းက တာဝန်ပေးအပ်ထားသည့် အရပ်သား တချို့ထံမှ လက်ခံရယူခဲ့ ကြောင်း အဂတိကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိ လိုက်စားမှု ကျူးလွန်ခဲ့ကြောင်း၊ ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက် တို့သည် ဦးစန်းမောင်ဦး အဂတိလိုက်စားမှုကျူးလွန်ရာတွင် အားပေးကူညီခဲ့ ကြကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် ထိုင်းနိုင်ငံ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရလည်းကောင်း၊ ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက် တို့အပေါ် ဤဥပဒေ ပုဒ်မ ၅၆/၆၃ အရလည်းကောင်း ရန်ကုန် အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ မြို့မရဲစခန်းတွင် ၆-၁၁-၂၀၁၉ ရက်နေ့၌ ပထမ သတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဦးစန်းမောင်ဦးအား ဖမ်းဆီး စစ်ဆေးနေသော်လည်း ၎င်းအဂတိလိုက်စားမှု ကျူးလွန်ရာတွင် အားပေးကူညီ ခဲ့ သည့် ဦးသန်းထိုက်စိုး (ခ) ကိုစိုးနှင့် ဦးစောပြည့်ငြိမ်း (ခ) စောဂျက်တို့ကို လတ်တလော ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း တပ်ကြပ် ထွန်းထွန်းဇော်က ယမန်နေ့ ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။
ဆက်စပ်လင့်
အလုပ်သမား သံအရာရှိဟောင်း၏ အဂတိအမှု ရဲမလာ၍ မစစ်ဆေးဖြစ်
အဂတိမှုဖြင့် စွဲဆိုထားသည့် နေပြည်တော် စည်ပင် ဈေးများဌာနမှူးကို တရားသေလွှတ်
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ အလုပ်သမား သံအရာရှိကို အဂတိ လိုက်စားဖြင့် အရေးယူ