မွန်ပြည်သစ်ပါတီ NMSP ပါတီ၏ ၁၀ ကြိမ်မြောက် ဗဟိုညီလာခံ ကာလအတွင်း ပါတီထိပ်ပိုင်း ရာထူးနေရာ အချို့ကို အပြောင်းအလဲ ပြုလုပ်ခဲ့သည်။
အသက် ၇၄ နှစ် အရွယ်ရှိ ပါတီဥက္ကဋ္ဌ နိုင်ထောမွန်သည် ကျန်းမာရေး မကောင်းသဖြင့် ဥက္ကဋ္ဌရာထူးမှ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ရာထူးသို့ ပြောင်းလဲတာဝန်ယူလိုက်ပြီးနောက် ယခင်က ဒုတိယဥက္ကဋ္ဌဖြစ်သူ နိုင်ဟံသာ က ဥက္ကဋ္ဌ ဖြစ်လာ သည်။
ယခင် NMSP စစ်ဦးစီးချုပ် နိုင်လယီကောင်းနေရာတွင် ဗိုလ်ချုပ်ဗညားမဲစန်း စစ်ဦးစီးချုပ်ဖြစ်လာပြီး ဒုဥက္ကဋ္ဌ နှင့် အထွေထွေအတွင်းရေးမှူး ရာထူးကိုလည်း အပြောင်းအလဲ ပြုလုပ်ခဲ့သည်ဟု NMSP ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးက ဧရာဝတီသို့ ပြောကြားသည်။
“ကျနော်တို့ ဥက္ကဋ္ဌကြီးက ကျန်းမာရေး သိပ်မကောင်းဘူး။ သူက ကြာကြာမထိုင်နိုင်ဘူး။ များများ လမ်းမလျှောက်နိုင် ဘူး။ လူကြီးရောဂါပဲ ပြောရမှာပေါ့။ သူ့အသက်လည်း ကြီးလာပြီဆိုတော့ သူ့ကို ဂုဏ်ထူးဆောင် ဥက္ကဋ္ဌအနေနဲ့ ထားလိုက်တယ်ပေါ့” ဟု ၎င်းက ဆိုသည်။
၂၀၁၉ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးအပတ်က NMSP ဌာနချုပ်၌ ကျင်းပသည့် ၁၀ ကြိမ်မြောက် ဗဟိုညီလာခံ တွင် ထိုသို့ ပြောင်းလဲလိုက်ခြင်း ဖြစ်ပြီး လစ်လပ်သွားသည့် ဒုဥက္ကဋ္ဌနေရာတွင် ယခင်က အထွေထွေ အတွင်း ရေးမှူးဖြစ်သူ နိုင်အောင်မင်း ဒုဥက္ကဋ္ဌ ဖြစ်လာပြီး အထွေထွေအတွင်းရေးမှူး အဖြစ် နိုင်ကျော်ယဲ့၊ တွဲဖက် အတွင်းရေးမှူး အဖြစ် နိုင်ဝင်းလှ ၊ အတွင်းရေးမှူးအဖြစ် နိုင်ဇေယျာ တို့ တာဝန်ပြောင်းယူထားကြောင်း ၎င်းကဆိုသည်။
ပါတီ၏ ရာထူးတာာဝန်များ အပြောင်းအလဲရှိသော်လည်း ပါတီမူဝါဒများမှာ လတ်တလောတွင် အပြောင်းအလဲ ရှိဦးမည် မဟုတ်ကြောင်း နိုင်အောင်မငေးက ရှင်းပြသည် ။
“ကျနော်တို့ ဦးစီးချုပ် နိုင်လယီကောင်းကလည်း အသက် ၆၅ နှစ်ကျော်သွားတော့ စစ်ဖက်ဆိုင်ရာကနေ ပါတီဆိုက် ပြောင်းသွားတယ်ပေါ့။ ဒါက ကျနော်တို့ ပါတီရဲ့ လုပ်ထုံးလုပ်နည်းပေါ့။ ပါတီစည်းကမ်း ကြောင့်ပါ။ တခြားတော့ ဘာမှ မဟုတ်ပါဘူး” ဟု နိုင်အောင်မငေးက ဆက်လက်ပြောဆိုသည်။
ပါတီကို ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ကာ ပါတီ၏ ဗဟိုညီလာခံကို ၄ နှစ်လျှင် ၁ ကြိမ် ကျင်းပသည်။
၁၀ ကြိမ်မြောက် ပါတီဗဟိုညီလာခံကို NMSP ဌာနချုပ်ဖြစ်သည့် ရေးချောင်းဖျားတွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်မှ စတင်ကာ ကျင်းပနေခြင်းဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ညီလာကျင်းပပြီးစီးနိုင်ကြောင်း NMSP ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်အောင်မငေးက ပြောကြားသည်
NMSP အနေနှင့် လက်ရှိ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းမည်ဖြစ်ပြီး နိုင်ငံရေး ကြောင့် ဖြစ်သည့် ပဋိပက္ခကို နိုင်ငံရေးနည်းလမ်းဖြင့် ဆက်လက်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
NMSP သည် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ကရင်အမျိုးအသားအစည်းအရုံး KNU တပ်ဖွဲ့ဝင်များနှင့် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားမှု အချို့ရှိခဲ့သည်။
NMSP ၌စစ်ဦးစီးချုပ် အသစ်တက်လာသဖြင့် KNU နှင့် ဆက်ဆံရေး မည်သို့ဖြစ်နိုင်သည်ကို ဧရာဝတီက နိုင်အောင်မငေးထံမေးမြန်းခဲ့ရာ ၎င်းက KNU နှင့် မဟာမိတ်ဆက်ဆံရေး ဆက်လက် တည်ရှိနေမည် ဖြစ်ကြောင်း ပြောဆိုသည်။
“KNU နဲ့ ကျနော်တို့က အမြဲတမ်း မဟာမိတ်ဖွဲ့တယ်လေ။ မဟာမိတ်ဖွဲ့မှုက ဆက်ပြီးရှိမယ်။ ဖြစ်တာကလည်း ကိုယ့်အချင်းချင်းဖြစ်တဲ့ ကိစ္စကို မိတ်ဖက် မဟာမိတ်အသွင်ပဲ ညှိနှိုင်းသွားမယ်ပေါ့” ဟု ၎င်းက ပြောသည်။
NMSP တွင် ခေါင်းဆောင်ပိုင်းရာထူး အပြောင်းအလဲဖြစ်သည့် ကိစ္စနှင့် ပတ်သက်၍ KNU ဗဟို အလုပ်အမှု ဆောင် အဖွဲ့ဝင် ပဒိုမန်းငြိမ်းမောင်ကမူ NMSP အဖွဲ့၏ လိုအပ်ချက်အရ ခေါင်းဆောင်မှု အပြောင်းအလဲ ဆောင်ရွက်ခြင်းသာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသည်။
“အဖွဲ့အစည်းထဲမှာ ခေါင်းဆောင်မှု အပြောင်းအလဲကတော့ ရှိတတ်တာပဲ။ ခေါင်းဆောင်တွေက ကျန်းမာရေးကြောင့်၊ ဘာကြောင့် ၊ ညာကြောင့် အမျိုးသားရေးတာဝန်ကို မထမ်းဆောင်နိုင်တဲ့ အခါ ခေါင်းဆောင်အသစ်တွေ တက်လာ တယ်။ ဒါက ဓမ္မတာပဲ။ ကျနော်တို့မှာလည်း ဒီလိုပဲရှိတာပဲ။ ဘယ်တိုင်းရင်းသား အဖွဲ့အစည်းမဆိုဒီလိုပဲ” ဟု ၎င်းက ဆိုသည်။
KNU နှင့် NMSP တို့၏ အောက်ခြေတပ်ဖွဲ့ဝင်များ အကြားတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခအချို့သည်လည်း နှစ်ဖက်ညှိနှိုင်းဖြေရှင်းပါက ပြေလည် နိုင်သည့် ကိစ္စများသာဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောသည်။
တိုင်းရင်းသားအရေးလေ့လာသုံးသူ ဦးမောင်မောင်စိုးက “ဆရာနိုင်ဟံသာ အနေနဲ့တော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တောက်လျှောက်ပါလာတဲ့သူဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပိုပြီးတော့ ကျွမ်းကျင်တယ်လို့ ပြောရမှာဖြစ်ပါတယ်” ဟု မှတ်ချက်ပေးသည်။
KNU နှင့် NMSP ပဋိပက္ခဖြစ်ခြင်းသည် နယ်မြေအခြေအနေအရ ပဋိပက္ခဖြစ်ခြင်းသာ ဖြစ်ပြီး ကြီးမားသည့် ပဋိပက္ခဖြစ် လာမည်ဟု မယူဆကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“အဲဒီဘုရားသုံးဆူ ဧရိယာက ရှုပ်တယ်ဗျ။ သူက တပ်ရော၊ နောက်မွန်ပြည်သစ်ပါတီရော၊ DKBA ရော၊ KNU ရော လေးဖွဲ့စလုံး ရောနေတဲ့ ဧရိယာဆိုတော့ ထိလွယ်ရှလွယ်တဲ့ ဧရိယာဖြစ်ပါတယ်။ ထိလွယ်ရှ လွယ်တဲ့ ဧရိယာဖြစ်တဲ့ အခါကျတော့ ပဋိပက္ခကတော့ ဖြစ်နေမှာပဲဗျ။ ဒါပေမယ့် ပဋိပက္ခ ကြီးကြီးမားမား ဖြစ်လာလိမ့်မယ်လို့ ကျနော်မထင်ပါဘူး” ဟု ဦးမောင်မောင်စိုးက သုံးသပ်သည်။
မွန်ပြည်သစ်ပါတီ NMSP သည် ၁၉၅၈ ခုနှစ်တွင် စတင်ပေါ်ပေါက်ခဲ့သည့် မွန်လက်နက်ကိုင် အဖွဲ့အစည်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလတွင် NCA စာချုပ်၌ လက်မှတ်ရေးထိုးခဲ့သည်။
You may also like these stories:
အစိုးရနှင့် အပစ်ရပ်အဖွဲ့များ ဆွေးနွေးမည်
အစိုးရ မြေကွက်ဝယ်ယူသူများ အခြေခံအဆောက်အဦ စရိတ်ပါ ပေးရမည်ဟု စည်ပင်ပြော
PPST ထိပ်သီးခေါင်းဆောင်များ အပြောင်းအလဲဖြစ်မည်