တိုင်းရင်းသားဒေသများ၌ ထိုးစစ်များ ရပ်ဆိုင်းရေး၊ စစ်ပွဲများ ရပ်ဆိုင်းရေး၊ ပိတ်မိ ပြည်သူများ အမြန်ဆုံး လွတ်မြောက်ရေး အတွက် မန္တလေးမြို့တွင် ပြုလုပ်ခဲ့သည့် ဖယောင်းတိုင်ထွန်းညှိ ဆုတောင်းမှု၌ ပါဝင်ခဲ့သည်ဟုဆိုကာ ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ဖြင့် တရားစွဲထားသည် ကိုရဲရင့်ကျော် ကို အောင်မြေသာစံမြို့နယ် တရားရုံးက ထောင ်၃ လကျခံစေရန် ယနေ့ အမိန့်ချမှတ်ခဲ့သည်။
“ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၄ မှာ စုဝေးမယ်၊ စီတန်း လှည့်လည်မယ်ဆိုရင် မြို့နယ် ရဲတပ်ဖွဲ့မှူးထံကို အနည်းဆုံး ၄၈ နာရီ ကြိုတင်ပြီးတော့ စာဖြင့် တင်ပြရမယ်ဆိုပြီး ပြဌာန်းထားပါတယ်၊ ဒီလိုပြဌာန်း ထားတာ ဖြစ်တဲ့အတွက် ကိုရဲရင့်ကျော်အနေနဲ့ ပုဒ်မ ၄ အရ စာတင်ဖို့ ပျက်ကွက်ခဲ့တာကြောင့် ပြစ်ဒဏ်ကို ချမှတ် ခဲ့တာပါ”ဟု အောင်မြေသာစံမြို့နယ် တရားရုံး သတင်းနှင့်ပြန်ကြားရေးအရာရှိ ဒေါ်မြင့်မြင့်ချစ်ကျော်က ပြောသည်။
ကိုရဲရင့်ကျော်ကို အမှုဖွင့်လှစ်ပြီး တနှစ်ခွဲခန့်အကြာမှ ရဲတပ်ဖွဲ့က ဖမ်းဆီးကာ တရား စွဲဆိုခဲ့ခြင်းဖြစ်ပြီး ယနေ့ ဇန်နဝါရီ ၉ ရက်နေ့ ရုံးချိန်းတွင် ထောင်ဒဏ် ၃ လ ချမှတ်ခဲ့ခြင်း ဖြစ်ကာ ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုခဲ့သည်။
“ကျနော်ပြောချင်တာကတော့ နိုင်ငံရေးအမှုတွေမှာ တရားလိုက အမြဲမှန်ပါတယ်၊ ဒါပါပဲ၊ ကျနော့်ကို ဦးဆောင်သူဆိုပြီး ဘာသက်သေမှ မပြဘဲ သူတို့ယူဆတဲ့သူကို တရားစွဲ ထောင်ချတာတွေ မဖြစ်သင့်ဘူး”ဟု ကိုရဲရင့်ကျော်က မီဒီယာများကို ပြောကြားခဲ့သည်။
အဆိုပါကဲ့သို့ အမိန့်ချမှတ်ခဲ့သည့်အပေါ် မန္တလေးတွင် စစ်ပွဲများရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများကြောင့် ထောင် ကျခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဒိန်းဒေါင်ကလည်း “ကျနော်တို့ ထောင်ကလွတ်လာပြီးတော့ ဒီမိုကရေစီနဲ့ ပတ်သက်တဲ့ အခမ်းအနားတွေ တော်တော်များများကို ကိုရဲရင့်ကျော်လည်း ဦးဆောင်ပြီးတော့ ပါဝင် လုပ်ဆောင် လုပ်နေခဲ့ တာပါ၊ အဲဒီမှာ အခု ယာယီဝန်ကြီးချုပ် ဖြစ်နေတဲ့ ကိုဇာနည်အောင်နဲ့ တွေ့တော့ ကိုရဲရင့်ကျော်အမှုအတွက် အေးဆေးပါ လို့ ပြောခဲ့တာမျိုးရှိတယ်၊ ဖမ်းဆီးပြီး အခုအမိန့်ချတဲ့ အပေါ်မှာတော့ ရိုးသားမှုတွေ မရှိဘူးလို့ မြင်တယ်၊ ပြီးတော့ အမိန့်ချ တဲ့ ထောင်ဒဏ် ၃ လ ဆိုတာကလည်း ငြိမ်းစုစီ ၁၉ အတွက် အမြင့်ဆုံး ပြစ်ဒဏ် ဖြစ်နေတယ်”ဟု ပြောသည်။
ကိုရဲရင့်ကျော်မှာ ဗကသ-ဗဟိုလုပ်ငန်းကော်မတီဝင်ဟောင်း တဦးဖြစ်ပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က မန္တလေး မြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၆ လမ်းနှင့် ၈၂ လမ်းထောင့်ရှိ ကောင်းကျော် လက်ဖက်ရည်ဆိုင်တွင် ထိုင်နေစဉ် အမှတ် ၉ ရဲစခန်းမှ သွားရောက် ဖမ်းဆီးခဲ့ပြီး နိုဝင်ဘာလ ၂၀ ရက်နေ့ က အောင်မြေသာစံ တရားရုံးတွင် ချုပ်ရမန် ယူခဲ့ကာ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ ၁၉ ဖြင့် တရားစွဲဆို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
“ကိုရဲရင့်ကျော်အနေနဲ့ လက်ရှိအချိန်မှာ ဒီမိုကရေစီ ပညာရေး ၅ နှစ်ပြည့် အခမ်းအနားလုပ်ဖို့ ဦးဆောင်သူ အနေနဲ့ ပါဝင် နေတယ်၊ ဒါကို လက်ရှိအစိုးရ အနေနဲ့ ဒီမိုကရေစီ ပညာရေး ၅ နှစ်ပြည့်ပွဲကို တနည်းနည်းနဲ့များ ဟန့်တား ထိန်းချုပ်ချင်လို့ လုပ်လိုက်တာလားများလို့ သုံးသပ်ပါတယ်၊ သူ(အစိုးရ)တို့ရဲ့ ရိုးသားမှုမရှိဘူး ဆိုတာကို လက်တွေ့မြင်လိုက်ရတာပါပဲ”ဟု ကိုဒိန်းဒေါင်က ဆက်လက်ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မေလ ၈ ရက်နေ့ ညပိုင်းက မန္တလေးခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ၂၆လမ်း၊ မန္တလေး စည်ပင် သာယာ ရုံးရှေ့ ကျုံးဘေးတွင် ကိုသန်းထိုက်၊ ကိုနှင်းအောင်နှင့် ကိုရဲရင့်ကျော်တို့သည် တိုင်းရင်းသား ဒေသ ထိုးစစ် တွေရပ်၊ စစ်ရေး အကြမ်းဖက်မှု အလိုမရှိ၊ စစ်ဖြစ်ဒေသ ပိတ်မိပြည်သူများ လွတ်မြောက်ရေးနှင့် STOP WAR စာတန်းပါ ပိုစတာများ ထောင်ပြီး ဖယောင်းတိုင်မီးများ ထွန်းညှိကာ ဆုတောင်းခဲ့သည်။
ယင်းကို ခွင့်ပြုမိန့်မရရှိဘဲ ပြုလုပ်ခဲ့ခြင်းကြောင့် အမှတ် ၅ မြို့မရဲစခန်းက (ပ)၂၄၄/၂၀၁၈၊ ငြိမ်းချမ်းစွာ စုဝေး လှည့်လည် ခွင့် ဥပဒေပုဒ်မ (၁၉) ဖြင့် ၎င်းတို့ ၃ ဦးကို အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။
အမှုဖွင့်ခံရသူများ အနက်မှ ကိုသန်းထိုက်နှင့် ကိုနှင်းအောင်ကို ၂၀၁၈ ခုနှစ် မေ ၁၂ ရက် ညနေ ၅ နာရီက ချမ်းအေးသာစံ မြို့နယ်၊ ၃၃ လမ်း၊ ၇ လမ်းနှင့် ၇၈ လမ်းကြားရှိ ဒိုင်းမွန်းပလာဇာတွင် ပြည်တွင်းငြိမ်းချမ်းရေးအပေါ် လူထုအမြင် သဘော ထား ကောက်ခံမှု ပြုလုပ်နေစဉ် အမှတ် ၅ မြို့မရဲစခန်းမှ ဖမ်းဆီးခေါ်ဆောင်ကာ အောင်မြေသာစံမြို့နယ ်တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့သည်။
ကိုသန်းထိုက်(ဗကသ-ဗဟိုကော်မတီဝင်ဟောင်း) နှင့် ကိုနှင်းအောင် (ဗကသအဖွဲ့ချုပ်) တို့အား အောင်မြေသာစံမြို့နယ် တရားရုံးက ၂၀၁၈ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့က ထောင်ဒဏ် ၃ လကျခံရန် အမိန့်ချမှတ်ခဲ့ကာ ယခုအခါ ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။
မန္တလေးတွင် စစ်ပွဲများ ရပ်တန့်ရေးအတွက် ဆန္ဒထုတ်ဖော်မှုများကြောင့် လူ ၅ ဦးအထိ ဖမ်းဆီးအရေးယူ တရားစွဲဆိုခဲ့ရာ အဆိုပါ ၅ ဦးစလုံးအား သက်ဆိုင်ရာတရားရုံးများက အမိန့်ချမှတ်ခဲ့ပြီး ဖြစ်သလို ယင်း ၅ ဦးတွင် ငြိမ်းချမ်းရေးကဗျာကို ရွတ်ဆိုခဲ့သူ ကဗျာဆရာကလင့်(မန္တလေး)လည်း အပါအဝင် ဖြစ်သည်။
ဆက်စပ် လင့်-
စစ်ပွဲများရပ်ရေး မန္တလေးမြို့တွင် ဆုတောင်းခဲ့သူ ၁ ဦးအား ဖမ်းဆီး
ငြိမ်းချမ်းရေး လှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူ ၂ ဦး တရားရုံးကိုသပိတ်မှောက်