မြန်မာနိုင်ငံတွင် အင်္ဂလန်နိုင်ငံမှ ရွှေသန့်စင်သည့် စက်ရုံတရုံ တည်ဆောက်ရန် လာရောက် ဆွေးနွေးမှုများ ရှိနေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
၎င်းက “သူတို့က စက်ရုံ ဒီမှာ လာတည်မယ်။ အင်္ဂလန်နိုင်ငံက တံဆိပ်နဲ့ ထုတ်မယ်။ ဒီက ဘဏ်မှာ အပ်ထားမယ်။ ပြီး တော့ အဲဒီ ရွှေကိုပဲ အင်္ဂလန် ဈေးကွက်မှာ ပြန်ပြီးတော့ အရောင်းအဝယ် လုပ်မယ်။ နှစ်ကုန်တဲ့ အခါကျတော့ မြန်မာအနေ နဲ့ ရွှေကို ဘဏ်မှာထားတဲ့အတွက် အမြတ်တခု ရမယ်။ ဒီသဘောမျိုး လုပ်ချင်တာ” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ အင်္ဂလန် ကုမ္ပဏီသည်၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်မြို့ရှိ YGEA ရုံး၌ အသင်းမှ တာဝန် ရှိသူများနှင့် လာရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ရွှေသန့်စင်ရေး လုပ်ငန်းများကို ပြည်တွင်း လုပ်ငန်းရှင်များကသာ အများဆုံး လုပ်ကိုင်ကြပြီး ယခုကဲ့သို့ ပြည်ပမှ လာ ရောက်ကမ်းလှမ်းမှုမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း ဦးမျိုးမြင့်က ဆိုသည်။
၎င်းက ဆက်လက်၍ “အင်္ဂလန် စတော့ဈေးကွက်မှာ လုပ်နေတဲ့ အမှတ်တံဆိပ်နဲ့ ဒီမှာ ထုတ်ချင်တာ ဒါကြောင့် လာကြ တာ။ ဒါကတော့ ဈေးကွက်ချဲ့တဲ့ သဘောပါပဲ နောက်ပြီး ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ သတ္တုပစ္စည်းတွေ အားလုံး ကိုလည်း သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး EITI နဲ့ အညီ ဖြစ်စေချင်တယ်”ဟု ပြောသည်။
အင်္ဂလန်နိုင်ငံ၏ ရွှေသန့်စင် စက်ရုံ တည်ဆောက်မည့် ပုံစံမှာ နိုင်ငံတကာ စံနှုန်းနှင့် အညီဖြစ်သည့် အပြင် ဥပမာအားဖြင့် စက်ရုံမှ ရွှေသန့်စင်၍ ပြန်လည် စွန့်ပစ် လိုက်သည့် ရေကို ကန်သုံးကန် ဖော်ဆောင်ပြီး ငါးမွေးမြူခြင်းကို လုပ်ကိုင်မည် ဆိုပါက ငါးမသေနိုင်သည့် နောက်ဆုံး ရေဆိုးသန့်စင် စနစ် (PH7)ရောက်သည် အထိ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး လုပ်ငန်းများပါ လုပ်ဆောင်နိုင်သည်အထိ ဆောင်ရွက်မည်ဟု ဆွေးနွေးခဲ့သည့် အကြောင်းကို ၎င်းက ရှင်းပြသည်။
နိုင်ငံတကာတွင် ဈေးကွက် ရနိုင်မည့်လုပ်ငန်းလည်း ဖြစ်ပြီး လုပ်ဆောင်မည့် လုပ်ငန်း ပမာဏမှာလည်း ကြီးမားသည့် အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှု ကော်မရှင် (MIC) သို့ ခွင့်ပြုချက် လျှောက်ထားရမည်လည်း ဖြစ်သည်။
ဦးမျိုးမြင့်က “MIC က ခွင့်ပြုရင် အဆင်ပြေတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာ ဥပဒေ ပြဋ္ဌာန်း ချက်တွေ အများကြီး လိုသေးတယ်။ စီးပွားရေး ဈေးကွက်နဲ့ ဥပဒေ ပြဋ္ဌာန်းချက်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် အများကြီး ကြိုးစားရဦးမယ်။ ထုတ် လုပ်ပြီး ရွှေကို အရောင်းအဝယ် လုပ်မယ်ဆိုရင် ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက် လိုမယ်” ဟု ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းအနေနှင့် ၎င်းတို့ လုပ်ကိုင်မည့် စက်ရုံ၏ ရွှေသန့်စင် ထုတ်လုပ်နိုင်မှုများ၊ စက်ရုံတည်ဆောက်မည့် ပုံကြမ်းများကို ချိန်ဆနေ သည်ဟုလည်း သိရသည်။
အောင်သမာဓိ ရွှေဆိုင်ပိုင်ရှင် ဦးအောင်က “သန့်စင်တဲ့ရွှေ ထွက်တာဆိုတော့ ပြည်ပက လာလည်း ကျနော်တို့က ကြိုဆို ပါတယ်။ ဒါပေမယ့် ရွှေသန့်စင် လုပ်ငန်းလုပ်ပြီးရင် သူတို့က ဝန်ဆောင်မှု ဘယ်လိုပေးမလဲဆိုတာ ရှိသေးတယ်။ အခု မြန်မာမှာ လုပ်နေတာက ငါးကျပ်သားတို့ တကျပ်သားတို့ ဖြစ်တယ်။ သူတို့က အဲဒီလို အသေးတွေကို သန့်စင် မပေးရင် အခက်အခဲ ရှိတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “သူ့စက်ရုံက ၁ ပိဿာမှ ရွှေသန့်စင်ပေးမှာလား။ ၁ ကီလိုမှ ပေးမှာလား ဒါလည်း ကြည့်ရမယ်။ ကျနော်တို့ ကတော့ ၁ ကျပ်သားလည်း သန့်စင်ပေးတယ်။ ၅ ကျပ်သားလည်း သန့်စင်ပေးတယ်။ ဒီလို စက်ရုံကြီး ဝင် လာတာနဲ့ အသေးလုပ်ငန်းတွေတော့ ပျောက်မသွားပါဘူး” ဟု ဆိုသည်။
ထို့ပြင် သန့်စင်ပြီးသည့် ရွှေကို ဈေးကွက် ရှာဖွေပေးနိုင်မှု၊ အာမခံပေးနိုင်မှု အစရှိသည့် အချက်များ လိုအပ်ကြောင်း ပြည် တွင်း ရွှေသန့်စင်ခြင်း လုပ်ကိုင်သည့် လုပ်ငန်းရှင်များ အနေနှင့်လည်း ယှဉ်ပြိုင်နိုင်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ရွှေ သန့်စင်ရေးလုပ်ငန်း လုပ်ကိုင်သူလည်း ဖြစ်သူ ဦးအောင်က ပြောသည်။
ပြည်တွင်း ရွှေသန့်စင်ခြင်း လုပ်ငန်းများကို တနိုင်တပိုင် လုပ်ဆောင်နေသည်များလည်းရှိပြီး အိမ်တွင်း စီးပွားရေး လုပ်ငန်း များ အဖြစ်လည်း လုပ်ကိုင်၍ အထည်ပစ္စည်း လုပ်ဆောင်နေသည် များလည်း ရှိကြောင်း၊ တရားဝင် လုပ်ဆောင်နေသည့် ရွှေသန့်စင် စက်ရုံမှာ နည်းပါးနေသေးကြောင်း ဈေးကွက် တွင်းက သိရသည်။
သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ပြည်တွင်းရှိ အကြီးစား၊ အလတ်စား ရွှေသန့်စင်ခြင်း လုပ်ငန်းများကို ပြည်ထောင်စု ဝန်ကြီးဌာနမှ စီမံခန့်ခွဲဆောင်ရွက်ပြီး အသေးစား ရွှေသန့်စင်ခြင်း လုပ်ငန်းကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လုပ်ကွက် စိစစ်ချထားပေးရေး အဖွဲ့မှ စီမံခန့်ခွဲ ဆောင်ရွက်ခွင့် ပေးထားသည်။
မြန်မာနိုင်ငံတွင် စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ် ကျောက်ပုထိုး ရွှေသန့်စင်သည့် စက်ရုံကို ၁၉၈၇ ခုနှစ်တွင် ယူဂိုဆလားဗီးယားနိုင်ငံမှ အတိုးမဲ့ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ နှင့် မြန်မာငွေကျပ်သန်း ၂၉၀ ရင်းနှီးကာ ယူဂိုဆလဗ် အခြေစိုက် Invest Import Company၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး အပူနှင့်ကျိုချက်ရသည့် Pyro Metallurgy နည်းစဉ်ကို အသုံးပြု၍ ထုတ်လုပ်သော်လည်း ရွှေပြန်ရသည့်နှုန်း နည်းကာ အကျိုး ဖြစ်ထွန်းမှုမရှိ၍ ၁၉၉၃ ခုနှစ်မှ စ၍ ဆိုင်ယာနိုက်ဓာတ် ဆေးအသုံးသည့် Carbon-In-Pulp(CIP) နည်းစဉ်ဖြစ်သည့် Hydrometallurgy Process(Cyanidation Process) နည်းစဉ်ဖြင့် ထုတ်လုပ်နေသည်။
၂၀၀၇ ခုနှစ်တွင် အမှတ်(၂) သတ္တုတွင်းလုပ်ငန်းမှနေ၍ ထာဝရ သတ္တုတူးဖော် ထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက်ကို လွှဲပြောင်းပေးကာ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့်စနစ်ဖြင့် လုပ်ကိုင် လျှက်ရှိသည်။
သို့သော် စွန့်ပစ်ရေများကြောင့် မိုးရွာသည့်အခါ လယ်မြေများထဲသို့ မသန့်ရှင်းသည့် ရေများ ဝင်ရောက်ခြင်း၊ ယင်းရေကို သောက်မိ၍ ကျွဲနွားများ ပါးစပ်တွင် အနာရောဂါများ ဖြစ်ခြင်း၊ ငါးများသေခြင်းရှိသဖြင့် ဒေသခံများက တိုင်ကြားမှုများ ရှိသဖြင့် ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးမှုများ ရှိခဲ့သည်။
You may also like these stories:
ဝန်ကြီးများရုံးအတွင်းက Spa ပိတ်သိမ်းခြင်း ရှိမရှိ စည်ပင်စစ်ဆေး
၂၀၂၀ ခုနှစ် မြန်မာ့စီးပွားရေးအတွက် GSP က စိန်ခေါ်မှု ဖြစ်နေ ဟုဆို
ရေနက်ဆိပ်ကမ်းသစ် တခု တည်ဆောက်ရန် ရန်ကုန်တိုင်းအစိုးရ စီစဉ်