တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ လာမည့် ခရီးစဉ်ကာလအတွင်း တပ်မတော်က ရက္ခိုင်စစ်တပ် (AA) ကို နာမည်ပျက်အောင် လုပ်နေသည်ဟု AA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဧရာဝတီကို ပြောသည်။
ဦးခိုင်သုခက “နည်းမျိုးစုံနဲ့ ကျနော်တို့ကို ပြည်သူလူထုနဲ့ နိုင်ငံတကာကြားမှာ ချောက်ချဖို့ အတွက် စွပ်စွဲနေတာ ရှိတယ်။ အခုက တရုတ်သမ္မတရဲ့ ခရီးစဉ်လည်း ရှိနေတယ် ဆိုတော့ ပိုပြီးတော့ အဲဒီ မတိုင်ခင်မှာ ဂွင်လေး ၁ ဂွင် ရမလား ဆိုပြီး ကြိုးပမ်းနေတာ အများကြီး ရှိပါတယ်”ဟု တပ်မတော်ကို စွပ်စွဲပြောဆိုသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သမ္မတ ရှီကျင့်ဖျင်သည် ဇန်နဝါရီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး ခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူရေနက်စီမံကိန်း အပါအဝင် အခြားစီးပွားရေး ဆိုင်ရာ သဘောတူညီမှု နားလည်မှုစာချွန်လွှာ ၃ ခုကို လက်မှတ်ရေးထိုးမည် ဖြစ်သည်။
သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ မလာခင် AA ဘက်မှ တဖက်သတ် စစ်ရှိန်လျော့ချထားချိန်တွင် ဆက်တိုက် စွပ်စွဲခံနေရပြီး ပြည်သူလူထုနှင့် နိုင်ငံတကာ အမြင်တွင် AA က အရပ်သားများကို အကြမ်းဖက် သတ်ဖြတ်နေသူများ အဖြစ် ပုံဖော်နေကြသည်ဟုလည်း ဦးခိုင်သုခက ရှင်းပြသည်။
AAအနေဖြင့် ပြည်သူလူထုနှင့် နိုင်ငံတကာမှ အကြမ်းဖက်နေသူများအဖြစ် အမြင်လွဲမှားမှု ဖြစ်မည်ကို မလိုလား ကြောင်း ဦးခိုင်သုခက ဆိုသည်။
ဇန်နဝါရီ ၁၀ ရက်က ပလက်ဝမြို့နယ်အတွင်း အရပ်သား ၃ ဦး ဖမ်းဆီး သတ်ဖြတ်ခံရသည့် ဖြစ်ရပ်၊ ချင်းအမျိုးသမီး ၁ ဦးကို အဓမ္မ ပြုကျင့်ရန် AAရဲဘော်က ကြံစည်သည်ဟူသည့် သတင်းများမှာ ပြည်သူလူထုနှင့် နိုင်ငံတကာတို့ AA အပေါ် အထင်အမြင်လွဲမှားအောင် တပ်မတော်က နိုင်ငံရေး ရည်ရွယ်ချက်ဖြင့် စွပ်စွဲနေခြင်း ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ပလက်ဝမြို့နယ်၊ ကျီလေရွာတွင် တပ်မတော် သတင်းပေး ၁ ဦးကို ဝင်ဖမ်းရာ ထွက်ပြေးသဖြင့် ရွာသားများကို ရိုက်နှက် မေးမြန်းခြင်းနှင့် ဖမ်းဆီးလိုသူ၏ သမီးကို ရိုက်နှက်မေးမြန်းခြင်းများ ပြုလုပ်ခဲ့သဖြင့် ရွာလူကြီးများကို ပြန်တောင်းပန်ပြီး ဖြစ်သည်ဟု AA က ဝန်ခံသော်လည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန် ကြိုးစားခြင်း မရှိပါဟု ငြင်းဆိုထားသည်။
ချင်းအမျိုးသမီးကို အဓမ္မပြုကျင့်ရန် ကြိုးစားသည်ဟု သတင်းထုတ်ပြန်ခဲ့သည့် ခူမီးချင်းမျိုးနွယ်စုရေးရာ ပေါင်းစပ်ညှိနှိုင်းရေးကောင်စီ (KACC)ကိုလည်း မှားယွင်းကြောင်း ပြန်ထုတ်ပေးရန် AA က သတင်းထုတ်ပြန်ထားသည်။
ဇန်နဝါရီ ၁၁ ရက်ကလည်း မြောက်ဦးမြို့တွင်း ဈေးသွားသည့် ရဲကား ၂စီး မိုင်းထိသည့် ကိစ္စတွင်လည်း အစိုးရဘက်မှ AA ကို စွပ်စွဲသည်။
AA က မြောက်ဦးမြို့နယ်အတွင်း သွားလာနေသည့် ရဲတပ်ဖွဲ့ပိုင် ကား ၂ စီးကို အဝေးထိန်းရီမုမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့သည်ဟုလည်း ဇန်နဝါရီ ၁၃ ရက်ထုတ် နိုင်ငံတော်ပိုင် မြန်မာ့အလင်း သတင်းစာတွင် ရေးသား ဖော်ပြထားသည်။
မိုင်းခွဲ တိုက်ခိုက်ခံရသည့် ကား ၂ စီးတွင် မြောက်ဦး နယ်မြေခံရဲတပ်ဖွဲ့ချုပ်မှ မိသားစုဝင်များ ပါဝင်ပြီး ၎င်းတို့ မြောက်ဦး မြို့မဈေးသို့ ဈေးသွားဝယ်ပြီး အပြန်လမ်းတွင် တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု မြန်မာ့အလင်း သတင်းစာတွင် ရေးသားဖော်ပြထားသည်။
ဦးခိုင်သုခက “ မြောက်ဦးမှာ ရဲကား မိုင်းခွဲခံရတာက ကျနော်တို့ဘက်ကလည်း စုံစမ်းတယ် ဘယ်သူ ခွဲတယ် ဆိုတာ။ ကျနော်တို့ ဘက်က လုပ်တာ လုံးဝ မဟုတ်ဘူး။ မြန်မာစစ်တပ်ဘက်က သူတို့ မြေပြင်ထောက်လှမ်းရေးတွေက ခွဲတာ ဖြစ်နိုင်တယ်” ဟု ပြောသည်။
ထို့ပြင် ဦးခိုင်သုခက AA အပါအဝင် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က စစ်ရှိန် လျော့ချသည့် အနေဖြင့် တဖက်သတ် အပစ်ရပ် ကြေငြာပြီးကတည်းက ရခိုင်ပြည်နယ်တွင်းတွင်လည်း တပ်မတော်ကို လိုက်လံ တိုက်ခိုက်ခြင်းများ မလုပ်ဆောင်ပါဟု ဆိုသည်။
ဇန်နဝါရီ ၁၀ ရက်က တရုတ်နှစ်သစ်ကူး အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ လိုင်ဇာမြို့သို့ တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန် မစ္စတာဆွန်ကော့ရှန် ရောက်လာစဉ်ကလည်း AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်နှင့် တွေ့ဆုံပြီး AA ဘက်မှ ထိုးစစ်ဆင်မှုများ မလုပ်ရန်၊ ဒေသတည်ငြိမ် အေးချမ်းရေးကို တရုတ်က လိုလားပြီး နိုင်ငံရေးစားပွဲဝိုင်းတွင် ဆွေးနွေးကြရန် ပြောဆိုထားသည်။
တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကမူ AA အနေဖြင့် တပ်မတော် နှင့် စစ်ရေး ပဋိပက္ခ ဖြစ်ပွားသည့် နယ်မြေများတွင် အရပ်သားများကို သတ်ဖြတ်ခြင်း၊ တပ်မတော်အတွက် သတင်းပေးသူဟု ယူဆရပါက သတ်ဖြတ်ခြင်းအပြင် လူထု သွားလာသည့် လမ်းပန်း ဆက်သွယ်ရေးများကို ဖျက်ဆီးခြင်းများ လုပ်ဆောင်နေဆဲဖြစ်သည်ဟု ပြောသည်။
ပလက်ဝမြို့နယ်အတွင်း အရပ်သား ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်သည့် လုပ်ရပ်မှာလည်း AA လက်ချက် ဖြစ်ပြီး ဝန်မခံဘဲ တပ်မတော်ကို မဟုတ်မမှန် ပြန်လည်စွပ်စွဲနေခြင်းသာ ဖြစ်သည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုသည်။
တရုတ်သမ္မတခရီးစဉ်တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ စီမံကိန်းနှင့် ပတ်သက်၍ နားလည်မှုစာချွန်လွှာ ချုပ်ဆိုရန် ပါရှိသဖြင့် စီမံကိန်းကြောင့် တိုက်ပွဲအရှိန်များ လျော့ကျလာနိုင်ခြင်း ရှိ၊ မရှိ သုံးသပ်ချက် မေးရာ ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက “ဒါက ကျနော်တို့ မသုံးသပ်ချင်ပါဘူး။ သူတို့ ဘယ်ကနေ ပေါက်ဖွားလာပြီး ဘယ်လို လုပ်တယ် ဆိုတာ အရင်းခံဇစ်မြစ်ကို ကြည့်ရင် ဖြစ်လာနိုင်ချေတော့ တွေ့ရပါတယ်။ စီမံကိန်းနဲ့ ပတ်သက်ပြီးတော့ အဲဒီ စီမံကိန်းရှိတဲ့ နေရာတွေမှာ တိုက်ပွဲဖြစ်လား၊ မဖြစ်လားပဲ ကြည့်လိုက်ပါ။ အဲဒါဆိုရင် သိသာပါတယ်”ဟုလည်း ပြောသည်။
တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက AA အပါအဝင် တရုတ်နယ်စပ်တကြောတွင် အခြေစိုက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များမှာ တရုတ်နိုင်ငံနှင့် ဆက်ဆံရေးမပျက်အောင် အထူး သတိထားနေကြသူများ ဖြစ်သည်ဟု သုံးသပ်သည်။
သို့သော် ရခိုင်ပြည်နယ်တွင်း နှစ်ဖက်တပ်များ စစ်ရေးပဋိပက္ခ တင်းမာနေသည့် နယ်မြေတွင် တဖက်သတ် စစ်ရှိန် လျော့ချသည့်ဟူသည့် အချက်မှာ စစ်ရေးအရ ဖြစ်နိုင်ချေ မရှိပါဟုလည်း ဦးမောင်မောင်စိုးက ဆိုသည်။
တပ်မတော်နှင့် AAသည် အပစ်ရပ်စာချုပ်တခု ချုပ်ဆိုနိုင်ရန် ဆွေးနွေးနေဆဲ ဖြစ်ပြီး နှစ်ဖက် တပ်နေရာ ချထားရေး အတွက် ဆွေးနွေးမှုများတွင်လည်း ပြေလည်ခြင်း မရှိသေးပါ။
ဦးမောင်မောင်စိုးက “စစ်ရှိန်ကတော့ မြောက်ပိုင်းမှာပဲ လျော့တယ် ထင်တယ်။ မြောက်ပိုင်းမှာတော့ အပစ်အခတ် ရပ်စဲရေး တဖက်သတ်ကြေငြာပြီး လျော့ချနိုင်ပေမယ့် ရခိုင်မှာတော့ လျော့ချတာ မတွေ့ရပါဘူး။ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်နေတာပဲ” ဟု ပြောသည်။
၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလကုန်ပိုင်းတွင် အရှိန်မြှင့်လာခဲ့သည့် ရခိုင်ပြည်နယ် မြောက်ပ်ိုင်း တိုက်ပွဲများမှာ ယနေ့ထိ ရပ်ဆိုင်းခြင်း မရှိဘဲ တပ်မတော်နှင့် AA ကြား တိုက်ခိုက်နေဆဲဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာတွင် ပလက်ဝမြို့နယ် တကြောနှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်းရှိ မြို့နယ်များတွင် AA က ခြေကုပ်ယူနိုင်ပြီ ဖြစ်သဖြင့် ရခိုင်ပြည်နယ်တွင်း စီးပွားရေးလုပ်ကိုင်သူများ အခွန်ငွေကြေး ပေးဆောင်ပြီး AA၏ အာဏာသက်ရောက်မှုကို လက်ခံရမည်ဟု AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ဧရာဝတီကို ပြောဆိုထားသည်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပလက်ဝမြို့နယ်အတွင်း လုပ်ဆောင်နေသည့် အိန္ဒိယနိုင်ငံ၏ ကုလားတန်စီမံကိန်းများနှင့် ကုမ္ဗဏီများလည်း ၎င်းတို့ တည်ရှိမှုကို အသိအမှတ်မပြုသဖြင့် တိုက်ခိုက်ရခြင်း ဖြစ်ပြီး ၎င်းတို့ကို အခွန်ပေးရမည်ဟု ပြောဆိုထားသည်။
ရခိုင်ပြည်နယ်တွင်း တရုတ်နိုင်ငံ၏ စီးပွားရေး စီမံကိန်းကြီးများလည်း လုပ်ဆောင်နေရာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က တရုတ်နှင့် အပြန်အလှန် နားလည်မှု ရရှိထားသည်ဟု ဧရာဝတီနှင့် အင်တာဗျူးတခုတွင် ပြောခဲ့သည်။
You may also like these stories:
ပလက်ဝတွင် အရပ်သား ၃ ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှု တပ်နှင့် AA ငြင်းဆို
ခူမီးတိုင်းရင်းသားများကို AA အဖွဲ့က ဝင်ရောက် ရိုက်နှက်ခြိမ်းခြောက်
လက်နက်ကိုင် နည်းလမ်းဖြင့် စိတ်ကူးမယဉ်ဖို့ ဒေါ်အောင်ဆန်းစုကြည် သတိပေး
တရုတ် ဖိအားကြောင့် အပစ်ရပ် သက်တမ်းထပ်တိုးခြင်း မဟုတ်ဟု TNLA ပြော