သတင်း

AA လက်မှ လွတ်မြောက်လာသည့် ယာဉ်မောင်းများကို စုံခုံဖွဲ့စစ်ဆေးနေ

ရက္ခိုင်စစ်တပ် (AA) ၏ ဖမ်းဆီး ခေါ်ဆောင်ခံရပြီး ပြန်လည် လွတ်မြောက်လာသည့် ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦး စီးဌာနမှ ယာဉ်မောင်းများအား စုံခုံဖွဲ့ စစ်ဆေးမှုကို နေပြည်တော်တွင် ယနေ့ စတင် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဘူးသီးတောင်မြို့သို့ သွားရောက်သည့် အောင်တံခွန် ၇ ရေယာဉ် ပေါ်တွင် လိုက်ပါလာသည့် အဆိုပါ ယာဉ်မောင်း ၁၈ ဦး အနက် ၁၆ ဦးကို AA က ဖမ်းဆီး ခေါ်ဆောင်သွားပြီး ၂ ဦးမှာ ရေ ယာဉ်အတွင်း ပုန်းအောင်း လွတ်မြောက်ခဲ့သည်။

ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) အထွေထွေမန်နေဂျာ ဦးမောင်မောင်အောင် က “လူက ၁၈ ယောက်ဆိုတဲ့ အခါကျတော့ အကုန်လုံး တပါတည်း ခေါ်ပြီးတော့ မေးလို့ မရဘူး။ နှစ်ယောက်တဖွ့ဲ သုံးယောက် တဖွဲ့ အလှည့်ကျခေါ်ပြီး မေးနေတုန်းပါ။ ဘာမှ အခြေအနေတော့ မသိရသေးပါဘူး။ ဒီနေ့မှ စမေးတာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ယင်းဝန်ထမ်းများ နေပြည်တော် ရောက်ချိန်တွင် အခြေအနေ အသေးစိတ်ကို စုံစမ်းမေးမြန်းရခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် တွင် ဖြစ်ပွားခဲ့သည့် အခြေအနေများကို ဝန်ကြီးဌာန အနေဖြင့် တာဝန်ရှိသည့်အတိုင်း မေးမြန်းရခြင်း ဖြစ်ကြောင်း သိရ သည်။

စုံခုံဖွ့ဲစစ်ဆေးမှုများကို ယနေ့ (တနင်္လာနေ့) မှ သောကြာနေ့ထိ ယာဉ်မောင်းများကို အဖွဲ့များ ခွဲကာ စစ်ဆေးသွားမည် ဖြစ်ပြီး စိစစ်တွေ့ရှိချက်များကို ဝန်ကြီးရုံးသို့ ပြန်လည် တင်ပြကာ ထုတ်ပြန်သင့်သည်များကိုလည်း ထုတ်ပြန်သွားမည်ဟု အဆိုပါ ဝန်ကြီးဌာနက ဆိုသည်။

ဦးမောင်မောင်အောင် က “ကျနော်တို့ ပြီးတဲ့အချိန်မှာတော့ ဝန်ကြီးရုံးကို တင်ပြပါ့မယ်။ ဝန်ကြီးရုံးက ထပ်ပြီး လိုအပ်သလို ဆက်လုပ်မှာပါ။ ကျနော်တို့ကတော့ လက်အောက်ခံ ဌာနဖြစ်တော့ ဒီလောက်ပဲ ပြောလို့ရပါတယ်”ဟု ဆက်ပြောသည်။

ရခိုင်ပြည်နယ် မြေပုံမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က “နိုင်ငံ့ဝန်ထမ်းတွေကို နိုင်ငံတော်က သူ တို့ကို နွေးနွေးထွေးထွေးနဲ့ ပြန်ပြီးတော့ ကြိုဆိုသင့်တယ်လို့ မြင်တယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် နောက်ဝန်ထမ်းတွေ လည်း ဟိုဘက်ကလည်း ဖမ်းတယ်၊ ကိုယ့်လည်း အရေးယူတယ် စစ်ဆေးတယ် ဆိုပြီးတော့ သူတို့ ရခိုင်ပြည်ကိုလာဖို့ စိတ် ပျက်သွားကြမှာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ် အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့် ရခိုင်ပြည်နယ် အတွင်းသော်လည်းကောင်း၊ ရခိုင်ပြည်နယ်မှ အခြား ပြည်နယ်သို့လည်းကောင်း ကားလမ်း၊ ရေလမ်း ခရီးသွားလာမည် ဆိုပါက ပြည်နယ် အစိုးရ အဖွဲ့ရုံးသို့ တင်ပြခွင့်ပြု ချက်ယူရန်နှင့် ပြည်နယ် အစိုးရရုံး၏ ခွင့်ပြုချက်ရမှသာ သတ်မှတ် အစီအစဉ်အတိုင်း သွားရောက်ရန် ပြီးခဲ့သည်လပိုင်းက ညွှန်ကြားချက် ထွက်ရှိထားသည်။

ခရီးသွားလာမည့် အစိုးရ ဝန်ထမ်းများ အနေဖြင့် ထိုညွှန်ကြားချက်များကို လုံခြုံရေးအရ လိုက်နာ ဆောင်ရွက်သင့်ကြောင်း တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီကို ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA တို့ တိုက်ပွဲများ၊ စစ်ရေး တင်းမာမှုများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရ ဝန်ထမ်း များ ခရီးသွားလာမှုတွင် AA မှ မကြာခဏ ဆိုသလို ဖမ်းဆီး ခေါ်ဆောင်မှုများ ရှိနေကြောင်း သိရသည်။

အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ကိုယ်စားလှယ် ဦးဝှေ့တင်းသည်လည်း နေပြည်တော်တွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးသို့ တက်ရောက်ရန် ခရီးထွက်လာစဉ် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကျောက်တန်းရွာ အနီး၌ ဦးဝှေ့တင်း အပါအဝင် ကုလားတန်မြစ် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းအတွက် လာရောက်သည့် အိန္ဒိယ နိုင်ငံသား ၄ ဦး၊ စကားပြန်နှင့် စပိဘုတ်မောင်းသူတို့ကို AA က ဖမ်းဆီးခဲ့သေးသည်။

လွန်ခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း ဘူးသီးတောင်မြို့နယ် တောင်ဘဇာစခန်းမှ လဝက လက်ထောက် ညွှန်ကြားရေး မှူး ဦးတင်မျိုးအောင်နှင့် လာကြိုသူ လ.ဝ.က အရာရှိ ၂ ဦးတို့အား AA က ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။

၂၀၁၉ ဒီဇင်ဘာလ ၁၁ ရက်ကလည်း NLD ပါတီ ဘူးသီးတောင်မြို့နယ် ဥက္ကဋ္ဌ ဦးရဲသိန်းကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ ဒီဇင်ဘာလ ၂၅ ရက်တွင် တပ်မတော်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ထိမှန်သောကြောင့် ဦးရဲသိန်း သေဆုံး ခဲ့ရကြောင်း AA က ထုတ်ပြန်ခဲ့သည်။

ဆက်စပ်ဖတ်ရှုရန်

အောင်တံခွန် သင်္ဘောပေါ်မှ ဖမ်းဆီးသွားသည့် ဝန်ထမ်း ၁၆ ဦးကို AA ပြန်လွတ်ပေး

ဘူးသီးတောင် NLD ပါတီ ဥက္ကဋ္ဌ သေဆုံးမှု တိုက်ပွဲကြောင့် မဟုတ်ဟု တပ်မတော် ပြော

Loading