ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်း အရပ်သား ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ တပ်မတော်နှင့် ရက္ခိုင်စစ်တပ် (AA) တို့က ၎င်းတို့ မဟုတ်ကြောင်း ငြင်းဆိုနေကြသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၇ ရက်နေ့က ဆီးဖလောင်းရွာမှ ကျောင်းဆရာ ဦးအာဗေလ၊ ကြက်ဥဝရွာမှ ဦးလှစိန်နှင့် ဦးချစ်စု တို့သည် ရွာအတွင်း လူတစု၏ ဝင်ရောက် ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး ဇန်နဝါရီ ၁၀ ရက်တွင် ပလက်ဝ မြို့နှင့် ၂ မိုင်ခန့် အကွာ တောအုပ်ထဲတွင် လက်ပြန်ကြိုး တုပ်နှောင်လျက် ဓားဒဏ်ရာများဖြင့် သေဆုံး နေသည်ကို ပြန်လည် တွေ့ရှိရခြင်း ဖြစ်သည်။
ထိုကိစ္စကို ဇန်နဝါရီ ၁၀ ရက်တွင် အရပ်ဘက် အဖွဲ့အစည်းတခုဖြစ်သည့် ခူမီးချင်း မျိုးနွယ်စုများရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကောင်စီ (KACC) က အရပ်သား ၃ ဦးကို ဖမ်းဆီးသူများမှာ AA တပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု သတင်း ထုတ်ပြန် ထားသည်။
ဇန်နဝါရီ ၁၂ ရက်တွင်မူ AA ဘက်မှ KACC ထုတ်ပြန်ချက် မှားယွင်းနေကြောင်း၊ ၎င်းတို့ တပ်ဖွဲ့ဝင်များ မကျူး လွန်ကြောင်း ငြင်းဆန်ကာ တပ်မတော် စစ်ကြောင်းများ သတ်ဖြတ်ခြင်း ဖြစ်သည်ဟု စွပ်စွဲသည်။
ထိုနေ့တွင်ပင် တပ်မတော်ဘက်ကလည်း အရပ်သား ၃ ဦး သေဆုံးခြင်းမှာ AA ၏ လုပ်ရပ်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ရွာသားတွေလည်း အကုန်သိပါတယ်။ သူတို့ ရမ်းသန်းပြီး လျှောက်စွပ်စွဲနေတာပါ။ ၇ ရက်နေ့ ည ၈ နာရီလောက်မှာ သူတို့ ၃ ယောက် အိမ်ထဲ ထိုင်နေတုန်း လာဖမ်းသွားတယ်။ AA ဆိုတာလည်း အားလုံးက သိတယ်” ဟု ပြောသည်။
AA ဘက်မှ သတင်းထုတ်ပြန်ချက်တွင် အရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရသည့် နေရာများမှာ တပ်မတော်၏ ပလက်ဝ နယ်မြေစစ်ဆင်ရေး ကွပ်ကဲမှု ဗဟိုဌာနချုပ်၊ ခြေလျင်တပ်ရင်း ခလရ ၂၈၉ အခြေစိုက်ရာ နယ်မြေ ဖြစ်ပြီး တပ်စခန်းများလည်း ချထားသဖြင့် AA တပ်ဖွဲ့ဝင်များ ဝင်ရောက် သတ်ဖြတ်သည်ဟူသည့် အချက်မှာ စွပ်စွဲချက်သာ ဖြစ်သည်ဟု ဆိုထားသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က မြောက်ဦးမြို့တွင်း ဗုံးထောင်ခြင်း၊ မင်းပြားမြို့နယ်၊ ရာမောင်တံတား အနီး အရပ်သားများ သွားလာမှုများသည့် နေရာများတွင်ပင် လာရောက်ပစ်ခတ်မှုများ လုပ်နေသဖြင့် AA ၏ ငြင်းဆိုမှုမှာ ယုတ္တိမရှိပါဟု တုန့်ပြန်သည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “သူတို့ ဖြစ်တဲ့ ပြဿနာကိုလည်း တရွာလုံး သိပြီးသား ဖြစ်ပါတယ်။ သို့သော် AA ကတော့ ဟိုလူ့လွှဲချ ဒီလူ့လွှဲချနဲ့ ။ ကျနော်ပြောသလို သောင်းကျန်းသူတွေ EAOs တွေထဲမှာတော့ သူရဲဘော အကြောင်ဆုံးပါ။ ကိုယ်လုပ်တာလည်း ကိုယ်ဝန်မခံဘူး။ လက်နက်မဲ့ ပြည်သူတွေကိုလည်း နှိပ်စက်တယ်” ဟုလည်း ဆိုသည်။
AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက အရပ်သား ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရသည့် ကိစ္စနှင့် ပတ် သက်၍ AA ကို စွပ်စွဲနေခြင်းမှာ တပ်မတော်ဘက်မှ နိုင်ငံရေး အကျိုးအမြတ် ထုတ်ရန် ဖြစ်သည်ဟု တုန့်ပြန် ပြောဆိုသည်။
ဦးခိုင်သုခ က “ဗမာစစ်တပ်ကနေ ဖမ်းပြီး လက်စဖျောက်ပြီးမှ ဝါဒဖြန့်သူတွေကတဆင့် AA သတ်သလိုမျိုး ထုတ်လာ တာ။ ကျနော်တို့ နောက်ဆုံး သုံးသပ်ရသလောက်ကတော့ တရုတ်သမ္မတရဲ့ ခရီးစဉ် မတိုင်ခင်မှာ ကျနော်တို့ ရက္ခိုင်တပ်တော်ကို ဂွင်ဆင်ချောက်ချဖို့ အတွက် အောက်လမ်းနည်းတွေနဲ့ ကြိုးပမ်းတာလို့ပဲ နားလည်တယ်”ဟု ပြောသည်။
အရပ်သားများ ဖမ်းဆီးသတ်ဖြတ်ခံရသည့် နေရာမှာ တပ်ရင်း ၂၇ ရင်းခန့်ကို ကွပ်ကဲနေသည့် ဌာနချုပ်၏ နောက် ကြောတွင် ဖြစ်ပွားသွားခြင်း ဖြစ်ပြီး တဖက်တွင်လည်း တပ်မတော်၏ အမြှောက်တပ် အပြင် ကာကင်းများ ပတ်လည် ချထားသည့် နယ်မြေဖြစ်သည်ဟု ဦးခိုင်သုခက ဆိုသည်။
အရပ်သား ၃ ဦး ဖမ်းဆီး သတ်ဖြတ်ခံရခြင်းကို ကနဦး သတင်းထုတ်ပြန်ခဲ့သည့် KACC ကိုလည်း ရန်သူ့ ကျော ထောက် နောက်ခံပြုနေသည့် အဖွဲ့အစည်းဟု AA က စွပ်စွဲထားသည်။
KACC သည် အရပ်သား ၃ ဦး ဖမ်းဆီး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်အပြင် ကျီလေကျေးရွာတွင် ချင်း အမျိုးသမီး တဦးကို အဓမ္မပြုကျင့်ရန် AA ရဲဘော်က ကြိုးစားခဲ့သည့်အပြင် တားဆီးကြသည့် ရပ်ရွာလူကြီးများကိုလည်း ရိုက်နှက်သွားသည်ဟု သတင်းထုတ်ပြန်ထားသည်။
ဦးခိုင်သုခက ၎င်းတို့ တပ်ဖွဲ့ဝင်များ အရပ်သားများအပေါ် ရိုက်နှက်သွားသည် ဆိုသည်မှာ မှန်သော်လည်း အဓမ္မပြုကျင့်ရန် ကြိုးစားခြင်း မရှိကြောင်း ငြင်းဆိုပြီး ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးကာ ရိုက်နှက်မိသည့်အပေါ် တွင်လည်း ရပ်ရွာလူကြီးများကို တောင်းပန်ပြီး ဖြစ်ပါသည်ဟု ပြောသည်။
အရပ်သားများကို ရိုက်နှက်သည့် တပ်ဖွဲ့ဝင်များကိုလည်း တပ်တွင်းပြစ်ဒဏ်များ ပေးထားပါသည်ဟု ဦးခိုင်သုခက ဆက်လက်ရှင်းပြသည်။
AA ၏ တုန့်ပြန်ပြောဆိုမှုများအပေါ် မေးမြန်းရာ KACC ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစောမြက “ကျနော်တို့ဘက်က မပြောနိုင်သေးဘူး။ ပြန်ပြီး အစည်းအဝေးတွေ လုပ်ဖို့ ရှိသေးလို့ပါ။ လောလောဆယ်တော့ ကျနော်တို့ မပြောသေး ပါဘူးခင်ဗျ” ဟု ဆိုသည်။
ဦးခိုင်သုခက အရပ်သားများအနေဖြင့် AA တပ်ဖွ့ဲဝင်များ၏ နှိပ်စက်ခြင်း၊ ရိုက်နှက်ခြင်းများ ခံရပါက နီးစပ်ရာ AA တပ်ဖွဲ့များထံ တိုင်ကြားနိုင်သည့်အပြင် AA ၏ သတင်းနှင့် ပြန်ကြားရေး ဝဘ်ဆိုက် ဖြစ်သည့် arakanarmy.net ၏ contact us တွင်လည်း ဖြစ်စဉ်အတိအကျကို ဝင်ရောက် ရေးသားပေးပါက စုံစမ်း အရေးယူပေးပါမည်ဟု ဆိုသည်။
တပ်မတော်ကလည်း ၂၀၁၉ ခုနှစ်အတွင်းက တပ်မတော်နှင့် AA တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲများတွင် AA ဘက်မှ တပ်မတော် တပ်ဖွဲ့ဝင်များအဖြစ် အယောင်ဆောင်ကာ အရပ်သားများကို နှိပ်စက်နေသဖြင့် ညှင်းပန်းရိုက်နှက်ခံရပါက နီးစပ်ရာ တပ်မတော်၊ တပ်စခန်းများကို လာရောက်တိုင်တန်းကြရန် ထုတ်ပြန်ထားသည်။
You may also like these stories:
AA လက်မှ လွတ်မြောက်လာသည့် ယာဉ်မောင်းများကို စုံခုံဖွဲ့စစ်ဆေးနေ
မြေပုံက စစ်ဘေးရှောင် မိသားစု ပစ်ခတ်ခံရ၍ ၁၀ လအရွယ် ကလေး ၁ ဦးသေဆုံး
ဘူးသီးတောင် မိုင်းပေါက်ကွဲ၊ ကလေး ၄ ဦး သေ၊ ၆ ဦး ဒဏ်ရာရ