တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သောကြာနေ့တွင် မြန်မာနိုင်ငံသို့လာရောက်မည်ဖြစ်ပြီး ထိုခရီးစဉ်သည် နှစ်ရက်ကြာ နိုင်ငံတော်အဆင့် ခရီးစဉ်ဖြစ်သည်။
ရှီသည် ဆယ်စုနှစ် ၂ ခုအတွင်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် ပထမဆုံး တရုတ်သမ္မတ ဖြစ်လာမည်ဖြစ်သည်။ သို့သော် သူသည် ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံသို့ ဒုတိယ သမ္မတအဖြစ် လာရောက်ခဲ့သောကြောင့် ယခုခရီးစဉ်သည် ရှီ၏ ဒုတိယမြောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်သည်။
မြန်မာနိုင်ငံမှ စီးပွားရေး အသိုင်းအဝန်းသည် ရှီ ကို ကြိုဆိုရန် စိတ်လှုပ်ရှားနေသည်။ တရုတ်နှင့် မြန်မာနိုင်ငံတို့သည် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးလှသော ဒေသတွင်း အခြေခံ အဆောက်အအုံစီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် (CMEC) မှ အဓိက သေနင်္ဂဗျူဟာကျသော စီမံကိန်းများအတွက် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးကြမည်ဖြစ်သည်။
မြန်မာနိုင်ငံသို့ ၁၇ ရက်နှင့် ၁၈ ရက်နေ့များတွင် သွားရောက်စဉ် ရှီနှင့် ကိုယ်စားလှယ်အဖွဲ့ မည်မျှ အလုပ်များမည်ကို လေ့လာတင်ပြထားသည်။
ရှီကျင့်ဖျင် သူ့ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်ရှီ Horizontal Lakeview Hotel တွင် တည်းခိုရန် စီစဉ်ထားသည်။
သမ္မတ ဦးဝင်းမြင့်က သမ္မတရှီကို နေပြည်တော်တွင် လက်ခံတွေ့ဆုံမည်ဖြစ်သည်။ သို့သော် ထိုသို့လက်ခံတွေ့ဆုံခြင်းသည် အစဉ်အလာအရသာဖြစ်ပြီး အချိန်သိပ်ကြာမည် မဟုတ်ပေ။ ထိုနောက် ရှီသည် အစိုးရ၏ အမည်မခံသောခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆွေးနွေးပွဲကျင်းပပြီး ထိုအစည်းအဝေးသည် လုပ်ငန်းဆိုင်ရာ အစည်းအဝေးဖြစ်မည်။ ဒေါ်အောင်ဆန်းစုကြည်က ရှီနှင့်ကိုယ်စားလှယ်အဖွဲ့ ညစာဖြင့် ဧည့်ခံကျွေးမွေးမည်ဟု ယုံကြည်ရသည်။
အစီအစဉ်များအရ ရှီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ၎င်းတို့နှစ်ဦး မည်သည့်နေရာတွင် တွေ့ဆုံမည်ကို မသိရသေးသော်လည်း ရှီသည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တပ်မတော်ဌာနချုပ်တွင် သွားရောက်တွေ့ဆုံမည်တော့ မဟုတ်ပေ။
မြန်မာနိုင်ငံမှ အခြားထင်ရှားသော ခေါင်းဆောင်များနှင်လည်း တွေ့ဆုံရန် ရှီက တောင်းဆိုမည်ဟု ယုံကြည်ရသောကြောင့် နိုင်ငံရေးသမားများ၊ အတိုက်အခံခေါင်းဆောင်များနှင့် ထင်ရှားသော သံဃာတော်များကိုလည်း ရှီ နှင့်တွေ့ဆုံရန် ဖိတ်ကြားနိုင်သည်။
မြန်မာနှင့် တရုတ်ခေါင်းဆောင်များသည် တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့် ဧည့်ခံပွဲကို တက်ရောက်မည်ဖြစ်ပြီး ထိုဧည့်ခံပွဲတွင် တရုတ်-မြန်မာ ယဉ်ကျေးမှုနှင့် ခရီးသွားနှစ် စတင်သည့် အခမ်းအနားကို ကျင်းပမည်ဖြစ်သည်။
နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး ထူထောင်သည့် နှစ် ၇၀ ပြည့်ကို ကျင်းပရန် တရုတ်နှင့်မြန်မာတို့သည် ယခုနှစ်အတွင်း စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ယဉ်ကျေးမှု ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အခမ်းအနား အများအပြားကျင်းပကြမည်လည်း ဖြစ်သည်။
နောက်ဆုံးတွင် မြန်မာနှင့် တရုတ်ခေါင်းဆောင်များသည် ကုန်သွယ်ရေးသဘောတူညီချက်များကို လက်မှတ်ရေးထိုးရန်နှင့် ယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ရန် အခမ်းအနားကို တက်ရောက်ကြမည်ဖြစ်သည်။ ယဉ်ကျေးမှု၊ နိုင်ငံရေးနှင့် စီးပွားရေး သဘောတူညီချက် ဒါဇင်ပေါင်းများစွာကို နှစ်ဖက်လက်မှတ်ရေးထိုးမည်ဟု တရုတ်အစိုးရသတင်းစာ Global Times က တရုတ်သံအမတ် ချန်ဟိုင်ကို ကိုးကားဖေါ်ပြသည်။
ခရီးစဉ်အတွင်း သမ္မတရှီကျင့်ဖျင်သည် မြန်မာနိုင်ငံတွင် တုံ့ဆိုင်းနေသည့် ရပ်ဝန်းနှင့်လမ်းအစီအစဉ် စီမံကိန်းများကို စတင်ရန် လမ်းဖွင့်မည်ဖြစ်သည်။ တရုတ်သည် မြန်မာနိုင်ငံ၏အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ တနိုင်ငံ ဖြစ်သည်။
You may also like these stories:
တရုတ်သမ္မတ၏ မြန်မာခရီးစဉ်သည် BRI စီမံကိန်းများအတွက် ကတိကဝတ်ရရန် အားထုတ်မှုဟု ဆို
မြန်မာပြည်က BRI စီမံကိန်းများ (သို့မဟုတ်) ပုလင်းသစ်ထဲက ဝိုင်အဟောင်း