စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) ကို ဖျက်ပြီး တိုင်းရင်းသား မဟာမိတ်အဖွဲ့ တခု တည်းဖြစ်ရေး ပူးပေါင်းရန် မရှိကြောင်း UNA အတွင်းရေးမှူး အဖွဲ့ဝင် ဦးမျိုးကျော်က ဧရာဝတီကို ပြောသည်။
UNA နှင့် ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF) ကို ပူးပေါင်း၍ တိုင်းရင်းသား မဟာမိတ်အဖွဲ့ တခု တည်းဖြစ်ရေး ပေါင်းစည်းတိုင်းရင်းသား ပါတီများက ကြိုးပမ်းလျက် ရှိသည်ဟူသော သတင်း ထွက်ပေါ်နေမှုနှင့် ပတ် သက်၍ မေးမြန်းရာ ထိုကဲ့သို့ ပြန်လည် ပြောဆိုခြင်း ဖြစ်သည်။
“ကျနော်တို့ တပါတီ တဖွဲ့စည်းတည်း ဖြစ်အောင် ပူးပေါင်းဖို့ ဆိုတာမျိုး မရှိဘူး။ UNA ကို ဖျက်ပြီးတော့ ပူးပေါင်းတာတို့ ဘာတို့က UNA မူအရကို မရှိဘူး” ဟု ဦးမျိုးကျော်က ပြောသည်။
ထို့အပြင် “UNA ရဲ့ နာမည်ကိုလည်း ကျနော်တို့က ပြောင်းခွင့် မရှိဘူး။ UNA ထဲကို မဟာမိတ်အနေနဲ့ ပူးပေါင်း ပါဝင်လာရင် လက်ခံမယ့်မူ ရှိတယ်။ နောက် မိတ်ဖက် အဖွဲ့အစည်းအနေနဲ့ ကျနော်တို့တွေရဲ့မူဝါဒတွေ တူညီတယ် ဆိုရင် မိတ်ဖက်အနေနဲ့ ဆက်ဆံလို့ရတဲ့ မူမျိုး ရှိတယ်” ဟုလည်း သူက ဖြည့်စွက် ပြောဆိုသည်။
ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပူးတွဲ ဥက္ကဋ္ဌ ပူးဇိုဇမ်ကမူ အားကောင်း ခိုင်မာသည့် တိုင်းရင်းသား အစုအဖွဲ့တခု တည်ဆောက်ရေး ရည်မှန်းထားသည့် ကချင်၊ ချင်း၊ ကယား၊ ကရင်၊ မွန် စသည့် ပြည်နယ် ၅ ခုမှ ပေါင်းစည်း တိုင်းရင်းသား ပါတီများက ထိုကဲ့သို့ ပေါင်းစည်းရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။
“လက်ရှိ ရှိနေတဲ့ NBF နဲ့ UNA ပေါင်းစည်းမယ်။ ပြီးလို့ရှိရင် အဲဒီနှစ်ဖွဲ့ထဲမှာ မပါသေးတဲ့ တိုင်းရင်းသားပါတီတွေ ရှိသေး တယ်။ သူတို့လည်းပဲ ပေါင်းစည်းဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံသည် ဗမာပါတီ ၂ ခု၏ ကြီးစိုးမှုအောက် ရောက်နေသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်ရာ ထိုကဲ့သို့ ထပ် အဖြစ်မခံနိုင်တော့ကြောင်း၊ မြန်မာနိုင်ငံ၏ အနာဂတ် အခင်းအကျင်းအတွက် တိုင်းရင်းသားများကလည်း ထဲထဲဝင် ဝင်ဖြင့် ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်ချင်ကြောင်း ပူးဇိုဇမ်က ရှင်းပြသည်။
“အဲဒီအတွက်ကြောင့် ကျနော်တို့ တိုင်းရင်းသားတွေရဲ့ အခိုင်အမာ ဆုံမှတ်တခုရဖို့ လိုတယ်။ အဲဒီတိုင်းရင်းသား ဆုံ မှတ်ကနေ တဆင့် မြန်မာနိုင်ငံရဲ့ အစိုးရ ထူထောင်ပြီးမှ ဖွဲ့စည်းနိုင်ဖို့ မျှော်မှန်ထားပါတယ်” ဟုလည်း ၎င်းက ဆိုသည်။
လတ်တလောတွင် ပေါင်းစည်းရေး အတွက် စတင်သည့် အနေအထား၌သာ ရှိနေသေးပြီး UNA၊ NBF တို့နှင့် ညှိနှိုင်း တိုင်ပင်နေဆဲဖြစ်ကြောင်း၊ တိုင်းရင်းသား ညီလာခံတခု မဖြစ်မနေ ကျင်းပရန်လည်း ပေါင်းစည်း တိုင်းရင်းသားပါတီများ က မျှော်မှန်းကြိုးပမ်းလျက် ရှိကြောင်း သိရသည်။
ပူးဇိုဇမ် ပူးတွဲဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေသည့် ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (CNLD)သည် ချင်းအမျိုးသား ဒီမိုကရက်တစ် ပါတီ (CNDP)၊ ချင်းတိုးတက်ရေးပါ တီ (CPP) နှင့် ချင်းဒီမိုကရေစီ အဖွဲ့ချုပ် (CLD) တို့ ပူးပေါင်း တည်ထောင်ထားသည့် ပါတီဖြစ်ပြီး ထိုသို့ မပူးပေါင်းစဉ် က CNDP သည် NBF အဖွဲ့ဝင် ဖြစ်ကာ ကျန် ချင်း၂ ပါတီမှာ UNA အဖွဲ့ဝင် ဖြစ်ခဲ့သည်။
ကျန်ရှိသည့် ပေါင်းစည်းတိုင်းရင်းသား ပါတီများသည်လည်း ထိုနည်းတူပင် ဖြစ်ရာ လက်ရှိအချိန်၌ မည်သည့် မဟာ မိတ်အဖွဲ့တွင်မှ ပြန်လည် ဝင်ရောက်ခြင်း မရှိသေးကြောင်း သိရသည်။
မဟာမိတ် အနေဖြင့် ပါဝင်ထားခြင်း မရှိတော့သော်လည်းပဲ လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးပါတီများ အချင်းချင်း ဝင်ထွက် သွားလာမှု၊ မိတ်ဆွေအဆင့် ကဏ္ဍအနေဖြင့် တွေ့ဆုံခြင်းမျိုးများ ရှိကြောင်း UNA အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးကျော် က ပြောသည်။
“ပေါင်းစည်း ပါတီတွေနဲ့ တွေ့ဆုံတာတွေ ရှိပါတယ်။ သူတို့က အဓိက ဖြစ်ချင်တာက တိုင်းရင်းသား ညီလာခံတခု လုပ် ချင်တယ်။ ကျနော်တို့တွေက ရှင်းရှင်းလင်းလင်းဖြစ်အောင် မေးတယ်။ ဘာအတွက်လဲ။ ဘာရည်ရွယ်ချက်လဲ။ ပန်းတိုင် က ဘာလဲ။ ဒါတွေ မေးတဲ့အခါကျတော့ အခုအချိန်ထိတော့ ရှင်းရှင်းလင်းလင်း မရှိသေးဘူး” ဟု ၎င်းက ဆိုသည်။
ဆက်လက်၍ ၎င်းက UNA အနေဖြင့် တိုင်းရင်းသား မဟာမိတ်ပါတီ တခုတည်းဖြစ်ရန် အားထုတ်မှု တစုံတရာ မရှိ သလို UNA ဟူသည့် အဖွဲ့အစည်း နာမည်ကအစ ဖွဲ့စည်းပုံအဆုံး ပြင်၍မရကြောင်း ထပ်လောင်း ပြောဆိုသည်။
ထိုကဲ့သို့ ပေါင်းစည်းရေး ကိစ္စနှင့် ပတ်သက်၍ NBF ၏ သဘောထားကို မေးမြန်းရာ တိုင်းရင်းသားချင်းလည်း တူ၊ ဦး တည်ချက် ရည်ရွယ်ချက် ပန်းတိုင်များလည်း တူသဖြင့် တိုင်းရင်းသားပါတီ အချင်းချင်း ညီညီညွတ်ညွတ် ရှိသင့်သည် ဟု ဆိုကာ NBF က UNA ကို ကမ်းလှမ်းဖူးကြောင်း NBF စီမံခန့်ခွဲမှု ကော်မတီဝင် ဦးစောသန်းမြင့်က ပြောသည်။
ဆက်လက်၍ ၎င်းက ပေါင်းစည်းရေးအတွက် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေးရန် ၃ ကြိမ်တိုင် ကမ်းလှမ်းထားသော် လည်း ယနေ့ အချိန်ထိ UNA ဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးဟုလည်း ဆိုသည်။
ဦးစောသန်းမြင့်က “အားလုံး ဖြစ်နိုင်ရင် အနာဂတ်မှာ တိုင်းရင်းသား ပါတီ အားလုံး ညီညွတ်လာရင်တော့ တိုင်းရင်း သား အားလုံး ကိုယ်စားပြု တပါတီတည်း ဖြစ်အောင်ဆိုပြီး အဲဒီလောက်ထိ ရည်မှန်းချက် ရှိတာပေါ့။ အခုအချိန်မှာ တော့ ကြိုးစားနေဆဲပါ။ လောလောဆယ် အဖွဲ့နှစ်ဖွဲ့ တဖက်နဲ့ တဖက် လေးလေးစားစား ညီညီညွတ်ညွတ် ချစ်ချစ် ခင်ခင် ဖြစ်ရေး ပထမအဆင့် ကြိုးစားနေတယ်” ဟု ရှင်းပြသည်။
UNA တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီ အဖွဲ့ ချုပ် (ALD) စသည့် တိုင်းရင်းသားပါတီ ၁၂ ပါတီ ပါဝင်ပြီး NBF တွင် ၂၀၁၀ ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသား များ ဒီမိုကရက်တစ် ပါတီ (SNDP)၊ ရခိုင် အမျိုးသားပါတီ (ယခင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ) အပါ အဝင် ၁၈ ပါတီ ပါဝင်ကြောင်း သိရသည်။
You may also like these stories:
NCA စာချုပ်အပေါ် တိုင်းရင်းသား အဖွဲ့များ မျှော်လင့်ချက် ရှိနေဆဲ ဟုဆို
ငြိမ်းချမ်းရေးထဲမှာ မြန်မာနိုင်ငံကို ထားခဲ့ပါ
NCA စာချုပ်အပေါ် တိုင်းရင်းသား အဖွဲ့များ မျှော်လင့်ချက် ရှိနေဆဲ ဟုဆို