နေပြည်တော်ကောင်စီ ဇေယျာသီရိ မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းမှ သိမ်းဆည်းထားသည့် လယ်ယာမြေများကို မူလ တောင်သူများထံ ပြန်လည် ပေးအပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
မန္တလေးတိုင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက“သိမ်းဆည်းထားပြီး စီမံကိန်း အကောင် အထည် မဖော်တဲ့ မြေကွက်တွေကို မူလ တောင်သူတွေဆီကို ပြန်ပေးဖို့အတွက် ပြင်ဆင်နေပါပြီ”ဟု ပြောသည်။
ဇန်နဝါရီ ၈ ရက်နေ့က နေပြည်တော် ဥတ္တရသီရိ မြို့နယ် ရွှေနံ့သာ ရပ်ကွက်တွင် တောင်သူ ၃၀ ကျော်က သိမ်းဆည်း လယ်ယာမြေများ ပြန်လည်ရရှိရန် အတွက် ဆန္ဒထုတ်ဖော်နေစဉ် လွှတ်တော် ကိုယ်စားလှယ်က ရောက်ရှိလာပြီး အထက်ပါ အတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
တပ်ကုန်းမြို့နယ်နှင့် ဇေယျာသီရိ မြို့နယ်မှ စစ်မှုထမ်းဟောင်း သိမ်းဆည်းထားသည့် မြေဧက ၂၆၄ ဒသမ ၁၇ ဧကကို မူလပိုင်ဆိုင်သည့် တောင်သူများ ထံသို့ ပြန်လည်ပေးအပ်နိုင်ရန် အတွက် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ နောက်ဆုံး အပတ် က နေပြည်တော် လယ်စစ် အစည်းအဝေးအရ ဆုံးဖြတ်ချက် ရထားပြီး ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲသို့ ရောက်ရှိလာ သည့် လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက ရှင်းပြသည်။
၎င်းက“ကျနော်တို့ အခုလို ဆုံးဖြတ်လိုက်တာဟာ ကောင်စီ ဥက္ကဋ္ဌ ကိုယ်တိုင် ပါပါတယ်။ စစ်မှုထမ်းဟောင်းက သိမ်း ထားတဲ့ မြေတွေအပြင်ကို သိမ်းဆည်းမြေတွေ အကုန်လုံး ပြန်ပေးနိုင်ဖို့ အတွက်လည်း လုပ်နေပါတယ်”ဟု ပြောသည်။
ထိုသို့ စစ်မှုထမ်းဟောင်းအဖွဲ့မှ သိမ်းဆည်းထားသည့် လယ်ယာမြေများသာ ပြန်လည်ပေးအပ်ရန် စီစဉ်နေခြင်း မဟုတ် ဘဲ သိမ်းဆည်း လယ်ယာမြေများကို မူလတောင်သူများထံ ပြန်လည်ပေးအပ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ထံမှလည်း သိရသည်။
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ (ဗဟိုဌာနချုပ်) မှ ၁၉၈၄ မြေသိမ်းအက် ဥပဒေ၊ ၁၉၅၃ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေတို့နှင့် အညီ ၂၀၀၆ ခုနှစ် အောက်တိုဘာလ အတွင်းက သိမ်းဆည်းခဲ့သည့် မြေများကို စစ်ဆေး တွေ့ရှိခဲ့သဖြင့် စီမံကိန်း အကောင်အထည် ဖော်ဆောင်ခြင်း မရှိသဖြင့် ပြန်လည် ပေးအပ်ရန် အတွက် စည်းဝေး ဆုံးဖြတ် ခဲ့ကြောင်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ဆိုသည်။
သိမ်းဆည်းထားသည့် မြေကွက်များပေါ်တွင် မည်သည့် စီမံကိန်းမှ စိုက်ပျိုးခြင်းမရှိသဖြင့် မိမိတို့ လယ်ယာမြေများကို ပြန်လည် ရရှိရန် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်ကြောင်း ဦးဆောင် ဆန္ဒထုတ်ဖော်သူ ဦးစိန်ဝင်းက ပြောသည်။
၎င်းက“၈ ဧက အသိမ်းခံရတယ်။ ပိုင်တာ အကုန်ပဲ။ သိမ်းတော့ လက်မဲ့ဖြစ်တယ်။ အခု ကျပန်းလုပ်စားတယ်။ ဘယ်မှာ စီးပွားရေး အဆင်ပြေမှာလဲ။ ဒါကြောင့် အခုလို ဆန္ဒပြတာပါ”ဟုလည်း ပြောဆိုသည်။
ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သူ ဒေါ်အေးသိန်းကလည်း“အစ်မဆိုရင် တောရိုင်းနဲ့ ဆိုရင် ဧက ၂၀ ကျော်တယ်။ အဲဒီမြေ ကွက်ထဲမှာ မွေးကတည်းက လုပ်ကိုင်စားလာတာ။ သိမ်းသွားကတည်းက လျော်ကြေးဆိုတာလည်း တပြားတချပ်မှ မရဘူး။ ဆီးသီး ကောက်စားရတယ်။ နေ့စားလိုက်ရတယ်။ ဒီလိုပဲကြုံတာ လုပ်စားရတယ်”ဟု ပြောသည်။
ဆန္ဒဖော်ထုတ်သည့် တောင်သူ ၃၀ ကျော် ပိုင်ဆိုင်သော ဧက ၃၀၀ ကျော်တွင် ယခင်က ယူကလစ် စိုက်ခင်းများ စိုက်သော်လည်း နောက်ပိုင်းတွင် ဆက်လက် စိုက်ပျိုးခြင်းမရှိဘဲ မြေကွက်လပ်များ ဖြစ်နေသဖြင့် တောင်သူများက မိမိတို့ပိုင် လယ်ယာမြေများ ပြန်လည် ရရှိရန် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ရခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။
နေပြည်တော် ကောင်စီ နယ်မြေ စတင် တည်ဆောက်ခဲ့စဉ်က သိမ်းဆည်းခဲ့သည့် မြေဧက ခြောက်သောင်း ဝန်းကျင် ရှိပြီး ထိုမြေများတွင် လယ်ယာမြေ ဧက ၂၃၀၀၀ ကျော်၊ သစ်တောမြေမှ စွန့်လွှတ်သည့် မြေဧကပေါင်း သုံးသောင်းခန့်၊ မြေလွတ် မြေရိုင်း ဧက ၁၀၀ ခန့်နှင့် မြို့ဟောင်း ၃ မြို့ ဖြစ်သည့် ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်းမြို့မှ ဧက ၅၀၀၀ ကို မြို့မြေ အဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လက်ရှိ အစိုးရ လက်ထက်တွင် နေပြည်တော် ကောင်စီ နယ်မြေ အတွင်း သိမ်းဆည်းမြေများ အတွက် တောင်သူ များ ကို ၂၀၁၆- ၂၀၁၇ ဘဏ္ဍာရေးနှစ် အတွင်း နစ်နာကြေးငွေ ပေးအပ်မှု ၆ ကြိမ် ပြုလုပ်ခဲ့ပြီး သစ်တော စိုက်ပျိုးမြေ ဧက ၉၀၀ ကျော်ရှိ နစ်နာသည့် တောင်သူ ၃၈၂ ဦးအတွက် လျော်ကြေးငွေ ကျပ်သန်း ၁၁၀၀ ကျော် ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်းလည်း နေပြည်တော် စည်ပင်သာယာရေး ကော်မတီက ဆိုသည်။
You may also like these stories:
ဗစ်တိုးရီးယားအမှုမှ ကိုအောင်ကြီးကို အာမခံ ပေးမပေး နောက်ရုံးချိန်းတွင် ဆုံးဖြတ်မည်
ကိုယ့်ကားကိုယ်စီး၍ အစိုးရ ဝန်ထမ်းလာလုပ်နေရခြင်းမှာ သဘာဝမကျဟု မြို့တော်ဝန်ပြော
နေပြည်တော် မီးရထား စက်ခေါင်းစက်ရုံမှ ခေါင်းသစ်များ ထပ်မံထုတ်လုပ်မည်