နိုင်ငံ့ဝန်ထမ်းများဖြစ်သည့် ညွှန်ကြားရေးမှူးချုပ်အဆင့်နှင့် ရာထူးအထက်ရှိသူများကို ကားတင်သွင်းခွင့်ချပေးမည့် ကိစ္စမှာ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ နီးလာသဖြင့် ခွင့်ပြုခြင်းမဟုတ်ဘဲ အစိုးရတရပ် အနေဖြင့် လုပ်သင့် လုပ်ထိုက်၍ လုပ်ခြင်းသာ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့် က ပြောသည်။
ပြည်ထောင်စု ဝန်ကြီးက “အန်ကယ်တို့ အစိုးရ အနေနဲ့ ရွေးကောက်ပွဲနီးမှ ဒါမျိုးလုပ်တာမျိုး မဟုတ်ပါဘူး။ လုပ်သင့် လုပ်ထိုက်တာတော့ လုပ်တယ်လေ။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အကျိုးရှိမယ့်ဟာ လုပ်တာပါ။ ရွေးကောက်ပွဲ အတွက် ပါတီ အတွက် လုပ်တာတော့ မရှိပါဘူး” ဟု ပြောသည်။
နေပြည်တော်ရှိ စီး/ကူးဝန်ကြီးဌာနတွင် ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ မော်တော်ယာဉ် အရစ်ကျ ရောင်းချရေး အစီအစဉ်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကို ယနေ့ ဇန်နဝါရီ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းချက်ကို ဝန်ကြီးက အထက်ပါ အတိုင်း ပြော သည်။
လုပ်သက်ရင့် နိုင်ငံ့ဝန်ထမ်း အားလုံးအတွက် မဟုတ်ဘဲ ညွှန်ချုပ်နှင့် အထက်အရာရှိကြီးများကိုသည် ပေးသည့်အတွက် အများပြည်သူများကြားတွင် ဝေဖန်မှုများ မြင့်တက်နေသည်မှာ အထူးအဆန်း မဟုတ်ကြောင်း၊ နေရာတိုင်းတွင် ရှိသည့် အတွက် ကြိုဆိုရမည် ဖြစ်ကြောင်း၊ အစိုးရ အဖွဲ့ အနေဖြင့် လုပ်သင့် လုပ်ထိုက်သည့် ကိစ္စဖြစ်၍သာ လုပ်ခြင်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးက ရှင်းပြသည်။
သို့ဖြစ်ရာ ညွှန်ချုပ်နှင့် ရာထူး အထက်ကို ပထမအသုတ် အနေဖြင့် စီးပွားကူးသန်း အနေဖြင့် လိုင်စင်ထုတ်ပေးမည် ဖြစ်ပြီး၊ ဒုတိယ အသုတ်အနေဖြင့် ၂၅ နှစ်အထက် တာဝန်ထမ်းဆောင်ဖူးသည့် ဝန်ထမ်းကောင်း လက်မှတ် ရရှိထားသည့် ဒုညွှန်ချုပ် အဆင့်များ ကို လိုင်စင် ထုတ်ပေးမည်ဖြစ်သည်။
ထိုသို့ လိုင်စင်များကို ထုတ်ပေးရာတွင် ဝန်ထမ်း၏ ရာထူး အဆင့်နှင့် အညီ ထုတ်ပေး သွားမည်ဖြစ်ကြောင်း ယင်းအစည်း အဝေးသို့ တက်ရောက်လာသည့် မြန်မာ နိုင်ငံ ကားအသစ်ရောင်းဝယ်ရေး လုပ်ငန်း ရှင်များအသင်း၏ ဒုတိယ ဥက္ကဌ ဦးအေးထွန်းက ပြောသည်။
၎င်းက “ကျနော်တို့ Showroom တွေက လာဝယ်တဲ့ အခါမှာ အဆင်ပြေအောင် ဒါတွေကို ပြင်ဆင်ထားပေးဖို့ ဒါတွေ ဆွေး နွေး ခဲ့ပါတယ်” ဟုပြောသည်။
တင်သွင်းလိုသော မော်တော်ယာဉ်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ နှစ်စဉ် ထုတ်ပြန်လျက်ရှိ သည့် ပြည်ပမှ တင်သွင်းသော မော်တော်ယာဉ်များ၏ ထုတ်လုပ်သည့် ခုနှစ် (Model year) သတ်မှတ်ချက်အတိုင်း မော် တော်ယာဉ်များကို တင်သွင်း ခွင့်ပြုသွားမည့်အပြင်၊ အရစ်ကျ စနစ်ဖြင့်လည်း ရောင်းချပေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက၂၀၂၀ ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်ထားသည်။
မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးအသင်း ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းကလည်း “နိုင်ငံဝန်ထမ်းကောင်း လက်မှတ်ရ လုပ်သက် နှစ် ၂၅ နှစ် အထက် နိုင်ငံဝန်ထမ်းတွေ ကို မော်တော်ကားပါမစ် ချထားပေးဖို့ အတွက် ပထမ အဆင့် အနေဖြင့် ချပေးနိုင်တဲ့ အရေအတွက် ကို စတင်ကောက်ယူနေတဲ့အဆင့် ဖြစ်ပါတယ် ။ လျော့ပေါ့ပေးနိုင်တဲ့ အခွန်နှုန်းထားကို ညှိနှိုင်းနေပါတယ်”ဟု ၎င်း၏ ဖေ့စ်ဘုတ် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ထို့ပြင် လျှောက်ထားရာတွင် ၁ ဦးချင်း ပါမစ်လျှောက်ထားသည့် ပုံစံအတိုင်း လျှောက်ထားရမည် ဖြစ်ကြောင်း၊ ၂၀၁၈-၂၀၂၀ မော်ဒယ်အထိ ဘယ်မောင်းကားလျှောက်ရမည်ဖြစ်ကြောင်း၊ ရာထူးအလိုက် ကားဈေးသတ်မှတ်ပေးမည် ဖြစ်ကြောင်း ဒေါက်တာစိုးထွန်းက ရှင်းပြထားသည်။
၎င်းက“ရန်ကုန်တွင် အမှန်တကယ် သန်းခေါင်စာရင်းဝင် ထားတဲ့ သတ်မှတ်ချက်ပြည့်မှီတဲ့ ဝန်ထမ်းတွေကိုသာ ရန်ကုန်လိုင်စင် ချပေးမယ်လို့ သိရပါတယ်။ နယ်ဝန်ထမ်းတွေကို နယ်လိုင်စင် ရပါမယ်။ နိုင်ငံဝန်ထမ်း ဟုသတ်မှတ်၍ ကာကွယ်ရေး၊ ပြည်ထဲရေး မကျန် ဌာနအားလုံး အကျုံးဝင်ပါမယ်။ အမည်ပြောင်းခြင်းကို အကြမ်းဖျင်း သုံးနှစ်ထိပြောင်းလဲခြင်း မပြုရဟု သတ်မှတ်ထားကြောင်း သိရပါတယ်။ လောလောဆယ် ညှိနှိုင်းဆွေးနွေး စိစစ်သည့် အဆင့်တွင် ရှိပါတယ်။ ချက်ခြင်းတော့ ပါမစ်မထွက်သေးပါ။” ဟု ရေးသားဖော်ပြထားသည်။
လက်ရှိအချိန်တွင် ပြည်ပမှ တင်သွင်းပါက အကောက်ခွန်နှင့် ကုန်လမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကည န) အခွန်သည် ကားအင်ဂျင်ပါဝါ အပေါ် မူတည်၍ ကားတန်ဖိုး၏ ၁၀၀ ရာခိုင်နှုန်းမှ ၁၅၀ ရာခိုင်နှုန်းအထိ အခွန်ကျသင့် မည်ဖြစ်သည်။
You may also like these stories:
အစိုးရ အရာရှိကြီးများကို ကားတင်သွင်းခွင့်ပြုမည်
ငြိမ်းချမ်းရေး၏ အသီးအပွင့် တန်ဖိုးကြီးကားများ