သတင်း

လူသတ် အလောင်းဖျောက်ခဲ့သည့် ဆေးမှူးဟောင်းကို သေဒဏ်ချမှတ်

Want create site? Find Free WordPress Themes and plugins.

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတတက္ကသိုလ်အနီး ချစ်သူလမ်းကြား၌ ဖြစ်ပွားခဲ့သည့် လူသတ် အလောင်းဖျောက်မှုနှင့် ပတ်သက်၍ တရားခံဖြစ်သူ ကျေးလက် ကျန်းမာရေးဌာန ဆေးမှူးဟောင်း သန်းဇော် (၃၉ နှစ်) ကို ဟင်္သာတခရိုင် တရား ရုံးက ဇန်နဝါရီလ ၁၃ ရက်တွင် မသေမချင်း ကြိုးကွင်းစွပ်သတ်ရမည့် သေဒဏ် အမိန့်ချမှတ်ခဲ့ကြောင်း သတင်း ရရှိသည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ၂၂ ရက် ညက ဟင်္သာတမြို့နယ် စစ်ကုန်းအုပ်စု မရမ်းလေး ကျေးရွာ မူလတန်းကျောင်းမှ ကျောင်းဆရာ ကိုအေးနိုင် (၃၄ နှစ်) အား ဟင်္သာတမြို့နယ် ဘုရားကုန်း ကျေးရွာအုပ်စု ကျေးလက် ကျန်းမာရေးဌာန ဆေးမှူးဟောင်း သန်းဇော်နှင့် နှင်းပွင့်ဖြူတို့ ပူးပေါင်း၍ သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထိုအမှုကို ဟင်္သာတခရိုင်တရားရုံး၌ ၃ နှစ်နှင့် ၉ လကျော်ကြာ စစ်ဆေးကြားနာပြီးနောက် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဟင်္သာတခရိုင် တရားရုံး သတင်းပြန်ကြားရေးအရာရှိ ဒုခရိုင် တရားသူကြီး ဦးအောင်သိန်းဦး က “ဟင်္သာတခရိုင် တရားရုံး အနေနဲ့ နံပါတ် ၁ တရားခံ သန်းဇော်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁/ခ) အရ သေဒဏ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ပြီး တော့၊ နံပါတ်၂ တရားခံ နှင်းပွင့်ဖြူ (ခေါ်) နှင်းချယ်ရီ (၂၆ နှစ်)ကို ရာဇသတ်ကြီး ပုဒ်မ ၂၀၁ ပထမပိုင်းအရ အလုပ်နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့ပါတယ်” ဟု ဧရာဝတီကို ပြောသည်။

ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁/ခ) အရ မည်သူမဆို တင်ကူးကြံရွယ်ချက်ဖြင့် လူသတ်မှုကိုကျူးလွန်လျှင် ထိုသူကို သေဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ရာဇသတ်ကြီးပုဒ်မ ၂၀၁ တွင် သေဒဏ် ချမှတ်ခြင်း ခံထိုက်သော ပြစ်မှုကျူးလွန်သူကို ပြစ်ဒဏ်မှ ကာကွယ်ရန်အတွက် သက်သေခံ တခုခုကို ဖျောက်ဖျက်စေလျှင် ထိုသူကို ၇ နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ် နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ဒု ခရိုင် တရားသူကြီး ဦးအောင်သိန်းဦး က “ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၃၆၈၊ ပုဒ်မခွဲ ၁ အရ လူတဦးတယောက်ကို သေဒဏ်ချမှတ်တဲ့အခါမှာ မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် ညွှန်ကြားရမယ်လို့ ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ဒါကြောင့် တရားခံ သန်းဇော်ကို သေဒဏ် ချမှတ်တဲ့နေရာမှာ တရားခံကို မသေမချင်း ကြိုးကွင်းစွပ်၍ သတ်ရမည်ဆိုတဲ့ အမိန့်ကို ထည့်သွင်း ချမှတ်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

မှုခင်း ဖြစ်စဉ်မှာ၂၀၁၆ ခုနှစ် မတ်လ ၃ ရက်က ဟင်္သာတမြို့ချစ်သူလမ်းကြားအနီးရှိ လယ်ကွင်းစပ်တွင် မသင်္ကာဖွယ်ရာ မြေအနေအထား တွေ့ရသည့်အတွက် လယ်ပိုင်ရှင်ဖြစ်သူမှ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သဖြင့် ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးတာ ဝန်ရှိသူများနှင့် မှုခင်း ဆရာဝန်တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တူးဖော်ခဲ့ရာ အရိုးကျနေသည့် အလောင်းတလောင်းကို တူး ဖော် ရရှိခဲ့သည်။

အလောင်းမှာ အရိုးကျနေ၍ မည်သူမည်ဝါမှန်း ခွဲခြား၍ မရခဲ့ဘဲ အလောင်းမှတွေ့ရသည့် လက်ပတ်နာရီနှင့် ဆိုင်ကယ် သော့တို့ကို အခြေခံ၍ ရဲတပ်ဖွဲ့က စုံစမ်းခဲ့ရာ ရက်အတန်ကြာ ပျောက်ဆုံးနေသူ မရမ်းလေး ကျေးရွာ မူလတန်းကျောင်းမှ ကျောင်းဆရာ ကိုအေးနိုင်ဖြစ်ကြောင်း သိရှိခဲ့ရပြီး အမှုကွင်းဆက်အရ တရားခံ သန်းဇော်နှင့် နှင်းပွင့်ဖြူတို့ကို ဖမ်းဆီး၍ ဟင်္သာတခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ခြင်း ဖြစ်သည်။

ဟင်္သာတခရိုင် တရားရုံးတွင် စစ်ဆေးပေါ်ပေါက်ချက်များအရ ဆေးမှူးဟောင်း သန်းဇော်မှာ ကျောင်းဆရာ ကိုအေးနိုင်ကို လူမှုရေးအရ မကျေနပ်သည့်အတွက် ဖေဖော်ဝါရီလ၂၂ ရက်ညတွင် နှင်းပွင့်ဖြူကို အသုံးချ၍ ကျောင်းဆရာ ကိုအေးနိုင် အား ဟင်္သာတမြို့ ချစ်သူလမ်းကြားသို့ ချိန်းဆိုကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အလောင်းအား လယ်ကွင်းစပ်သို့ သယ်ယူကာ မြေကျင်းတူပြီး အသင့် ယူဆောင်လာသည့် အက်စစ်ဖြင့် လောင်း၍ မြေမြှုပ် အလောင်းဖျောက်ဖျက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပုသိမ်မြို့မှ လုပ်သက်ရင့် အထက်တန်း ရှေ့နေ ဦးဇော်ဝင်းအောင်က “လူသတ်ဖို့၊ အလောင်းဖျောက်ဖျက်ဖို့ကိုပါ ကြိုတင် စီစဉ်ခဲ့တာပါ။ သတ်ဖြတ်ရာမှာရော အလောင်းဖျောက်ရာမှာရော ပြင်းထန်တဲ့၊ ရက်စက်ကြမ်းကြုတ်တဲ့ အနေအထားမျိုး တွေ ပြုမူ ကျူးလွန်တယ် ဆိုရင် အခုလို မသေမချင်း ကြိုးကွင်းစွပ် သတ်ရမယ့် သေဒဏ် ချမှတ်ခံရနိုင်ပါတယ်။ ရာဇသတ် ကြီး ပုဒ်မ ၃၀၂ (၁/ခ)မှာက ဒီလို ချမှတ်နိုင်တယ်လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်” ဟု ပြောသည်။

၂၀၁၉ ခုနှစ် မေလ ၂၈ ရက်ကလည်း ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ဘီးလင်းကျေးရွာမှ ၇ နှစ်အရွယ် ဒုတိယ တန်း ကျောင်းသူကို သတ်ဖြတ်၍ နားကပ်လုယူခဲ့သူ တရားခံ မျိုးဇော် (၃၈ နှစ်)ကို မအူပင်ခရိုင် တရားရုံးက မသေမချင်း ကြိုးကွင်းစွပ် သတ်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

You may also like these stories:

အိမ်အကူ မကရင်မ အမှု သံသယ တရားခံဘက်မှ ထုချေ တင်ပြခွင့် အသနားခံစာတင်

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို မရမ်းကုန်းတရားရုံးမှ ထောင်ဒဏ် ၁ နှစ်ချမှတ်

ဘိုကလေးမြို့မရဲစခန်း အချုပ်ခန်းဖောက်ခံရမှု ရဲ ၈ ဦးကို ဖမ်းဆီးစစ်ဆေးနေ

Did you find apk for android? You can find new Free Android Games and apps.
Loading