ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို အမှုဖွင့် တရားစွဲရန်အတွက် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများ အသင်း (ILAM) က နိုင်ငံတော် သမ္မတထံ ကြိုတင်ခွင့်ပြုမိန့်ကို ယနေ့ တောင်းခံလိုက်သည်။
ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၁၉၇ အရ ပြည်သူ့ဝန်ထမ်းကို ရာဇဝတ်မှု စွဲဆိုရာတွင် ကြိုတင်ခွင့်ပြုမိန့် တောင်းခံရသည့် အတွက် အရာရှိကြီးများကိုလည်း တရားစွဲဆိုမည်ဆိုပါက နိုင်ငံအကြီးအကဲများထံ တရားစွဲမိန့် တောင်းခံရကြောင်း၊ တရားစွဲ ခွင့်ပြုမိန့် ကျမှသာလျှင် တရားစွဲဆိုခွင့်ရှိကြောင်း၊ ခွင့်ပြုမိန့် မတောင်းခံဘဲ တရားစွဲဆိုပါကလည်း တရားရုံးဘက်မှာ လက်ခံပြီး စစ်ဆေးပေးခြင်း မရှိကြောင်း ဦးခင်မောင်ဇော်က ရှင်းပြသည်။
ယင်းအမှုကို လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် က “သမ္မတကြီးထံ တောင်းတဲ့စာက ကြိုတင်ခွင့်ပြုမိန့် တောင်းတာပါပဲဗျ။ အစိုးရ အရာရှိကြီးတွေ၊ ပြန်တမ်းဝန် အရာရှိကြီးတွေကို ရာဇဝတ်ကြောင်း အရ တရားစွဲမယ်ဆိုရင် တရားစွဲမိန့် တောင်းရပါတယ်” ဟု ပြောသည်။
နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ထံ ရှေ့နေအသင်းမှ ပေးပို့သည့် စာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်နှင့် မှုခင်း ရဲတပ်ဖွဲ့ ဌာနမှူး ရဲမှူးကြီး သာဒွန်းနှင့် ရဲဇာနည် Facebook Page တာဝန်ခံ စီစဉ်သူတို့အား ၂၀၁၉ ခုနှစ်၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ လည်းကောင်း၊ အခြား သင့်တော်ရာ ရာဇဝတ်ဥပဒေ တရပ်ရပ်အရ လည်းကောင်း တရားစွဲဆိုခွင့်ပြုရန် လျှောက်ထားကြောင်း ပါရှိသည်။
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီးမင်းဟန်ကို ဧရာဝတီ က အကြိမ်ကြိမ် ဆက်သွယ်မေးမြန်းသော်လည်း ဖြေကြားခြင်း မရှိပါ။
ယင်းအမှုနှင့် ပတ်သက်ပြီး အမှုတွဲ တိုင်စာ အစ/အဆုံး ရောက်ရှိနေကြောင်း၊ လွှတ်တော် ပြန်ဖွင့်ပါက အဆိုပါ တိုင်စာကို စိ စစ်၍ ကော်မတီက ဆောင်ရွက်မည့် ဥပဒေ၊ နည်းဥပဒေ အတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်၊ အမျိုးသမီးနှင့် ကလေး သူငယ်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခင်စိုးစိုးကြည် က ပြောသည်။
ဗစ်တိုးရီးယား အမှုတွင် စွပ်စွဲခံရသူ သံသယတရားခံ ကိုအောင်ကြီးကို တရားစွဲတင်ရန် ခိုင်လုံသည့် သက်သေ ထွက်ချက် များ မရှိသဖြင့် လိုပြ သက်သေများ စစ်ဆေး၍ မပြီးခင် တရားသူကြီးက ဒီဇင်ဘာ ၁၈ ရက်နေ့တွင် တရားရှင် လွှတ်ပေး ခဲ့သည်။
ဒေါက်တာ ခင်စိုးစိုးကြည် က “တရားရှင် လွှတ်တယ် ဆိုတာက လောလောဆယ် အခြေအနေအရ သက်သေခိုင်လုံမှု မရှိလို့ (အောင်ကြီး) လွတ်နေတယ်။ သက်သေ ပြန်လာရရှိလာပြီး နောက်တိုးတရားခံ သံသယ ပေါ်ပေါက်လာတဲ့ အချိန်မှာ ဒီအမှုဟာ ဆက်လက်ပြီးတော့ စစ်ဆေး ကြားနာ ဆောင်ရွက်ရမယ့် အမှု ဖြစ်ပါတယ်” ဟုပြောသည်။
ထိုသို့ ကိုအောင်ကြီး လွတ်မြောက်ပြီး နောက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မှုခင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊ မှုခင်းညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းဟန်နှင့် မှုခင်း ရဲတပ်ဖွဲ့ ဌာနမှူး ရဲမှူးကြီး သာဒွန်းတို့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နစ်နာသူ ဗစ်တိုးရီးယား၏ အမည်ရင်း၊ မိဘများ၏ အမည်များနှင့် ကိုယ်ရေး အချက်အလက် များကို ထုတ်ဖော် ပြောသည့်အပြင် ‘ ရဲဇာနည်’ Facebook စာမျက်နှာတွင် ထုတ်ဖော် ပြသမှုကြောင့် ကာယကံရှင်များ နစ်နာရမှုများကြောင့် ယခုကဲ့သို့ တရားစွဲဆိုမှု များ ပြုလုပ်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း သိရသည်။
ထိုသို့ တရားစွဲဆိုရန်အတွက် သမ္မတကြီးထံမှ ခွင့်ပြုမိန့် ပြန်ကျလာရန်အတွက် အချိန်ကာလ တခု သတ်မှတ်၍ စောင့် ဆိုင်းနေကြောင်း၊ ကုစား၍ မရသည့် အချိန်ကာလတခု မဖြစ်ရန်လိုအပ်ကြောင်း၊ သတ်မှတ်ထားသည့် ကာလအတွင်း မရ ပါက အခြား ဆောင်ရွက်မည့် ကိစ္စများ စီစဉ်ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း (ILAM) မှ သိရသည်။
ထိုသို့ ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲတွင် အမှုဖြစ်စဉ်နှင့် ပတ်သက်သည့် သက်သေခံ အ ထောက်အထား တချို့ကို ထုတ်ပြခဲ့သဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဝေဖန်မှုများ မြင့်တက်ခဲ့သည်။
ထိုသို့ ထုတ်ဖော် ပြောကြားမှုသည် ကလေးသူငယ် အခွင့်အရေးကို ချိုးဖောက်ရာ ရောက်ကြောင်း ဥပဒေရေးရာ ကျွမ်းကျင်သူများ နှင့် ကလေးသူငယ် အခွင့်အရေး လှုပ်ရှားသူများက ဝေဖန် ပြောဆိုနေကြခြင်းဖြစ်သည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသော Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ကလေးငယ် ဗစ်တိုးရီးယားသည် ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ထိုအမှုကို ဇွန်လ ၃ ရက်တွင် မှုခင်း တပ်ဖွဲ့(CID) က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
ဆက်စပ်လင့် –
ရဲတပ်ဖွဲ့တာဝန်ရှိသူများကို တရားစွဲရန် စာရေးဆရာ ထင်လင်းဦးအား ကိုယ်စားလှယ် လွှဲအပ်
ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်ပြီး ရဲတပ်ဖွဲ့ တာဝန်ရှိသူများကို တရားစွဲရန် ပြင်ဆင်နေ
ကလေး အတွက် အမှန်တရား အမြန်ဆုံး ပေါ်ပေါက်ပါစေလို့ ကျနော် ဆုတောင်းပါတယ်
ဗစ်တိုးရီးယားအတွက် အမှန်တရား ကူကယ်ရာမဲ့နေဟု ဖခင်ပြော