မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ် ရွာတန်းရှည် ကျေးရွာအနီးတွင် ၂၀၂၀ ဇန်နဝါရီ ၇ ရက်က ဧရာဝတီလင်းပိုင် ၁ ကောင် သေဆုံးကြောင်း သားငှက် ထိန်းသိမ်းရေးအဖွဲ့ (မြန်မာနိုင်ငံ အစီအစဉ်) WCS က သိရသည်။
သေဆုံးသွားသည့် ဧရာဝတီလင်းပိုင်မှာ အထီး ဖြစ်ကာ အလျား ၇ ပေ ၃ လက်မ၊ လုံးပတ် ၄ ပေ ၄ လက်မ ရှိပြီး အသက် အရွယ်ကြီး ရင့်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟု WCS က ထုတ်ပြန်ချက်ထားသည်။
WCS မှ ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး တာဝန်ခံ ဦးကျော်လှသိန်းက “အသက်ကြီးလို့ သက်ကြီးကောင် အနေနဲ့ သေ ဆုံးသွားတယ်လို့ ကောက်ချက် ဆွဲထားပါတယ်။ အရင် သေဆုံးတဲ့ လင်းပိုင်တွေမှာ ၇ ပေ ၂ လက်မ အထိပဲ တွေ့ရတယ်။ အခုကောင်က ၇ ပေ ၃ လက်မ ရှိတယ်ဆိုတော့ အရွယ်အစားအားဖြင့် တော်တော်လေးကြီးတယ် လို့ ပြောရမှာ” ဟု ပြော သည်။
၎င်းက ဆက်လက်၍ “ပြီးတော့ သွားတွေက သက်ကြီးကောင်တွေမှာ တွေ့ရတဲ့ ပုံစံအတိုင်း သွားတွေက တိုပြီးတော့ တုံး နေတဲ့အပြင် တချို့နေရာတွေမှာ ချိုင့်ခွက်တွေ ဖြစ်နေတာ တွေ့ရတယ်။ ပိုပြီး သေချာတာက ဗိုက်ခွဲပြီးတော့ အစာအိမ်ကို ကြည့်တဲ့အခါမှာ အစာ လုံး၀ မတွေ့ရဘူး။ ဘယ်တုန်းကတည်းက အစာပြတ်နေတယ် ဆိုတာ ပြောလို့တောင် မရဘူး၊ ဒါ ကြောင့် အသက်ကြီးကောင်လို့ သုံးသပ်ပြီး ကောက်ချက် ဆွဲခဲ့တာပါ” ဟု ရှင်းပြသည်။
အဆိုပါ လင်းပိုင်သည် ရွာတန်းရှည်ကျေးရွာ အနီးတွင် သေဆုံးမျောပါနေစဉ် အောင်လျံစိန် ၂ အမြန် ရှပ်ပြေးယာဉ်မှ တွေ့ရှိ ဆယ်ယူ၍ အင်းဒေါင်း ကျေးရွာရှိ ဧရာဝတီလင်းပိုင် အခြေပြု သဘာဝအခြေခံ ခရီးသွားလုပ်ငန်း တည်းခိုဆောင်သို့ ပို့ ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ဧရာဝတီလင်းပိုင် သေဆုံးမှုကို သက်ဆိုင်ရာ ငါးလုပ်ငန်း ဦးစီးဌာန၊ ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တဝါများ ထိန်း သိမ်းရေးဌာန၊ WCS နှင့် ရေကြောင်းရဲတပ်ဖွဲ့တို့ သွားရောက် စစ်ဆေးမှုအရ ဧရာဝတီမြစ်ကြောင်း တလျှောက် မန္တလေးနှင့် ဗန်းမော်ကြား သေဆုံးသော လင်းပိုင်များအနက် အကြီးဆုံး အကောင် ဖြစ်ကြောင်း သိရသည်။
ထိုသို့ အသက်အရွယ်ကြီးရင့်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟု သုံးသပ်ထားသော်လည်း ဒေသခံများနှင့် အရပ်ဘက် အဖွဲ့ အစည်းများက ဘတ္ထရီရှော့ခ်တိုက်ခံရခြင်းကြောင်း သေဆုံးသည်ဟု ပြောဆိုကြသည်။
စိမ်းရောင်စို၊ သဘာဝစိမ်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှု အဖွဲ့ ဦးဆောင်သူ ဦးမောင်မောင်ဦးက “သေတဲ့နေရာက မြစ်စို့ပေါက်(မြစ်မကြီး ရေစီးကြောင်းနှင့် တဖက်တွင် အင်း၊ အိုင် အစပ်ရှိသည့် နေရာ) တွေနဲ့ နီးတယ်။ မြစ်စို့ပေါက်တွေမှာ ငါးပျော်တယ်၊ ငါးပျော်တဲ့အတွက် လင်းပိုင်လာသလို ရှော့ခ်ထိုးတဲ့သူတွေလည်း လာတယ်။ ပြီးတော့ အဲဒီပတ်ဝန်းကျင်မှာ လေလံအင်းတွေလည်း ရှိတယ်။ အဲဒီအောက်ဘက်မှာ ရှိတဲ့ ရေလုပ်သားတွေ ကလည်း ရှော့ခ်မိတယ်လို့ ပြောတယ်” ဟု ဆိုသည်။
ဆင်ကျွန်းကျေးရွာမှ ရေလုပ်သား ခေါင်းဆောင် ဦးမောင်လေး ကလည်း “အခု ဧရာဝတီ လင်းပိုင်သေတာက ရှော့ခ်တိုက် ခြင်းကြောင့် သေဆုံးမှု ဖြစ်ခဲ့တာလို့ သုံးသပ်ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၆ ရက် နေ့လယ်ပိုင်းအထိ ကျနော်တို့နဲ့ အတူ လုပ်ငန်း လုပ်ထားခဲ့သေးတာ။ ညခင်းပိုင်းမှ သေဆုံးမှု ဖြစ်ခဲ့တာ ဆိုတော့ ရှော့ခ်တိုက်ရှေ့ထိုးတာကို မိခဲ့တယ်လို့ ပြောတာပါ” ဟု ပြောသည်။
ဧရာဝတီ လင်းပိုင်များ သေဆုံးနေရခြင်းမှာ ဧရာဝတီမြစ်အတွင်း၌ ဒေသခံ ငါးဖမ်းသမားများ၏ တရားမဝင် ငါးဖမ်းဆီးခြင်း၊ ဘတ္ထရီ၊ ကျင်စက်၊ မီးစက်များဖြင့် ရှော့ခ်တိုက် ငါးဖမ်းဆီးခြင်း၊ အဆိပ်ချငါးဖမ်းဆီးခြင်း၊ မြစ်ကြောင်းအတွင်း ကမ်းတဖက်မှ တဖက်ကို ပိတ်ထားသည့် တန်းပိုက်များ၊ ခွင့်ပြု သတ်မှတ် အလျား ပေ ၃၀၀ ထက် ပိုသည့် မျှောပိုက်များ၊ မိုင်းခွဲ၍ ငါးဖမ်း ဆီးခြင်းများကြောင့် အများဆုံး သေဆုံးနေရခြင်းဟု သိရသည်။
ဦးမောင်မောင်ဦးက “ထိန်းသိမ်းရေး ဇုန်အတွင်းမှာ ရှော့ခ်တိုက် ငါးဖမ်းဆီးမှု အပါအဝင် တရားမဝင် ငါးဖမ်းဆီးမှုတွေကို သက်ဆိုင်ရာ ဌာနဥပဒေနဲ့ အရေးယူတဲ့ အပြင် ပိုပြီး ပြင်းထန်တဲ့ ဥပဒေတွေနဲ့ပါ အရေးယူမှုတွေ လုပ်ဆောင်ဖို့ လိုအပ် လာပြီ။ ပြောချင်တာက လင်းပိုင်နဲ့ ပတ်သက်ပြီး သီးသန့်ဥပဒေ ပြဋ္ဌာန်းခြင်းဖြင့် သော်လည်းကောင်း၊ ရှိပြီးသား လင်းပိုင် ထိန်းသိမ်းရေး ဧရိယာဇုန်ကို လွှတ်တော်ကနေ ပြန်လည် ပြဋ္ဌာန်းပေးပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်မယ် ဆိုရင် အခုလို သေဆုံးမှုမျိုးတွေ လျော့ပါးလာနိုင်မယ်” ဟု ပြောသည်။
ယခု သေဆုံးသွားသည့် လင်းပိုင်မှာ ယခုနှစ်ဆန်း အတွင်း ပထမဆုံး စတင် သေဆုံးခြင်း ဖြစ်ပြီး သေဆုံးသည့် လင်းပိုင် အား ပြတိုက်တွင် ပြသထားရှိနိုင်ရန် အရိုးချသည့် အနေဖြင့် လင်းပိုင်အသေအား သဲအတွင်း မြှုုပ်ကာ အရိုးများကို ပြန် လည် တူးဖော်ရယူသွားမည် ဖြစ်ကြောင်း သိရသည်။
ကမ္ဘာ့သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ မှတ်တမ်းတွင် ဧရာဝတီ လင်းပိုင်သည် မျိုးသုဉ်း ပျောက်ကွယ်လု အခြေ အနေ၌ ရှိနေခြင်းကြောင့် ရှားပါး စာရင်းဝင် ဖြစ်နေသဖြင့် ကချင်ပြည်နယ် အစိုးရ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း ဒေသကြီး အစိုးရ၊ ငါးလုပ်ငန်း ဦးစီးဌာနနှင့် WCS ၊ အရပ်ဘက် အစုအဖွဲ့များက ပုံစံမျိုးစုံဖြင့် ထိန်းသိမ်းရေး လုပ်ငန်းများ လုပ်ဆောင် လျက် ရှိသည်။
ဧရာဝတီလင်းပိုင်းသည် ဒေသခံများနှင့် အကျိုးတူ ငါးဖမ်းခြင်း ယဉ်ကျေးမှု ပုံစံများသည် ကမ္ဘာလုံး ဆိုင်ရာ စံသတ်မှတ် ချက် တန်ဖိုးဟု သတ်မှတ်၍ ရနိုင်ခြင်းကြောင့် ယူနက်စကိုမှ၂၀၁၄ ဖေဖော်ဝါရီ ၂၅ ရက်က ဧရာဝတီမြစ်နှင့်အတူ လင်း ပိုင်များကိုပါ ယူနက်စကို၏ ပဏာမ စာရင်း၌ ထည့်သွင်းထားကြောင်း သိရသည်။
ယခုအခါ ဒေသခံငါးဖမ်း သမားများ၏ တရားမဝင်ငါး ဖမ်းဆီးခြင်း၊ ဘတ္ထရီ၊ ကျင်စက်၊ မီးစက်များဖြင့် ရှော့တိုက် ငါးဖမ်းဆီး ခြင်း၊ အဆိပ်ချ ငါးဖမ်းဆီးခြင်း၊ မြစ်ကြောင်းအတွင်း ကမ်းတစ်ဖက်မှ တစ်ဖက်ကို ပိတ်ထားသည့် တန်းပိုက်များ၊ ခွင့်ပြု သတ်မှတ် အလျား ပေ ၃၀၀ ထက် ပိုသည့် မျှောပိုက်များ၊ မိုင်းခွဲ၍ ငါးဖမ်းဆီးခြင်းများ မပြုလုပ်ရန် သတိပေးတားမြစ်ချက် များ ထုတ်ပြန်ထားသလို ရှားပါး စာရင်းဝင် ဧရာဝတီ လင်းပိုင် သေဆုံးမှုများ မရှိစေရေး အတွက် လင်းပိုင်ထိန်းသိမ်း ကာ ကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ အဖြစ် ရေကြောင်းရဲ တပ်ဖွဲ့ဖြင့် ပူးပေါင်း၍ ကင်း လှည့်ခြင်းများ၊ ထိန်းသိမ်းရေး ဧရိယာအတွင်းမှ ကျေးရွာနေ ပြည်သူများကို အသိပညာပေး လုပ်ငန်းများကို လုပ်ဆောင် လျက် ရှိကြောင်း သိရသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအတွင်း၌ တရားမဝင် ငါးဖမ်းဆီးခြင်း၊ ရှော့တိုက်ဖမ်းဆီးခြင်း၊ အဆိပ်ချ ဖမ်းဆီး ခြင်းများ အတွက် ဒဏ်ငွေ ကျပ် ၃ သိန်း၊ ထောင်ဒဏ် ၃ နှစ် သတ်မှတ်ထားသော်လည်း ဖမ်းဆီးရမိသူများကို ထောင်ဒဏ် ၁ လမှ ၃ လ အထိသာ ချမှတ်နေကြောင်း သိရသည်။
ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာအဖြစ် မင်းကွန်းမှ ကျောက်မြောင်း အထိ မြစ်ကြောင်း အရှည် ၇၂ ကီလိုမီတာအား ၂၀၀၅ ခုနှစ် ကလည်းကောင်း၊ ကသာမှ ရွှေကူအထိ မြစ်ကြောင်းအရှည် ၁၁၈ ဒသမ ၅ ကီလိုမီတာအား ၂၀၁၈ ခုနှစ်က လည်းကောင်း သတ်မှတ်ခဲ့သည့် အပြင် ၂၀၁၈ ခုနှစ် သြဂုတ်လကလည်း ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး နယ်မြေကို ဧရာဝတီ မြစ်ကြောင်း စီးဆင်းရာ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထိ ထပ်မံ တိုးချဲ့သတ်မှတ်ထားသည်။
ဧရာဝတီ လင်းပိုင် ထိန်းသိမ်းရေး ဧရိယာ အတွင်း၌ ငါးလုပ်ငန်းဦးစီးဌာနနှင့် WCS တို့ ပူးပေါင်း ပြုလုပ်ခဲ့သည့် စစ်တမ်းများ အရ ၂၀၁၈ ခုနှစ်က ဧရာဝတီလင်းပိုင် ၇၆ ကောင် ရှိကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ဧရာဝတီလင်းပိုင် ၇၂ ကောင် ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်အတွက် စစ်တမ်းကောက်ယူမှုကို ဖေဖော်ဝါရီလ အတွင်း ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ်က ဧရာဝတီလင်းပိုင် ၃ ကောင် သေဆုံးခဲ့သလို ၂၀၁၈ ခုနှစ်က ၆ ကောင် အထိ သေဆုံးခဲ့ကြောင်း၊၂၀၁၉ ခုနှစ်တွင် ၃ ကောင် သေဆုံးခဲ့သလို ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်း အချိန်က ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေး ဧရိယာဖြစ်သည့် မန္တလေး-ကျောက်မြောင်း ဧရာဝတီမြစ်အတွင်း ဧရာဝတီလင်းပိုင် အကောင်ပေါက် နှစ်ကောင် တွေ့ရှိထားကြောင်း မန္တလေး ငါးလုပ်ငန်း ဦးစီးဌာနက ပြောဆိုထားသည်။
ဆက်စပ်ဖတ်ရှု့ရန် –
ဧရာဝတီ လင်းပိုင်များ လုံခြုံရေး စိုးရိမ်နေရပြီလား