လက်နက်ကိုင် နည်းလမ်းဖြင့် စိတ်ကူးမယဉ်ဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး
တိုင်းရင်းသား ဒေသတချို့တွင် မမျှော်လင့်ဘဲ လက်နက်ကိုင် တိုက်ခိုက်မှု များပြားလာသဖြင့် လက်နက်ကိုင် နည်း လမ်းဖြင့် စိတ်ကူး မယဉ်ကြရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ယနေ့ နေပြည်တော်ရှိ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဗဟိုဌာန (NRPC)တွင် ပြုလုပ်သည့် တနိုင် ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်ရေး ညှိနှိုင်း အစည်းအဝေး (JICM) ၏ အဖွင့် မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က “လက်နက်ကိုင် တိုက်ခိုက်မှုတွေ များလာတဲ့ကိစ္စနဲ့ ပတ်သက်လို့လည်း ကျမတို့ အနေနဲ့ သတိပေးချင်ပါတယ်။ လက်နက်ကိုင်ပြီး အားသာချက် ယူတာမျိုး၊ ဖြေရှင်းချက် အသစ်တွေကို စိတ်ကူးယဉ်တာမျိုး တွေနဲ့ ကျမတို့ နိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းလို့ မရနိုင်ပါဘူး” ဟု ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့၌ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့တို့ ကြားတွင် လက်နက်ကိုင် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျက် ရှိနေချိန် ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ရက္ခိုင်စစ်တပ် (AA) က ၎င်းတို့ အခြေစိုက် စခန်းရရှိပြီး ခြေကုတ်ယူနိုင်ရေး အတွက် ကြိုးစားနေ သလို ရှမ်းမြောက်ပိုင်းတွင် ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့က လက်နက်ကိုင် တိုက်ပွဲများ ဆင်နွှဲလျက် ရှိသည်။
တိုင်းပြည်တွင် ပြဿနာများကို ဒီမိုကရေစီ နည်းကျကျ ငြိမ်းချမ်းတဲ့နည်းနှင့် ဖြေရှင်းကြမည် ဆိုပါက လက်နက်ကိုင် နည်းလမ်းသည် အသုံးမဝင်ကြောင်း၊ သို့သော် တိုင်းပြည်၏ အာဏာကို လက်နက်နှင့် ထိန်းချုပ်ထားပြီး လက်နက်ဖြင့် အုပ်ချုပ်နေပါက လက်နက်ကိုင်နည်းသည် အသုံးဝင်ကြောင်း ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
“ရွေးကောက်ပွဲနည်း၊ ဒီမိုကရေစီနည်းနဲ့ လုပ်နိုင်တယ် ဆိုရင်တော့ ဒီမိုကရေစီခတ်ကြီးမှာ လူထုရဲ့ ဆန္ဒကို ဖော်ပြနိုင် တယ်ဆိုရင် လက်နက်နဲ့ ဖြေရှင်းတာက အနှောင့်အယှက် လို့တောင် ဖြစ်သွားနိုင်တာပေါ့။ အဲဒါကို ရည်ညွှန်းတယ်လို့ ကျနော် ထင်တယ်” ဟု ၎င်းက ပြောသည်။
တိုင်းပြည်တွင် နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားခဲ့သည့် လက်နက်ကိုင် ပဋိပက္ခ၏ ဆိုးကျိုးကြောင့် အပြစ်မဲ့ ပြည်သူများ ထိ ခိုက်ရပြီး ပြည်သူများမှာ ဒုက္ခသည်စခန်းများသို့ ရောက်ရှိသွားခြင်းသည် မြင်သာသည့် ဆိုးကျိုးများ ဖြစ်ကြောင်း၊ မမြင် သာသည့် ဆိုးကျိုးမှာ ဒေသခံ တိုင်းရင်းသားများ၏ အနာဂတ် မှေးမှိန် ပျောက်ကွယ်သွားရခြင်း ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောသည်။
“ရေတိုကာလမှာတော့ မာန်မာနတွေ၊ အာဃာတတွေနဲ့ လက်နက်ကိုင် တိုက်ပွဲတွေမှာ စီးမျောနေကြပါလိမ့်မယ်။ ရေ ရှည်ကာလမှာတော့ ဒီလက်နက်ကိုင် တိုက်ပွဲတွေရဲ့ နောက်ကွယ်မှာ ပေးဆပ်လိုက်ရတာက ကျမတို့ တိုင်ရင်းသား တွေ၊ ကျမတို့ တိုင်းရင်းသား ဒေသတွေ ဆိုတာကို တဖြည်းဖြည်းချင်း အထင်အရှား တွေ့မြင်လာကြရပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။
AA ၏ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခကမူ တပ်မတော်က ရခိုင်ပြည်နယ် အပါအဝင် တိုင်းရင်းသား ဒေသများတွင် လက် နက် အားကိုးနှင့် မတရားကျူးကျော်၊ မတရား ဖိနှိပ်သတ်ဖြတ် အနိုင်ကျင့်မှုများ ဆောင်ရွက်နေသဖြင့် ယခုလို လက် နက်ကိုင် တော်လှန်နေရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၉ရက်က ရခိုင်ပြည်နယ် မာန်အောင်မြို့ နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံဖွင့်ပွဲတွင် ဒေသဖွံ့ဖြိုးရေးအတွက် နယ်မြေဒေသ ငြိမ်းချမ်းရန် လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှသာ ရင်းနှီးမြုပ်နှံမှုများ လာမှာဖြစ်ကြောင်း၊ ယခုအခါ ပြည်သူ့ကိုယ်စား ပြု လွှတ်တော် ရှိလာပြီဖြစ်သဖြင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် အခြေခံမူ ချမှတ်နိုင် သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ရှိလာပြီ ဖြစ်ကြောင်း ပြောသည်။
ထို့အပြင် မိမိတို့ လိုလားချက်ကို တောင်းဆိုရာတွင် လက်နက် ဆွဲကိုင်ပြီး အကြမ်းဖက်နည်းဖြင့် တောင်းဆိုရန် လိုမလိုကို သုံးသပ်ရန် မေးခွန်းထုတ်ခဲ့ပြီး၊ လက်နက်ကိုင်ခြင်းသည် သတ္တိရှိသည့် နည်းမဟုတ်ကြောင်း၊ လက်နက် မကိုင်ဘဲ လိုရာပန်းတိုင်ကို ဇွဲ၊ လုံလ၊ ဝိရီယဖြင့် သွားခြင်းသာ တကယ့်သတ္တိ အစစ်အမှန်ဖြစ်ကြောင်း၊ လက်နက်ကိုင်မှ သတ္တိရှိသည်ဆိုလျှင် လက်နက်မရှိပါက ကိုယ်ဟာ ဘာမှ မဟုတ်တော့ဘူးဆိုတာ နှလုံးသွင်းသင့်ကြောင်း ထောက်ပြ ခဲ့သည်။
လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့သည် NCA လက်မှတ် ရေးထိုးထားပြီး အစိုးရနှင့် ငြိမ်းချမ်းရေး ဆက် လက် ဆွေးနွေးလျက် ရှိသော်လည်း ကျန်အဖွဲ့များမှာ အကြောင်းအမျိုးမျိုးဖြင့် NCA လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသ လို တချို့အဖွဲ့များမှာလည်း တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။
ဆက်စပ်ဖတ်ရှုရန်
ငြိမ်းချမ်းရေး ရလဒ်ကောင်းများ ထွက်ပေါ်ရန် ကြိုးပမ်းသင့်ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ် တိုက်တွန်း