အခြေခံပညာကျောင်းများတွင် စာသင်ချိန် ၁ လတိုးခြင်းနှင့် ပတ်သက်ပြီး ပညာရေးတက္ကသိုလ်မှ ကျောင်းသားသမဂ္ဂများက လာမည့် ၁၀ ရက်တာအတွင်း ကျောင်းသားမိဘများ၏ ကန့်ကွက်ကြောင်း ဆန္ဒသဘောထား လက်မှတ် တောင်းခံ သွားမည် ဖြစ်ကြောင်း ကြေညာလိုက်သည်။
ယနေ့ ရန်ကုန်ပညာရေးတက္ကသိုလ်ရှိ ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂရုံးခန်းတွင် ကျင်းပသည့် ဖဲကြိုးစိမ်း လှုပ်ရှားမှု အခြေအနေများနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ကြေညာလိုက်ခြင်း ဖြစ်သည်။
လာမည့် ဇန်နဝါရီ ၁၄ နေ့မှ ၂၄ နေ့အထိ လူစည်ကားရာ နေရာများတွင် ပညာရေး ကျောင်းသားသမဂ္ဂ အဖွဲ့ ဝင်များမှ ပြည်သူလူထုကို စာသင်နှစ် ၁ နှစ်တွင် အချိန်တလ တိုးလိုက်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို ရှင်းလင်း ပြောပြမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကန့်ကွက်ကြောင်း ဆန္ဒပြု လက်မှတ်များကို ကောက်ခံကာ ပညာရေးဝန်ကြီးဌာနနှင့်တကွ သက်ဆိုင်သည့် ဌာန အသီးသီးသို့ ပေးပို့သွားမည် ဖြစ်ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ဖဲကြိုးစိမ်း လှုပ်ရှားမှု ဦးဆောင် ကော်မတီဝင် ကိုနောင်ထက်အောင်က ပြောသည်။
ကိုနောင်ထက်အောင် က “အဲဒီ လှုပ်ရှားမှုတွေမှာ အရင်လို ပညာရေးကောလိပ်တွေ၊ တက္ကသိုလ်တွေမှာ ဖဲကြိုးစိမ်း လှုပ်ရှားမှုက ဆက်ရှိနေမှာပါ။ ထိုနည်းတူ ကျနော်တို့ မိဘတွေဆီကို ဆင်းပါ့မယ်။ သူတို့ရဲ့ စကားသံတွေ၊ သူတို့ရဲ့ သဘောထားတွေကို ရယူပါ့မယ်။ သူတို့က အထင်မှားနေတယ်ဆို ကျနော်တို့ ရှင်းပြမယ်။ ကျနော်တို့က စာသင်ကာလ တိုးတာကို ကန့်ကွက်နေတာ မဟုတ်ဘူး။ စာမေးပွဲ နောက်ဆုတ်လို့ ဘာမှမထူးဘူး ဆိုတာနဲ့ ကျောင်းသား မိဘတွေမှာ အခက်အခဲ ကြုံကြရတယ်ဆိုတာ ရှင်းပြမယ်” ဟု ဆိုသည်။
အခြေခံ ပညာရေး ဥပဒေတွင် အခြေခံပညာ ဆရာများ၏ အခွင့်အရေး၊ တာဝန်၊ အရည်အချင်းနှင့် စွမ်းဆောင်ရည်များ သတ်မှတ်ချက်တွင် မူဝါဒများ၊ ပညာရေးဖွံ့ဖြိုးမှု စီမံကိန်းများ၊ စီမံချက်များ၊ ပညာရေးဆိုင်ရာ ဥပဒေများနှင့် အခြား လုပ်ထုံး လုပ်နည်းများအတွက် အကြံပြုခွင့်၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်ဟု အတိအလင်း ပြဌာန်းထားသည်။
သို့သော်လည်း စာသင်နှစ် မတ်လကုန်အထိ သတ်မှတ်လိုက်သည့် စီမံချက် ချမှတ်ရာတွင် လက်တွေ့ သင်ကြားနေသည့် မည်သည့် ဆရာ၊ ဆရာမ များကိုမှ အသိပေး အကြံဉာဏ်ယူခဲ့သည် မတွေ့ရဟု ဖဲကြိုးစိမ်းလှုပ်ရှားမှု၊ ဦးဆောင်ကော်မတီ၊ အခြေခံပညာ ပညာရေး လုပ်သားသမဂ္ဂများ ဗဟို အလုပ်အမှုဆောင်ကော်မတီနှင့် တက္ကသိုလ် ဆရာသမဂ္ဂများ ကိုယ်စားပြု ကော်မတီတို့က အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။
ထိုကြေညာချက်တွင် “နိုင်ငံတဝှမ်းရှိ အခြေခံပညာကဏ္ဍမှ ကျောင်းသားများနှင့် မိဘများ (အထူးသဖြင့် ကျေးလက် ဒေသများ) အတွက် မည်သို့မျှ အဆင်မပြေသဖြင့် မြန်မာနိုင်ငံ တဝှမ်းလုံးမှ ဆရာသမဂ္ဂများနှင့် ပညာရေးကဏ္ဍမှ ကျောင်းသား သမဂ္ဂ အသီးသီးတို့က တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြကြောင်း၊ ပညာရေးတက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံပညာ ကျောင်းများတွင် ဖဲကြိုးစိမ်း တပ်ဆင်ပြီး အတိအလင်း ကန့်ကွက်နေကြသည်ကို အများသိရှိပြီးဖြစ်ကြောင်း” ထည့်သွင်း ဖော်ပြထားသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တက်ရောက်လာသည့် ဖျာပုံမြို့နယ်မှ မူလတန်း ကျောင်းအုပ်ဖြစ်ပြီး အခြေခံပညာ ပညာရေး လုပ်သားများ သမဂ္ဂတွင် လှုပ်ရှားနေသည့် ဦးလင်းထိုက် က “အခု ကျနော်တို့ကို ကျောင်းပိုတက်ရလို့ အသံ ထွက်တယ်လို့ ပြောတယ်။ နွေရာသီ ကျောင်း ၃ လ ပိတ်ပေမယ့် ဆရာတွေ၊ ဆရာမတွေက မပိတ်ဘူး။ အခြေခံ ပညာ ရေးနဲ့ ပတ်သက်ရင် ပြုပြင် ပြောင်းလဲတဲ့အခါ အခြေခံပညာ အကြောင်း စေ့ငှအောင် သိမှလုပ်ပါ။ ဒီလိုသာ လျှောက်လုပ် တော့ အနောက်ကနေ လိုက်လုပ်နေကြရတဲ့ ကျနော်တို့တွေက ဘယ်လိုလုပ်ရမလဲ” ဟု ဆိုသည်။
ဆက်လက်၍ ၎င်းက “ဘာသုတေသန စစ်တမ်းတခုမှ မရှိဘဲ အာဏာရှင်ဆန်ဆန် လာခိုင်းလို့တော့ မရတော့ဘူး။ မဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ အမိန့်ပေးတဲ့ ခေတ်က ကျန်ခဲ့ပါပြီ။ အစိုးရ လစာ စားထားရင် ခိုင်းတာလုပ်ရမယ်ဆိုတဲ့ ဝန်ကြီး ပြောခဲ့တဲ့ခေတ်က ကျန်ခဲ့ပြီ။ ကျနော်တို့က ထိပ်တိုက်တွေ့ဆုံ ဆွေးနွေးမှု တခု ရချင်တယ်။ ဒီကြားထဲ မရရင်တော့ ကျနော်တို့ လုပ်သင့်တာကို ဆက်လုပ်သွားမယ်” ဟု ရှင်းပြသည်။
ပညာရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဖြစ်သူ ဦးကိုလေးဝင်းကမူ သင်ရိုးညွှန်းတမ်းသည် ၃၆ ပတ်စာပင် ဖြစ်သည့် အတွက် ကျန်အချိန်များတွင် သင်စရာမရှိဆိုသည့် အတွေး အခေါ်သည် အတွေးခေါင်သူများ၏ အတွေးအခေါ်ပင် ဖြစ်ကြောင်း၊ ကျန်အချိန်များတွင် ပြန်လှန်လေ့ကျင့်ခန်းများ၊ ဘာသာရပ်အလိုက် အားနည်းနေသေးသည့် ကလေးများကို ပြန်လည်လေ့ကျင့်ပေးမှုများ စသဖြင့် ကလေးများအပေါ် အကျိုးရှိစေသည့် လုပ်ငန်းများကို လုပ်ကိုင်၍ရသည်ဟု ဧရာဝတီသို့ ပြောသည်။
ဆက်လက်၍ ဦးကိုလေးဝင်း က “ဒီမိုကရေစီစနစ်မှာ ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အခါ လွတ်လပ်စွာ သဘောကွဲလွဲခွင့် ရှိပါတယ်။ ကန့်ကွက်တာ၊ ဆန့်ကျင်တာ ရှိမှာပဲ။ လုပ်ငန်းတခုလုပ်တာမှာ နိုင်ငံ့အတွက်၊ ကိုယ့်ကလေးတွေအတွက် ဘယ်လောက် အကျိုးရှိမလဲဆိုတာ ကြည့်ပြီး ဆုံးဖြတ်ကြပါ။ ဆရာ၊ ဆရာမတွေဆိုတာ ကျနော်တို့နဲ့ လုပ်ဖော်ကိုင်ဘက်တွေပါ။ ကလေးတွေအတွက်လည်း သူတို့က စံပြုလူသားတွေပါ” ဟု ရှင်းပြသည်။
အဆိုပါ မူဝါဒ ချမှတ်မှုနှင့် ပတ်သက်ပြီး ဖဲကြိုးစိမ်း လှုပ်ရှားမှုများဖြင့် ကန့်ကွက်နေသည့်ကြားမှ အခြေခံပညာကဏ္ဍမှ ဆရာအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးကာ နှစ်ဖက်သဘောတူညီမှု ရမှသာ ဆက်လက် အကောင်အထည်ဖော်ရန်၊ ဗဟိုချုပ်ကိုင်မှုဖြင့် မလျော်သြဇာသုံးကာ ဖိနှိပ်ပြောဆိုမှုများ ဆက်လက်လုပ်နေမည် ဆိုလျှင် တရားဥပဒေနှင့်အညီ ကန့်ကွက်မှုများကို အရှိန်မြှင့် လုပ်ဆောင်သွားမည်ဟုလည်း ယနေ့ထုတ်ပြန်ချက်တွင် ထည့်သွင်း ကြေညာခဲ့သည်။
ဖဲကြိုးစိမ်းလှုပ်ရှားမှုကို ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း စသည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသားမဂ္ဂများ အဖွဲ့ချုပ်၊ ရန်ကုန် ပညာရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂများ အဖွဲ့၏ ကိုယ်စားပြုကော်မတီ စသည်တို့ဖြင့် ၂၆ ကျောင်းကို ကိုယ်စားပြု ဖွဲ့စည်းကာ လုပ်ဆောင်နေခြင်း ဖြစ်သည်။
You may also like these stories:
ပညာရေးကဏ္ဍတွင် ဗဟိုချုပ်ကိုင်မှုများ ရှိနေဆဲဟု ဝေဖန်ခံရ
ဆရာ ဆရာမတွေ အသံလည်း နားထောင်ပါဦး