ရန်ကုန်မြို့ရှိ ဝန်ကြီးများရုံး (အတွင်းဝန်ရုံး) ကို ငှားရမ်းထားသည့် အနော်မာ အနုပညာ ကုမ္ပဏီလီမိတက်က ငှားရမ်းခ ပေးချေမှု နောက်ကျခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရက စာချုပ်ပါ စည်းကမ်းအရ ဒဏ်ကြေးငွေ ကောက်ခံမှု ပျက်ကွက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ထောက်ပြထားသည်။
ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာရေးနှစ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအား ဇန်နဝါရီ ၈ ရက်နေ့ကျင်းပသော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက လွှတ်တော် သို့ ရှင်းလင်းတင်ပြခြင်း ဖြစ်သည်။
အနော်မာ အနုပညာ ကုမ္ပဏီလီမိတက်သည် ငှားရမ်းခ တလလျှင် ကျပ် ၂၅ သန်းဖြင့် တနှစ်စာ ကျပ် သန်း ၃၀၀ ကို ၂၀၁၇ ခုနှစ် ၁၁ လပိုင်းနှင့် ၁၂ လပိုင်းတွင် အစိုးရက ငွေသွင်းရန် အကြောင်းကြားစာ နှစ်ကြိမ်ပေးပို့ခဲ့သော်လည်း ၂၀၁၉ ခုနှစ် ၄ လပိုင်းတွင်မှ ငွေသွင်းပေးခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။
ထိုကဲ့သို့ နောက်ကျပေးသွင်းခြင်းကို စာချုပ်ပါ စည်းကမ်းအရ ငှားရမ်းခ ငွေ၏ ၁၀ ရာခိုင်နှုန်း ဒဏ်ကြေး ကောက်ခံရ မည် ဖြစ်သော်လည်း အစိုးရအဖွဲ့က ကောက်ခံထားခြင်း မရှိကြောင်း စာရင်းစစ်ချုပ်က လွှတ်တော်တွင် ထောက်ပြခဲ့ သည်။
ဝန်ကြီးများရုံး မြေနှင့် အဆောက်အဦကို ပြတိုက်အပါအဝင် အခြားဝန်ဆောင်မှု လုပ်ငန်းအဖြစ် အသုံးပြုရန်အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက အနော်မာ အနုပညာ ကုမ္ပဏီလီမိတက်သို့ ၂၀၁၅ မှ ၂၀၆၅ ထိ နှစ် ၅၀ စာချုပ်ချုပ်ဆို နှစ်ရှည်ငှားရမ်းထားခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း ကုမ္ပဏီကို ငှားရမ်းခ ကင်းလွတ်ခွင့် ပြုထားသည့် ပြုပြင်မွမ်းမံကာလ ၂ နှစ် သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ပြည့်မြောက်ခဲ့သော်လည်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပြင်ဆင်မွမ်းမံကာလကို ၂၀၁၈ ခုနှစ် အထိ တိုးမြှင့် သတ်မှတ်ပေးခဲ့ကြောင်း စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုကဲ့သို့ လုပ်ငန်းပြင်ဆင်ကာလ တနှစ် တိုးမြှင့် ခွင့်ပြုထားသော်လည်း နှစ်ဦးသဘောတူ စာချုပ်များ ချုပ်ဆိုထားမှု မရှိကြောင်း စာရင်းစစ်ချုပ်က ထောက်ပြသည်။
ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက“၂၀၁၆-၂၀၁၇ စာရင်းစစ်ချုပ် အစီရင်ခံစာ အပေါ် ရန်ကုန်တိုင်း ဒေသကြီး အစိုးရက ၂၀၁၇-၂၀၁၈ မှာ မလိုက်နာတဲ့ သဘောအများကြီး တွေ့နေရတယ်။ ဝန်ကြီးများရုံးဆို မြေငှားခကို ထောက်ပြတယ်။ နစ်နာတယ်ဆိုတာကို ထောက်ပြတယ်။ သို့သော်လည်းပဲ ဆောက်လုပ် ခွင့် ကာလ သက်တမ်းတိုးတာတွေက အစ စာချုပ်ကို ပီပီပြင်ပြင် ထပ်ပြီးတော့ မလုပ်တဲ့ သဘောရှိတယ်”ဟု ပြောဆို သည်။
ထို့ပြင် စာချုပ်ပါ အချက်တချက်ဖြစ်သည့် အပိုဒ် ၈ (က) သည် သတ်မှတ် ကာလအတွင်း ဖွင့်လှစ်နိုင်ခြင်း မရှိပါက လုပ်ငန်း အကောင်အထည် ဖော်မည့် ကာလကို ငှားရမ်းသူနှင့် အငှားချထားခြင်း ခံရသူ နှစ်ဦးနှစ်ဖက်ညှိနှိုင်း သတ်မှတ် နိုင်ကြောင်း၊ ငှားရမ်းခ နှုန်းထားများ စတင်ကောက်ယူမည့် နေ့သည် လုပ်ငန်းစတင် ဆောင်ရွက်သည့်နေ့ ဖြစ်သည်ဟု ချုပ်ဆိုထားကြောင်းလည်း သိရသည်။
သို့သော် စာချုပ်အပိုဒ် ၈ (က) အရ လုပ်ငန်းအကောင်အထည် ဖော်မည့် ကာလကို နှစ်ဦးနှစ်ဖက် ညှိနှိုင်း ဆောင်ရွက်မှု မရှိခြင်းကိုလည်း စစ်ဆေးတွေ့ရှိရကြောင်း စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ထည့်သွင်း ပြောကြားသည်။
စာချုပ် အပိုဒ် ၈ (က) ပါ ငှားရမ်းခ နှုန်းထားများ စတင် ကောက်ယူမည့် နေ့သည် လုပ်ငန်း စတင်ဆောင်ရွက်သည့်နေ့ ဖြစ်သည်ဟု ထည့်သွင်း ချုပ်ဆိုထားခြင်းသည် အငှားချထားခြင်း ခံရသူအပေါ် အထူး အခွင့်အရေး ပေးနေသည့် သဘော သက်ရောက်နေကြောင်းနှင့် နိုင်ငံတော် ရငွေများ သတ်မှတ်ကာလအတွင်း အပြည့်အဝ ရရှိရေး ဆောင်ရွက် ရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်က ထောက်ပြ ပြောဆိုသွားသည်။
အနော်မာ အနုပညာ ကုမ္ပဏီ လီမိတက်သည် ယခင် စစ်အစိုးရ အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ထွန်းကြည် မိသားစုဝင်များက ဦးဆောင် လုပ်ကိုင်နေသည့် ကုမ္ပဏီ ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
You may also like these stories:
ဝန်ကြီးများရုံးအတွင်းက Spa ပိတ်သိမ်းခြင်း ရှိမရှိ စည်ပင်စစ်ဆေး
ဝန်ကြီးများရုံးက ကျန်းမာရေး စင်တာ လုပ်ငန်း လိုင်စင် မရှိ၍ ပိတ်သိမ်းရမည်ဟု ဆို
အတွင်းဝန်ရုံးသည် ထူးခြားနေရာဖြစ်၍ ကျန်းမာရေးစင်တာအဖြစ် ရင်းနှီးမြှုပ်နှံခြင်းဟု လုပ်ငန်းရှင်ပြော