ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့ရှိ ပြည်ထောင်စု ကျောက်တိုင်ပေါ်တွင် ထွင်းထုထားသော စာသားကို ဇန်နဝါရီလ ၁၀ ရက်တွင် စတင်ပြင်ဆင်နေပြီဖြစ်ကြောင်း စာသားပြင်ဆင်နေသည့်နေရာတွင် ရောက်ရှိနေသည့် မိုင်းရှုးမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းလင်းမြတ် က ဧရာဝတီသို့ ပြောသည်။
ကျောက်တိုင်တွင် ထွင်းထုထားသော ပြည်မတောင်တန်း ပူးပေါင်းရေးစာချုပ်ဆိုသည့် စာသားတွင် တောင်တန်းဆိုသည့် စာသားကို ရှေ့တင်ပြီး တောင်တန်းပြည်မ ပူးပေါင်းရေးစာချုပ်ဟု ပြန်လည် ပြင်ဆင်နေခြင်း ဖြစ်သည်။
စိုင်းလင်းမြတ် က “ပင်လုံကျောက်တိုင်မှာ ထွင်းထားတဲ့ စာသားက လက်ရှိမှာ ပြည်မကျောက်တိုင် ဖြစ်နေတယ်။ သူ့ရဲ့ အရင်းအမြစ်က ဗိုလ်ချုပ်အောင်ဆန်း ပင်လုံကို တက်လာပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လက်မှတ်ထိုးတဲ့ အချိန်မှာ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တည်ထားတဲ့ ကျောက်တိုင်မှာ တောင်တန်း ပြည်မ။ ပြည်မက နောက်မှ လာတယ်” ဟု ပြောသည်။
ပင်လုံကျောက်တိုင်ရှိ စာသားကို မူလစာသားအတိုင်း ပြန်လည်ပြင်ဆင်ပေးရန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ပြုလုပ်သည့် ၁၇ ကြိမ်မြောက်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် မေးခွန်း မေးမြန်းခဲ့ရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ပြန်လည်ပြင်ဆင်ပေးမည်ဟု ပြောကြားခဲ့သဖြင့် ပြင်ဆင်ပေးနေခြင်းလည်း ဖြစ်ကြောင်း ၎င်းက ပြောပြသည်။
မူလစာသားအတိုင်းမဟုတ်ဘဲ ကျောက်တိုင်တွင် ပြောင်းလဲဖော်ပြထားသည့် စာသားကို ပြင်ဆင်လိုက်ခြင်းဖြင့် သမိုင်းအစစ်အမှန်ကို ဖော်ထုတ်နိုင်မည် ဖြစ်ကြောင်း ဦးစိုင်းလင်းမြတ်က ပြောဆိုသည်။
၎င်းက “သမိုင်းကို နောက်လာနောက်သားတွေလည်း သိလို့ရအောင် သမိုင်းအစစ်အမှန် တခုကို ကျနော်တို့ ပြန်ဖော်ထုတ်နိုင်မယ်။ နှစ်ပေါင်း ၇၀ လောက်မှားလာခဲ့တဲ့ သမိုင်းအမှားကြီး နိုင်ငံတော်တစ်ခုလုံးနဲ့ ဆိုင်တဲ့ ကိစ္စလေ။ ဒါကို ပြန်ပြင်ခွင့်ရတယ်။ ကျနော်တို့အတိုင်းမသိဝမ်းသာပါတယ်” ဟု ပြောကြားသည်။
ပင်လုံကျောက်တိုင်ပါ စာသား ပြန်လည်ပြင်ဆင်နေခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါက်တာ အောင်သန်းမောင်ထံ ဧရာဝတီက မေးမြန်းခဲ့ရာ ယင်းကိစ္စကို ၎င်းအနေနှင့် မသိသေးကြောင်း ပြောကြားသည်။
ကျောက်တိုင်ပါစာသားကို မူလအတိုင်း ပြင်ဆင်မည့် ကိစ္စနှင့် ပတ်သက်ပြီး ဇန်နဝါရီလ ၂ ရက်ကလည်း လွိုင်လင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ အစည်းအဝေး တရပ်ကျင်းပခဲ့သေးသည်။
ယင်းအစည်းအဝေးတွင် တက်ရောက် လာကြသည့် မြို့မိမြို့ဖများက ကျောက်တိုင်ရှိစာသား ပြန်လည်ပြင်ဆင် မှုကို သဘောတူသည်ဟု ပြောဆိုခဲ့ကြောင်း ယင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် လွိုင်လင်မြို့နယ် ရှမ်းအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) အတွင်းရေးမှူး စိုင်းဆုက ပြောသည်။
မြို့မိ၊ မြို့ဖများက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ဗိုလ်ချုပ် အောင်ဆန်း နှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံစာချုပ် ချုပ်ဆိုစဉ်က ထားခဲ့သည့် ကတိကဝတ်များ ပိုမိုအားကောင်းလာစေမည့် အခင်းအကျင်းများ ထပ်မံဖန်တီးပေးရန်လည်း တောင်းဆို ခဲ့ကြောင်း ၎င်းက ပြောပြသည်။
စိုင်းဆုက “ဥပမာ – အဲဒီကျောက်တိုင်အနီးတဝိုက်မှာ ပြည်ထောင်စု သဘောတူညီချက်လုပ်တုန်းက အစည်းအဝေး မှတ်တမ်းတွေ အကုန်လုံးကို ပြသနိုင်မယ့် ပြတိုက်တွေ အထိ လုပ်ပေးဖို့ အဲဒီလိုမျိုး ဆန္ဒရှိကြတယ်” ဟု ပြောဆိုသည်။
အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများနှင့် လွှတ်တော် ကိုယ်စားလှယ်များကလည်း မြို့မိ၊ မြို့ဖများ၏ ပြောဆိုချက်များကို မှတ်တမ်းရယူပြီး ပြည်နယ်အစိုးရထံ ဆက်လက်တင်ပြပေးမည်ဟု ပြောဆိုကြောင်း ၎င်းက ဆိုသည်။
စိုင်းဆုက “ပြည်မတောင်တန်းလို့ ထည့်ထားတာက မော်ကွန်းတို့ အဝင်ဆိုင်းဘုတ်တို့ အဲဒီနေရာ တွေလည်း ပါတယ်။ အဲဒါတွေပါ စာပြင်ဖို့ သူတို့က ဆွေးနွေးတယ်။ တချို့ကလည်း သမိုင်းမှတ်တမ်းမှာမပါတဲ့ တချို့ သက္ကရာဇ်တို့ ၊ အချက် အလက်တချို့က သိပ်မကိုက်ညီတဲ့ အနေအထားအပေါ်မှာလည်း လက်ရှိအစိုးရက ပြုပြင်ပေးဖို့ အကြံပြု ဆွေးနွေးကြတယ်” ဟု ပြောသည်။
ကျောက်တိုင်ပါ စာသားကို မူလအတိုင်း ပြန်လည်ပြင်ဆင်မှုအား မြို့မိမြို့ဖများက သဘောတူသည့် အပေါ် ဝမ်းသာမိကြောင်း စာသားပြင်ဆင်ပေးရန် ပြည်နယ်လွှတ်တော်တွင် မေးခွန်းထုတ်ခဲ့သည့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်းမြတ်က ဧရာဝတီသို့ ပြောကြားသည်။
ကျောက်တိုင်တွင် ဖော်ပြထားသော စာသား မူလအတိုင်းပြန်လည် ပြင်ဆင်ခြင်းကို လာမည့် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ကျရောက်မည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့အမီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စိုင်းလင်းမြတ် က “အခုပြည်ထောင်စုနေ့အမီပေါ့။ နောက်ပြီး လက်မှတ်ထိုးတဲ့ ခေါင်းဆောင် ၂၃ ယောက်ရဲ့ ဗွီနိုင်းတွေလည်း ဟောင်းနေလို့ အသစ်လဲမယ်။ အဲဒီဘုတ်ပြားတွေက မနက်ဖြန် သို့မဟုတ် သန်းဘက်ခါ လောက်မှ ရန်ကုန်က ရောက်မယ်။ Ultra Violet Printing ဆိုတာနဲ့ လုပ်ထားတဲ့ ဘုတ်ပြားတွေပေါ့” ဟု ပြောကြားသည်။
ပထမဆုံး ပင်လုံပြည်ထောင်စု ကျောက်တိုင်ကို ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်အချို့ ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်တွင် ၁၂ ပေရှည်သည့် သပြေသားဖြင့် စိုက်ထူခဲ့ပြီး ယင်းတိုင်တွင် “တောင်တန်းပြည်မ ပူးပေါင်းရေးစာချုပ်” ဟု ဖော်ပြထားသည်။
ပင်လုံမြို့စား ဦးစံမြလက်ထက် ၁၉၅၁ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် ပင်လုံစာချုပ် အထိမ်းအမှတ် တိုင်ကို ကျောက်တိုင်အဖြစ် ပြောင်းလဲခဲ့ပြီး ပြည်မတောင်တန်းဟု စာသားပါ ပြောင်းလဲခံလိုက်ရကြောင်း သမိုင်းမှတ်တမ်းများကို ကိုးကား၍ စိုင်းလင်းမြတ်က ပြောသည်။
You may also like these stories:
မြန်မာနိုင်ငံကို လာတဲ့ နိုင်ငံခြားသား ခရီးသည်တွေအတွက် ကန့်သတ်ထားတဲ့ ဒေသများ
ဒီတိုင်းပြည်ရဲ့ ပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းဖို့ နောက်ထပ် မကြိုးစားပါနဲ့တော့