ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ၇ မြို့နယ် အတွင်း ၂၀၁၉ ခုနှစ် တနှစ်လုံး လူ့အခွင့်အရေး ချိုးဖောက်ခံရသူ ၂၀၀ ကျော် ရှိ ကြောင်း တအောင်း အမျိုးသမီး အဖွဲ့အစည်း(TWO)၏ ပြောရေးဆိုခွင့် ရှိသူ လွေးချီးဆငါး က ဧရာဝတီသို့ ပြောသည်။
TWO၏ ထုတ်ပြန်ချက်အရ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အနေဖြင့် တိုက်ပွဲဖြစ်ပွားသည့်အချိန်သော်လည်းကောင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အချိန်သော်လည်းကောင်း လက်နက်ကြီး အသုံးပြုပြီး အရပ်သား ပြည်သူလူထု နေထိုင်သည့် ကျေးရွာအတွင်း ဦးတည် ပစ်ခတ်ခြင်း၊ မိုင်းအသုံးပြုမှုကြောင့် ဒေသခံများ သေဆုံးခြင်း၊ ထိခိုက် ဒဏ်ရာရရှိခြင်း၊ ဒေသခံ များကို မတရား ဖမ်းဆီးချုပ် နှောင်ခြင်း၊ ဓားစာခံအဖြစ် အသုံးပြုခြင်းနှင့် လမ်းပြအဖြစ် ခေါ်ဆောင်သွားခြင်း၊ ညှဉ်းပမ်း နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခံရ ခြင်း၊ လူနေအိမ်နှင့် ပစ္စည်းများ သိမ်းယူ ဖျက်ဆီးခံရခြင်း စသဖြင့် အမျိုးမျိုး ကျူးလွန်ခံခဲရ ခြင်း ဖြစ်ကြောင်း သိရသည်။
လွေးချီးဆငါး က “တနှစ်လုံးကို ခြုံကြည့်မယ် ဆိုရင် လူ့အခွင့်အရေး ချိုးဖောက်ခံရသူ ၂၅၀ ဝန်းကျင်လောက် ရှိတယ်။ အဲဒီ ၂၅၀ ဝန်းကျင်ထဲမှာမှ သေဆုံးတာတွေ ရှိသလို တချို့က အလုပ် ပြန်မလုပ်တော့တဲ့သူလည်း ရှိတယ်။ ပျောက်သွားတဲ့ သူတွေလည်း ရှိတယ်” ဟု ပြောသည်။
အဆိုပါ လူ့အခွင့်အရေး ချိုးဖောက်ခံရသူ၂၅၀ ဦးတွင် အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးများ၏ အမှုများ မပါဝင်ပေ။
အဘယ်ကြောင့်ဆိုသော် တချို့သတင်းများက တိကျစွာ ရရှိရန် ခက်ခဲခြင်းနှင့် တချို့နေရာများက လွန်စွာဝေးလံသော ကြောင့် သတင်းရယူရန် ခက်ခဲခြင်း ရှိသောကြောင့် မတင်ပြခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) တွင် နိုဝင်ဘာလမှ စတင်ပြီး တပ်မတော်နှင့် မြောက်ပိုင်း ၃ ဖွဲ့ ဖြစ်သည့် ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA-ကိုးကန့် အဖွဲ့)၊ ရက္ခိုင် စစ်တပ်(AA) တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ထို့ကြောင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာအထိ ၃ လအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသူ ၇၀ ဦး ရှိရာမှ အောက်တိုဘာမှ ဒီဇင်ဘာ အထိ ၃ လအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် ဒေသခံ ၁၂၃ အထိ မြင့်တက် လာခဲ့ကြောင်း TWO က ထုတ်ပြန်ချက်အရ သိရသည်။
တိုက်ပွဲဖြစ်ပွားခြင်းနှင့် စစ်အင်အား တိုးချဲ့မှုကြောင့် ဒေသခံ ပြည်သူလူထုများ ထွက်ပြေး တိမ်းရှောင်နေစဉ် နေအိမ်များ ဝင်ရောက် ဖျက်ဆီးပြီး ပစ္စည်းများ သိမ်းယူခြင်းနှင့် နေအိမ်များ ပျက်ဆီး ဆုံးရှုံးခြင်း စသဖြင့် ကျူးလွန်ခံခဲ့ရ ကြောင်း ဆိုထားသည်။
လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် မြို့နယ်များမှာ ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲနှင့် သီပေါမြို့နယ်တွင် အဖြစ်အများဆုံး ဖြစ်ပြီး အခြားမြို့နယ် ဖြစ်သည့် နမ့်ခမ်း၊ နမ္မတူ၊ မန်တုံမြို့တွင်လည်း အနည်းအကျဉ်း ရှိခဲ့သည်။
လူ့အခွင့်အရေး ချိုးဖောက်နေသူများမှာ မြန်မာ့ တပ်မတော်မှ အများဆုံး ဖြစ်ပြီး အခြား တိုင်းရင်းသား လက်နက်ကိုင် အချို့လည်း ပါဝင်ကြောင်း၊ TWO ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသော်လည်း ထိုဒေသတွင် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) အပါအဝင် ၊ မြန်မာအမျိုး သား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တချို့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး တပ်မတော် (RCSS)နှင့် ရှမ်းပြည်တိုးတက် ရေးပါတီ (SSPP/SSA)တို့လှုပ်ရှားနေသည်။
ကျောက်မဲမြို့နယ်အတွင်း၌ ဆိုလျှင် လက်ဖက်စိုက် တောင်သူများအနေဖြင့် မကြာခဏ မိုင်းနင်းမိပြီး သေဆုံးမှုများ ကိုယ်လက်အင်္ဂါ ချို့ယွင်းမှုများ ရှိနေသည်။
လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေသည့် ညီမျှခြင်း မြန်မာမှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက “ကျနော်တို့ ဘာကို ကောက်ချက်ချလဲ ဆိုတော့ လက်နက်ကိုင် ဒေသတွေမှာ လူ့အခွင့်အရေး ပိုမိုချိုးဖောက်မှု ဖြစ်လာတယ်။ ဒီလိုမျိုး လူ့အခွင့်အရေး ချိုးဖောက်နဲ့ ပတ်သက်လို့ အပြစ်ရှိတဲ့သူတွေကို အပြစ်ပေး အရေးယူနိုင်တဲ့ အပိုင်းလည်း အားနည်းနေ တယ်လို့ တွေ့ရတယ်။ တရားဥပဒေ စိုးမိုးရေးနဲ့ တရားစီရင်မှု အားနည်းနေတာကို တွေ့ရတယ်” ဟု သုံးသပ် ပြောဆိုသည်။
နိုဝင်ဘာ ၂၂ ရက်ကလည်း နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာ အုပ်စုအတွင်းမှ အရပ်သား ၆၃ ဦးကို တပ်မတော်၏ တပ်မ ၈၈ မှ ဖမ်းဆီးသွားခဲ့ပြီး နေ့လယ်ပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်။
ဖမ်းဆီးခံရသူများထဲတွင် အချို့မှာ ရိုက်နှက်ခံရပြီး အချို့မှာ တပ်မတော်စစ်ကြောင်း၏ ပစ္စည်းများ ထမ်းပေးခဲ့ရကြောင်း ဖမ်းဆီး ခေါ်ဆောင်ခံရပြီး လွတ်မြောက်လာသူများထံက သိရသည်။
တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် TNLA သည် ၎င်း၏ မဟာမိတ်များဖြစ်သည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့နှင့် အတူ ပဏာမ အပစ်ရပ် စာချုပ် (Bilateral) ရေးထိုးနိုင်ရန် အစိုးရ၊ တပ်မတော်တို့နှင့် ညှိနှိုင်းလျက် ရှိသည်။
သို့သော် တပ်မတော်က TNLA၊ MNDAA ၊ AA တို့ လှုပ်ရှားနေသည့် နေရာအားလုံးကို အသိအမှတ် မပြုကြောင်း ပြောဆို ထားပြီး မြေပြင်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်သဖြင့် ပဏာမ အပစ်ရပ်စာချုပ် ဆွေးနွေးမှုများမှာ ပြေလည်ခြင်း မရှိသေးပါ။
TNLA ၊ MNDAA၊ AA တို့သည် ၎င်းတို့ တပ်စခန်းများ ရှိရာနေရာများတွင် တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ မပြတ် ပြုလုပ်နေသည် ဟုဆိုကာ သြဂုတ် ၅ ရက်က မန္တလေးတိုင်း ဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ စစ်အင်ဂျင်နီယာ တက္ကသိုလ်၊ နောင်ချိုမြို့၊ ဂုတ်ထိပ် တံတားများကို ပစ်ခတ် တိုက်ခိုက်ကာ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားထားသည်။
တိုက်ပွဲကာလအတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းတွင် TNLA ၊ MNDAA၊ AA တို့က တံတား ၅ စင်း ဖျက်ဆီးခဲ့သဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနက အမြန်ဆုံး ပြန်လည် တည်ဆောက်ခဲ့ရသည်။
နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက် ခိုက်ပြီး အရပ်သားတဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
ရှော့တိုက်ဒုံး ပစ်ခတ်ခံရခြင်းကြောင့် လားရှိုးမြို့ လေယာဉ်ကွင်း အတွင်း တလုံး၊ တပ်မတော်၏ ထောက်ပို့ တပ်ရင်း ခြံ စည်းရိုး အနီးတွင် တလုံးကျပြီး အရပ်သားများ နေထိုင်သည့် ရပ်ကွက် အမှတ် ၉ အတွင်းသို့လည်း ၂ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။
ဦးအောင်မျိုးမင်းက “အပြစ်မဲ့ အရပ်သားတွေ ထိခိုက်နစ်နာမှုက ပိုမိုဆိုးဝါးလာတဲ့ ကိစ္စဖြစ်လာတယ်။ တချိန်တည်းမှာပဲ လုံခြုံမှု မရှိတဲ့ အတွက်ကြောင့် ဒေသအတွင်း မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်လာရင် ဆိုးဝါးသော လူ့အခွင့် အရေး ချိုးဖောက်မှု နောက်တခါ ထပ်ဖြစ်လာမယ်။ နောက်ကျူးလွန်သူကို အရေးမယူခြင်းကြောင့်မို့ နောက်ထပ် ကျူးလွန်ဖို့ အတွက် အားပေးသလို ဖြစ်နေတဲ့အရာက တိုင်းပြည် အတွက်ရော တရားစီရင်ရေးအတွက်ရော တရားဥပဒေစိုးမိုးရေး အတွက်ပါ မကောင်းသော အလားအလာ ဖြစ်ပါတယ်” ဟု ထောက်ပြပြောဆိုသည်။
ထိုသို့ လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခြင်းနှင့် မိုင်းမကြာခဏ ပေါက်ကွဲခြင်းကြောင့် ဒေသခံများအတွက် လုံခြုံမှု ကင်းမဲ့ ပြီး လက်ဖက်ခြံ၊ တောင်ယာ၊ လယ်တော စသည့် လုပ်ငန်းခွင်သို့ မသွားရဲခြင်း၊ စားဝတ်နေရေး ကျပ်တည်းမှု ရင်ဆိုင်နေရ ခြင်း၊ ကလေးသူငယ်များ ပညာရေး ထိခိုက်လာခြင်း စသဖြင့် ကြုံတွေ့နေရသည်ဟု သိရသည်။
ဦးအောင်မျိုးမင်းက“ဒီလိုမျိုး လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ဖြစ်တဲ့အခါမှာ ဒီဘက်အဖွဲ့ကလည်း ဝန်မခံ၊ ဒီဘက် အဖွဲ့ ကလည်း ဝန်မခံ အဲဒီတော့ ဒီတရားစီရင်မှု အပိုင်းနဲ့ ပတ်သက်လို့ တကယ်တမ်း ပြန်လည်ပြီးတော့ ရရှိနိုင်တဲ့ အမှုကိစ္စက တော်တော်လေး နည်းနေတယ်။ အဲဒီနေရာမျိုးမှာ တရားစီရင်မှုနဲ့ပတ်သက်ပြီးတော့ ပြည်သူလူထုကနေ အားကိုးမှုတွေ ၊ ယုံကြည်မှုတွေ လျော့လာတဲ့အခါမှာ ကိုယ်တရားကိုယ်စီရင်မယ့် မင်းမဲ့စရိုက်တွေ ပိုပြီး များလာနိုင်တာ ဒါလည်း စိုးရိမ်စရာ တခုပါ” ဟု ပြောသည်။
ထို့ကြောင့် ပြည်သူများ ရှိသည့်မြို့၊ ကျေးရွာ၊ ဒေသများကို ဦးတည် တိုက်ခိုက်ခြင်းမျိုး မလုပ်စေချင်ကြောင်း၊ တိုက်ပွဲ ပဋိ ပက္ခကြောင့် နောက်ဆက်တွဲ အနေဖြင့် တဖက်သတ် ရမ်းသမ်းပစ်နေခြင်းမျိုး ရှိသလို လူထုတွေကို တန်ဆာခံအဖြစ် ခေါ် ယူခြင်းမျိုး မရှိစေချင်ကြောင်းလည်း TWO မှ လွေချီးဆငါးက ဆိုသည်။
မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်က ဂျီနီဗာ ကွန်ဗင်းရှင်းကို လက်မှတ် ထိုးထားသော နိုင်ငံဖြစ်ရာ နိုင်ငံအတွင်းရှိ လက်နက် ကိုင် တပ်ဖွဲ့အားလုံးသည် ဂျီနီဗာ ကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးရ ကြောင်း သိရသည်။
အဆိုပါ ဂျီနီဗာကွန်ဗင်းရှင်း ပြဋ္ဌာန်းချက် အမှတ် ၃ တွင် တိုက်ပွဲများ အတွင်း အရပ်သားများကို ပစ်မှတ်ထားပြီး မပစ်ခတ် ရန်၊ ပစ်ခတ်ပါက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း ဆိုထားသလို တိုက်ပွဲအတွင်း မပါဝင်သော အရပ်သားများကို ထိခိုက် ဒဏ်ရာရအောင် လုပ်ခွင့် မရှိကြောင်း၊ အရပ်သားများ ရှင်သန် ရပ်တည်နိုင်ရေး အတွက် အရေးကြီးသည့် အရာများ ကိုလည်း ဖျက်ဆီးခွင့် မရှိကြောင်းလည်း ပါရှိသည်။
You may also like these stories:
လူနာသယ်ရန် သွားသည့် ပရဟိတကားတစီး ထပ်မံအပစ်ခံရပြန်
ပြည်သူများ ဓားစာခံဖြစ်ခဲ့ရတဲ့ မြောက်ပိုင်း တိုက်ပွဲများ
တိုင်းရင်းသားလက်နက်ကိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း ဖော်ထုတ်သင့်