ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) သည် ကျပ်သန်းထောင်နှင့်ချီ မြတ်စွန်းသော်လည်း အစိုးရကို ဝင်ငွေခွန်ပေးဆောင်ခြင်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှ က ထောက်ပြခဲ့သည်။
“စစ်ဆေးသည့် ကာလ အတောအတွင်း အသုံးစရိတ်ထက် ပိုသောဝင်ငွေမှာ ကျပ်သန်း ၇၆၉၁.၈၀၁ ရရှိသော်လည်း ဝင်ငွေခွန် ပေးဆောင်ထားခြင်း မရှိပါ” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဇန်နဝါရီလ ၈ ရက်နေ့က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်၊ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို စာရင်းစစ်ချုပ်က လွှတ်တော်သို့ ရှင်းလင်း ပြောကြားရာတွင် ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
ယင်း အစီရင်ခံစာတွင် YRTA သည် ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ် ၁ နှစ်အတွင်း ကျပ်သန်းပေါင်း ၉၄၈၇ ဒသမ ၇၈၅ သန်း ဝင်ငွေရှိခဲ့ပြီး အသုံးစရိတ် ၁၇၉၆ ဒသမ ၁၈၄ သန်း အသုံးပြုထားသဖြင့် အမြတ်ဝင်ငွေ ကျပ်သန်းပေါင်း ၇၆၉၁ ဒသမ ၈၀၁ သန်း ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် ဒေါ်ခင်သန်းလှက ပြောသည်။
YRTA မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ၎င်းတို့ အနေဖြင့် စီးပွားရေး လုပ်ငန်း အဖွဲ့အစည်း မဟုတ်ကြောင်း နှင့် ဝင်ငွေခွန် မဆောင်ခြင်းနှင့် ပတ်သက်ပြီး သီးခြား မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
ဒေါက်တာမောင်အောင်က “ဝင်ငွေခွန် ဆောင်ရမယ်ဆိုရင်တော့ ဆောင်မှာပေါ့။ ကျနော်တို့က စီးပွားရေး လုပ်တဲ့ အဖွဲ့အစည်းမှ မဟုတ်တာ။ ရန်ပုံငွေတွေပဲ ထားပြီးတော့ အများအတွက် ပြန်သုံးရတာ”ဟု ပြောသည်။
ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက “YRTA က မြတ်နေတယ် မြတ်တဲ့ဝင်ငွေတွေ အပေါ်မှာ နိုင်ငံတော်ကို တခြား ကုမ္ပဏီ ၊ အဖွဲ့အစည်းများ နီးတူ ဝင်ငွေခွန် ဆောင်မထားဘူး ဆိုပြီးတော့ ထောက်ပြ တယ်။ ဒါတွေကျတော့ ပုံရိပ် တော်တော် မကောင်းကို တွေ့နေရတယ်” ဟု ဝေဖန်သည်။
YRTA သည် YBS စနစ် ဒဏ်ကြေးငွေ၊ ငှားရမ်းခရငွေ၊ အဝေးပြေးယာဉ်များမှ ရငွေ၊ City Taxi များမှ ရငွေ၊ အခြားရငွေ၊ ဘဏ်တိုး ရငွေများ အပါအဝင် ကျပ်သန်းပေါင်း ၉၄၈၇ ဒသမ ၇၈၅ ရရှိခဲ့ခြင်း ဖြစ်ပြီး အဓိက အသုံးစရိတ်များမှာ လုပ်ခလစာ၊ အုပ်ချုပ်မှုစရိတ်၊ လမ်းကြောင်း စစ်ဆေးခြင်းနှင့် Telematics Service ဝန်ဆောင်ခများအတွက် အသုံးပြုထားခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ် အစီရင်ခံစာ အရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလကုန်က ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ (YUPT) အစုရှယ်ယာဝင်များမှာ အချိန် ၃ နှစ်ကြာသည် အထိ အမြတ်ငွေများ မရဟုဆိုကာ ထုတ်ဖော် ပြောဆိုခဲ့ကြပြီး ယင်းရှယ်ယာများကို အစိုးရက ပြန်လည် ဝယ်ယူရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ဆက်စပ်လင့်-
YUPT အများပိုင်ကုမ္ပဏီမှ အစုရှယ်ယာများ အစိုးရ ပြန်ဝယ်ရန် တောင်းဆို
YUPT အများပိုင် ကုမ္ပဏီ ရှယ်ယာရှင်များ ၃ နှစ်ကြာသည်အထိ အမြတ်ငွေ မရဟုဆို
ဒီဇင်ဘာမှ ခရီးသည်တွေ YPS ကတ် သုံးလို့ ရအောင် စီစဉ်ထားတယ်