သတင်း

ယူကရိန်းလေယာဉ် ပစ်ချခံရတဲ့ ဗီဒီယိုထွက်ပေါ်

အသစ်ထွက်ပေါ်လာသော ဗီဒီယိုတွင် ယူကရိန်းလေကြောင်းလိုင်းမှ လေယာဉ်သည် တီဟီရန်လေဆိပ်မှ ဗုဒဟူးနေ့က ထွက်ခွာလာပြီး မကြာမီ ဒုံးကျည်ထိမှန် ပျက်ကျသည်ကို ပြသနေသည်။

ကီယက်သို့ ဦးတည်မောင်းနှင်မည့် ယူကရိန်းနိုင်ငံတကာလေကြောင်းလိုင်း ခရီးစဉ်အမှတ် PS572 သည် အမေရိကန်ပြည်ထောင်စုနှင့် အီရန်အကြား တင်းမာမှု မြင့်မားနေချိန်တွင် တီဟီရန်ရှိ အီမမ် ခိုမေနီ နိုင်ငံတကာ လေဆိပ်မှ ဗုဒဟူးနေ့တွင် တက်ပြီး မိနစ်ပိုင်းအတွင်း ပျက်ကျခဲ့သည်။

လေယာဉ်ပေါ်တွင်လိုက်ပါလာသူ ၁၇၆ ဦးလုံးသေဆုံးသည်။

နယူးယောက်တိုင်းမ်နှင့် စီအင်အင် သတင်းဌာနတို့က စတင်ဖေါ်ပြသော ထို ဗီဒီယိုသည် ကနေဒါ၊ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်အရာရှိများ၏ ပြောဆိုချက်များနှင့် ကိုက်ညီနေသည်။ အီရန် ဒုံးကျည်တစင်းသည် ထိုလေယာဉ်ကို ပစ်ချသည်ဟု ၎င်းတို့ကပြောပြီး အီရန်က ထိုကိစ္စအတွက် တုန်လှုပ်အံ့သြနေသည်။

ထိုကိစ္စသည် အမှားအယွင်းတခုဖြစ်နိုင်ကြောင်း ထိုအရာရှိများကပြောသည်။

ထိုဗီဒီယိုတွင် ယူကရိန်းလေယာဉ်ပျက်ကသည့် မြို့စွန်ရပ်ကွက်ဖြစ်သော ပါရန်းကောင်းကင်တွင် အသေးစားပေါက်ကွဲမှုတခုကို ပြသသည်။

ထိုလေယာဉ်သည် လေဆိပ်သို့ ပြန်မလှည့်မီ မိနစ်အတန်ကြာပျံသန်းနေသည်ဟု နယူးယော့တိုင်းမ်က ဆိုသည်။ ထိုနောက်ပေါက်ကွဲပျက်ကျသည်။ ကျယ်လောင်သောပေါက်ကွဲသံကို ကြားရသည်။

ဘူမိနေရာရှာဖွေခြင်းနည်းပညာနှင့် အခြားနည်းလမ်းများကို အသုံးပြုပြီး လွတ်လပ်သောနိုင်ငံတကာ သုတေသီများနှင့် နိုင်ငံသား သတင်းသမားများအဖွဲ့ဖြစ်သည့် ဘယ်လင်းကက်အဖွဲ့ ထိုဗီဒီယိုကို ပါရန်းတွင် ရိုက်ကူးထားခြင်းဖြစ်ကြောင်းအတည်ပြုပြောဆိုသည်။

ထိုဗီဒီယိုကို အင်တာနက် သုတေသီ နာရီမင် ဂါရစ်က ၎င်းတို့ထံပေးပို့ကြောင်း နယူးယော့တိုင်းမ်နှင့် စီအင်အင်က ပြောသည်။ ဂါရစ်ကလည်း အခြားသူတဦးဆီမှ ထို ဗီဒီယိုကို ရရှိကြောင်းပြောသည်။

ထိုသူသည် မည်သည့်အတွက်ကြောင့် ထိုအချိန်တွင် ဗီဒီယို ရိုက်နေသည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။ ဒုံးကျည် နှစ်စင်း ပစ်ခတ်ခဲ့သောကြောင့် ထိုသူသည် ဗီဒီယိုရိုက်ကူးမှု ပြုလုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဘယ်လင်းကက် ကပြောသည်။ နယူးယော့တိုင်းမ်ကလည်း ထိုသူသည် ပစ်ခတ်သံကြားပြီးနောက် စတင်ရိုက်ကူးခြင်းဖြစ်ကြောင်း သတင်းဖေါ်ပြသည်။

အီရန်က ထိုလေယာဉ်ကို ဒုံးကျည်ထိမှန်သည်ဆိုသောအချက်ကို ငြင်းပယ်သည်။

“ဒီသတင်းအားလုံးက အီရန်နိုင်ငံကို စိတ်ဓါတ်စစ်ဆင်ရေးလုပ်တာပဲ။ လေယာဉ်ပေါ်မှာ ပါတဲ့ နိုင်ငံသားတွေရဲ့ နိုင်ငံအားလုံးအနေနဲ့ ကိုယ်စားလှယ်လွှတ်နိုင်တယ်။ ဘိုးရင်းအနေနဲ့ ဘလက်ဘောက်ကို စစ်ဆေးတဲ့အခါ ပူးပေါင်းဆောင်ရွက်ဖို့ ကိုယ်စားလှယ်လွှတ်ဖို့ ကျနော်တို့ တိုက်တွန်းတယ်” ဟု အစိုးရပြောခွင့်ရသူ အလီရာဘီအီက ပြောကြောင်း အီရန်နိုင်ငံရုပ်သံကပြောသည်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ အက်ဘာ့စ် မူဆာဗီက ကနေဒါနိုင်ငံအနေဖြင့် လေယာဉ်ပျက်ကျခြင်းနှင့် ပတ်သက်ပြီး ၎င်းတို့ရရှိထားသော ထောက်လှမ်းရေးသတင်းများဖလှယ်ရန် တောင်းဆိုသည်။

ထိုလေယာဉ်ပျက်ကျခြင်းသည် အီရန်တပ်မှူး ကက်ဆမ် ဆိုလေမန်နီကို အမေရိကန်ပြည်ထောင်စုက လုပ်ကြံသတ်ဖြတ်ခြင်းကို လက်စားခြေသည့်အနေဖြင့် အီရန်က အီရတ်ရှိ အမေရိကန်ဦးဆောင်သောတပ်များကို ဒုံးကျည်ဖြင့်တိုက်ခိုက်ပြီး နာရီအတန်ကြာမှ ဖြစ်ပွားခြင်းဖြစ်သည်။

ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးက ယုံကြည်လက်ခံနိုင်သည့် ပြည့်စုံသော စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန်တောင်းဆိုပြီး လေယာဉ်ပျက်ကျသောနေရာသို့ ကနေဒါနှင့် နိုင်ငံတကာစုံစမ်းစစ်ဆေးသူများ သွားရောက်ခွင့်ပြုရန် တောင်းဆိုသည်။ လေယာဉ်ပေါ်တွင် ကနေဒီယန် ၆၃ ဦးလိုက်ပါသွားခဲ့သည်။

You may also like these stories:

အီရန်နှင့် စစ်မဖြစ်ရန် ဒေါ်နယ်ထရမ့် နောက်ဆုတ်လိုက်သည်

အီရန်နဲ့ ဆော်ဒီကြား အာဆီယံ မွတ်စလင်တွေ ဘယ်ဘက်ရပ်မလဲ

Loading