မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှု ဥယျာဉ်မြို့တော်အတွင်း ဆေးခြောက် စိုက်ပျိုးမှုဖြင့် တရားစွဲဆိုခံထားရသူများ အမှုမှ အမေရိကန်နိုင်ငံသား အနေဖြင့် လာမည့်အပတ် ရုံးချိန်း ထပ်မံပျက်ကွက်ပါက အာမခံထားသည့် ငွေကြေးအား ပေးလျော်ရမည်ဟု အမှုအား လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေ တော်ဝင် ဦးခင် မောင်သန်း က ပြောသည်။
ယခင်က အချုပ်ဖြင့် အမှုရင်ဆိုင်နေရသော အမေရိကန် နိုင်ငံသား Mr. John Fredric Todoroki ကို ၂၀၁၉ ခုနှစ် ဇူ လိုင်လ ၂၄ ရက်က ကျန်းမာရေး ကောင်းမွန်ခြင်းမရှိသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၂ (၁) ခြွင်းချက်အရ မြင်း ခြံခရိုင် တရားရုံးက ကျပ်သိန်း ၃ ထောင်တန် အာမခံပေးခဲ့သည်။
ဦးခင်မောင်သန်း က “၂၇ ရက် ရုံးချိန်းမှာမှ သူအရောက်မလာဘူး ဆိုရင်တော့ သူ့ကို အာမခံထားတဲ့သူက အာမခံ ထားတဲ့ငွေကို လျော်ရမှာပေါ့။ သူ့ကို ကုမ္ပဏီတခုကနေ အာမခံ ထားပေးတာ” ဟု ဆိုသည်။
အဆိုပါ အမှုကို အပြီးအပြတ် ချေဖျက်ပေးရန် အတွက် ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလ ၁၄ ရက်က မန္တလေးတိုင်း ဒေသ ကြီး လွှတ်တော်သို့ လျှောက်ထားခဲ့ရာ မူလစစ်ဆေးနေသည့် မြင်းခြံခရိုင် တရားရုံးတွင် ပြန်လည် စစ်ဆေးရန် အမိန့်ချ ခဲ့ပြီးနောက် ဒီဇင်ဘာ ၃၀ ရက်က ပြန်လည် စစ်ဆေးကာ ရုံးချိန်း၂ ကြိမ် ချိန်းဆိုပြီး ဖြစ်သလို တတိယအကြိမ် ရုံးချိန်း အား ဇန်နဝါရီ ၂၇ ရက်သို့ ပြန်လည် ချိန်းဆိုထားကြောင်း သိရသည်။
ထိုသို့ ရုံးချိန်း ၂ ချိန်းလုံးတွင် အာမခံပေးထားသည့် အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki လာရောက်ခဲ့ မှု မရှိခြင်းကြောင့် ဇန်နဝါရီ ၁၃ ရက် ရုံးချိန်း၌ အာမခံပေးထားသူကို တရားရုံး ဆင့်စာဖြင့် ဆင့်ခေါ်ခဲ့သည်။
အမှုအား လိုက်ပါ ဆောင်ရွက်နေသည့် တရားလွှတ်တော် ရှေ့နေ ဦးသိန်းသန်းဦး က “မစ္စတာဂျွန်ကို ဆက်သွယ်နေ တာ မရဘူး ဖြစ်နေတယ်။ မရတဲ့အတွက် တရားရုံးက ရာဇဝတ်ကျင့်ထုံး ပုဒ်မ ၁၅၄ အရ အာမခံပေးခဲ့တဲ့ ဒေါက်တာ ခင်မောင်ဝင်းကို ဆင့်ခေါ်ပြီး အာမခံပေးထားတဲ့သူကို ရုံးတော်ရှေ့ အရောက်သွင်းဖို့ အချိန်ပေးခဲ့ပါတယ်။ ၂၇ ရက်မှာ မစ္စတာဂျွန်ကို ရုံးရှေ့ခေါ်လာဖို့ပေါ့။ မရောက်ရှိခဲ့ဘူးဆိုရင် အာမခံထားတဲ့ ပိုက်ဆံကို ပေးလျော်သွားရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယခုအခါ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki ကို အဆက်အသွယ် ရရှိရန် ဆောင်ရွက်မှုများကို လုပ် ဆောင်နေလျက် ရှိသလို ဇန်နဝါရီ ၁၃ ရက် ရုံးချိန်းတွင် အမှု၌ ပါဝင်သူ မရွန်းလဲ့မြတ်နိုး အတွက် အာမခံပေးရန် လျှောက်ထားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေ့နေ ဦးခင်မောင်သန်း က “လာမယ့် ရုံးချိန်း မတိုင်မီ အမေရိကန်သံရုံးကနေ တဆင့် ဆက်သွယ် စုံစမ်းပေးဖို့ အကူ အညီ တောင်းထားပါတယ်။ သူနဲ့ ဆက်သွယ်လို့ ရမယ့် လမ်းကြောင်းကနေတော့ အကုန်လုံးကို ဆက်သွယ်တာတွေ လုပ်နေပါတယ်။ ၂၇ ရက်ကို ရောက်ဖို့ ချိန်းထားပါတယ်။ အချိန်မီ ရောက်လာနိုင်မယ်လို့ မျှော်လင့်ပါ တယ်” ဟု ပြော သည်။
အဆိုပါ ရုံးချိန်းသို့ Mr. John Fredric Todoroki ရောက်ရှိလာခြင်း မရှိပါက တရားခံပြေးမှု ဖွင့်လှစ်ပြီး အမှုအား စစ်ဆေးခြင်းများအား ဆက်လက် ပြုလုပ်သွားမည်ဟု မြင်းခြံခရိုင် တရားရုံးက သိရသည်။
မြင်းခြံခရိုင် တရားရုံး ပြန်ကြားရေး အရာရှိ ဒေါ်တင်သန်း က “တရားရုံး အနေနဲ့ကတော့ မစ္စတာဂျွန် မလာရောက်တဲ့ အတွက် အမှု စစ်ဆေးမှု မပြုလုပ်ခဲ့ပါဘူး။ အမှုမစစ်ဖြစ်တာ ရုံးချိန်း၂ ပတ် ရှိပါပြီ။ ၂၇ ရက် ရုံးချိန်း ရောက်မလာဘူး ဆိုရင်တော့ မစ္စတာဂျွန်ကို ရာဇဝတ်ကျင့်ထုံး ၁၅၂ အရ တရားခံပြေးမှု ဖွင့်ပြီးတော့ ကျန်တဲ့ စွပ်စွဲခံရသူတွေအတွက် ဆက်လက် စစ်ဆေးသွားမှာပါ။ တရားရုံးကနေ အာမခံတဲ့သူကို အာမခံ ဖောက်ဖျက်မှုနဲ့ အရေးယူ ဆောင်ရွက်သွား မှာပါ” ဟု ပြောသည်။
မြို့သာ စက်မှုဥယျာဉ်အတွင်း ဆေးခြောက်စိုက်ပျိုးသည် ဟုဆိုကာ စိုက်ပျိုးသူ အမေရိကန်နိုင်ငံသား Mr. John Fredric Todoroki (၆၃ နှစ်)၊ စိုက်ခင်း တာဝန်ခံ ရှိန်းလတ် (၃၇ နှစ်)၊ မရွှန်းလဲ့မြတ်နိုး (၂၃ နှစ်) တို့ကို ၂၀၁၉ နှစ် ဧပြီ ၂၃ ရက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့အား စွဲဆိုထားသော ပုဒ်မများသည် နှစ်အကန့်အသတ်မရှိ ထောင်ဒဏ် ချမှတ်နိုင်သည့် ပုဒ်မများ၊ သေဒဏ်ကျ ခံရမည့် ပုဒ်မများဖြစ်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဥပဒေပုဒ်မ ၁၆(က)၊ ၁၉ (က) (ခ)၊ ၂၀(က)(ခ) ၊၂၁ စသည့် ပုဒ်မများဖြင့် မူးယစ်ရဲတပ်ဖွဲ့မှ တရားလိုလုပ်၍ မြင်းခြံခရိုင် တရားရုံး၌ တရားစွဲဆို စစ် ဆေးနေခြင်း ဖြစ်သည်။
မြို့သာစက်မှု ဥယျာဉ်အတွင်း ဆေးခြောက် စိုက်ပျိုးသည် ဟုဆိုကာ မစ္စတာဂျွန် အပါအဝင် အမေရိကန် အခြေ စိုက် IIIM ကုမ္ပဏီ တာဝန်ရှိသူ အခြား အမေရိကန်နိုင်ငံသား ၅ ဦးကိုလည်း အမှုဖွင့်ထားပြီး ၎င်းတို့၏ မျက်ကွယ်တွင် အမှုကို စစ်ဆေးခဲ့ကာ တရားလိုပြသက်သေ ၂၉ ဦး တင်သွင်းထားပြီး အမှုကို ပြန်လည် စစ်ဆေးမှု ပြုလုပ်ရာတွင် ကျန်ရှိနေသည့် တရားလိုပြ သက်သေများကို ဆက်လက် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု သိရသည်။
ဆက်စပ်ဖတ်ရှုရန်
မြို့သာဆေးခြောက်စိုက်ခင်းအမှု ချေဖျက်ပေးရန် လျှောက်ထားချက် တိုင်းတရားလွှတ်တော်လက်ခံ
မြို့သာ ဆေးခြောက်စိုက်ခင်းအမှု တရားလိုပြသက်သေ စစ်ဆေး
ဆေးခြောက်လျှော် စိုက်ခင်းအမှုမှ အမေရိကန်နိုင်ငံသား အာမခံရ