ကယားပြည်နယ်၏ မြို့တော်လွိုင်ကော်တွင် ကျင်းပမည့် ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်မည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ခွင့်ရရန် ကရင်နီပြည်လူငယ်များ အင်အားစုက စာပို့ တောင်းဆိုထားကြောင်း သိရသည်။
ကယား (ကရင်နီ) ပြည်နယ်တွင် ဖြစ်နေသည့် မြေပြင်အခြေအနေများနှင့် ပတ်သက်၍ တိုက်ရိုက်ပြောဆိုနိုင်ရန် အတွက် ယင်းသို့ စာပေးပို့ထားခြင်းဖြစ်ပြီး ယနေ့အချိန်ထိ တစုံတရာ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ကရင် နီပြည် လူငယ်များအင်အားစု၏ ပြောရေးဆိုခွင့်ရှိသူ ခွန်းသောမတ်စ်က ဧရာဝတီကို ပြောသည်။
ခွန်းသောမတ်စ် က “ကျနော်တို့ ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ တပ်သိမ်းမြေကိစ္စတွေ ဗိုလ်ချုပ်ကြေးရုပ်ကိစ္စတွေ အခုအချိန်ထိ ပြည်နယ် အစိုးရက ဖြေရှင်းပေးနိုင်တာမျိုး မရှိသေးဘူး။ အဲဒီကိစ္စတွေ ပြောနိုင်ရင်တော့ ကောင်းမယ်ထင်လို့ သူနဲ့တွေ့ဖို့ စာပေးတာ” ဟု ရှင်းပြသည်။
လွိုင်ကော်မြို့၌ ယခုလ ၁၅ ရက်နေ့တွင် ကျင်းပမည့် ကယားပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်မည့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရှိရန် အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရုံးသို့ တိုက်ရိုက်လိပ်မူသည့် စာတစောင်ကို ဇန်နဝါရီ ၁၀ ရက်နေ့က ပေးပို့ခဲ့ခြင်းဖြစ်ပြီး ကယားပြည်နယ်အစိုးရထံသို့လည်း ထိုစာကို ယနေ့ ထပ်မံပေးပို့ထားကြောင်း သိရသည်။
ခွန်းသောမတ်စ် က “ဒီခရီးစဉ်အတွက် တစုံတရာ ရှုပ်ရှုပ်ထွေးထွေးဖြစ်စေမယ့် ပုံစံမျိုး ကျနော်တို့ လူငယ်အင်အားစု အနေနဲ့ မဖန်တီးလိုဘူး။ အဓိကက သူ့ကို ကျနော်တို့ တွေ့ခွင့်ရဖို့ ယဉ်ယဉ်ကျေးကျေးလေး တိုက်ရိုက်စာပို့တယ်။ အဲဒီလောက်ပါပဲ။ ထူးထူးခြားခြား လှုပ်ရှားမှုအနေနဲ့ တစုံတခုတော့ လုပ်မှာမဟုတ်ဘူး” ဟု ဆိုသည်။
သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် ကယားပြည်နယ်သို့ လာရောက်သည့်အခါ ပြည်နယ်အတွင်း တွေ့သင့်တွေ့ ထိုက်သည့် ပုဂ္ဂိုလ်များနှင့် လွတ်လပ်စွာ တွေ့နိုင်မည့် အစီအစဉ်များ ရှိစေချင်ကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က စီစဉ်ပေးသူလောက်နှင့်သာ တွေ့ပြီး ပြည်နယ်အစိုးရ ဦးအယ်ဖောင်းရှိုး ဦးဆောင်သည့် အစည်းအဝေးမျိုး ဖြစ်သွားပါက မြေပြင်ပြဿနာများကို ဖြေရှင်းပေးနိုင်မည် မဟုတ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
“ဒီခရီးစဉ် တခုလုံးကို ချုံ့ပြောလိုက်ရင် ကျနော်တို့ ပြည်နယ်အတွက် တစုံတရာ အပြောင်းအလဲ ဖြစ်သွားစေမယ့်ဟာ မျိုး မရှိဘူးလို့ ယုံတယ်။ ဘာလို့ဆို ၂၀၂၀ ရွေးကောက်ပွဲအတွက်ကိုပဲ ဒေါ်အောင်ဆန်းစုကြည်က ကြိုတင်မဲဆွယ်စည်း ရုံးရေး လာလုပ်သွားတဲ့ ပုံစံမျိုးပဲ ဖြစ်သွားမှာ” ဟုလည်း ခွန်းသောမတ်စ်က ထပ်မံရှင်းပြသည်။
ဗိုလ်ချုပ်ကြေးရုပ်ကိစ္စနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရ၏ သဘောထားမပါဘဲ ပြည်နယ် အစိုးရအနေဖြင့် ယခုကဲ့ သို့ ဆောင်လုပ်ရဲမည် မဟုတ်ကြောင်း၊ ကရင်နီတိုင်းရင်းသားတို့၏ ပြဿနာများ၊ တန်ဖိုးထားမှုများကို NLD အစိုးရ လက်ထက်တွင် လျစ်လျူရှုခံနေရသည်ဟု ခံစားရကြောင်း ကရင်နီလူငယ်များက ပြောသည်။
ကရင်နီလူငယ်များသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ မတိုင်ခင်က ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မည် ဟူသော ယုံကြည်ချက်ဖြင့် NLD ပါတီကို ဝန်းရံအားပေးခဲ့ကြသော်လည်း တကယ်တမ်း အစိုးရ ဖြစ်လာသည့်အခါ ဖြစ်နေသည့် ပြဿနာများကို မဖြေရှင်းပေးနိုင်သကဲ့သို့ မြေပြင်အခြေအနေများကို လျစ်လျူရှုထားသည့်အတွက် ထပ်မံ ဝန်းရံရန် အစီစဉ် ရှိတော့မည်မဟုတ်ကြောင်း ကရင်နီလူငယ်များက ဆိုသည်။
ကယန်းအမျိုး သားပါတီ ဥက္ကဋ္ဌ ခွန်းဘီဒူး က “အရင်တုန်းက ဒေသခံလူငယ်တွေ ဒီမိုကရေစီနဲ့ သူ့ရဲ့ ကောင်းမွန်တဲ့ ခေါင်းဆောင်မှုကို လိုလားတဲ့ အုပ်စုတွေက ကြိုဆိုပြီးမှ အကာအကွယ်ပေးတယ်။ ဒီပွဲကျတော့ သူကိုယ်၌က သူ့ရဲ့ အာဏာ အခွင့်အရေးကို အသုံးချပြီးမှ ဒီပြည်နယ်ကို ပြန်လာတဲ့ သဘောဖြစ်သွားတော့ ဒီနှစ်ခုအပေါ်မှာ အနှစ်သာရ ကွာတယ်လို့တော့ ယူဆတယ်” ဟု မှတ်ချက်ပြုသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းရင်းသားတို့၏ အမျိုးသားနေ့ပွဲများသို့ တက်ရောက်သည့် အခါ ပြည်နယ်၏ သမိုင်းကြောင်း၊ အခေါ်အဝေါ်များကို သိရှိနားလည်ြ့ပီး ပိုမိုကောင်းမွန်သော အဖြေ များကို ပေးနိုင်ရန်၊ ဒေသခံတိုင်းရင်းသားတို့ နစ်နာ ခံစားနေရသည့် အရာများကို အသိအမှတ်ပြုကာ ပါးနပ်စွာ ဖြေရှင်းပေးနိုင်ရန် မျှော်လင့်ကြောင်း ၎င်းက ဆက်ပြောသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်နယ်နေ့ လာမည့် ခရီးစဉ်နှင့် ပတ်သက်၍ အဖိနှိပ်ခံနေ ရသော ကရင်နီပြည် တောင်သူများအတွက် မျှော်လင့်ချက်များစွာ ရှိနေပြီး တိုင်စာတစောင်ကိုလည်း ၎င်း၏ လက်ထဲ အရောက် ထည့်ပေးနိုင်ရန်၊ တောင်သူများနှင့် တိုက်ရိုက်တွေ့ခွင့်ရရန်လည်း ကြိုးစားနေကြောင်း ကရင်နီပြည် တောင် သူလယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ပြောသည်။
ခူတူးရယ် က “တိုင်စာအဖြစ်နဲ့ အဲဒီနေ့လာမှ သူ့လက်ထဲ ကျနော်တို့ ထည့်ပေးနိုင်အောင် ကြိုးစားသွားမယ်။ တိုင်စာက အခုမှ တိုင်တာမဟုတ်ဘူး။ ၁၀ စောင်မကတော့ဘူး။ ဒါပေမယ့် ဒီတိုင်စာတွေက အမှိုက်ပုံးထဲ ရောက်နေတာလား။ ပစ်စာဆိုတဲ့ သဘောမျိုးနဲ့ လွှင့်ပစ်တာလား ဆိုတာ စဉ်းစားစရာဖြစ်တယ်။ အဲဒီနေ့မှာပဲ သူ့လက်ထဲ ကိုယ်တိုင် ထည့်နိုင်အောင် ကြိုးစားသွားမယ်။ တစုံတရာ ထိရောက်မယ်လို့ ယုံကြည်တယ်” ဟု ဆိုသည်။
တောင်သူတို့၏ အခက်အခဲ ဒုက္ခများ ခံစားနေရမှုကြောင့် အမှုကို ပြန်လည် ရုပ်သိမ်းပေးရန် လတ်တလော လိုအပ် နေသည်ဟုလည်း ၎င်းက ပြောသည်။
လတ်တလောတွင် တပ်မတော်မှ သိမ်းယူထားသည့် မြေယာကိစ္စများနှင့် ပတ်သက်၍ တရားစွဲခံထားရသည့် တောင် သူ ၄၀ ဦး ရှိပြီး ၁၁ ယောက်မှာ ထောင်အချုပ်ဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့ပြင် ကယားပြည်နယ် အစိုးရမှ လွိုင်ကော်မြို့ ကန္ဒာဟေဝန် ပန်းခြံတွင် စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်း စီးကြေးရုပ်အား ဖယ်ရှားပေးရေး ကရင်နီပြည်လူငယ်များက တောင်းဆိုထားမှုနှင့် ပတ်သက်၍လည်း ယနေ့အချိန်ထိ အဖြေမထွက်သေးဘဲ ရှိနေသည်။
နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၁၀ ရက်တွင် ကျရောက်သည့် ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကချင်ပြည်နယ်မှ ဘာသာရေးခေါင်းဆောင်များ၊ မျိုးနွယ်စုကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံခဲ့သည်။
You may also like these stories:
AA လက်မှ လွတ်မြောက်လာသည့် ယာဉ်မောင်းများကို စုံခုံဖွဲ့စစ်ဆေးနေ
လက်နက်ကိုင် နည်းလမ်းဖြင့် စိတ်ကူးမယဉ်ဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး
ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ရပ်တည်ကြောင်း နိုင်ငံအနှံ့ ထောက်ခံပွဲများပြုလုပ်