မြန်မာတနိုင်ငံလုံးရှိ အကျဉ်းထောင်များမှ ယခု စာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့် အကျဉ်းသားဦးရေ ၁၇၅ ဦးအထိ ရှိနေကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ရန်ကုန်တိုင်း အင်းစိန် အကျဉ်းထောင်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုမည့် အကျဉ်းသားများသည် အများဆုံးဖြစ်ပြီး အမျိုးသား ၇၆ ဦးနှင့် အမျိုးသမီး ၅ ဦး တို့ရှိကြောင်း အကျဉ်းဦးစီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြား ရေးမှူး ဦးမင်းထွန်းစိုးက ပြောသည်။
မန္တလေး (အိုဘို) ထောင်တွင် အမျိုးသား ၆၅ ဦးနှင့် အမျိုးသမီး ၉ ဦး၊ တောင်ငူထောင်တွင် အမျိုးသား ၂ ဦး၊ လွိုင်ကော် ထောင်တွင် အမျိုးသား ၁ ဦး၊ ညောင်ရွှေထောင်တွင် အမျိုးသား ၃ ဦး၊ ကျိုင်းတုံထောင်တွင် အမျိုးသား ၄ ဦး၊ ကျောက်ဖြူ ထောင်တွင် အမျိုးသား ၁ ဦး၊ ဘားအံထောင်တွင် အမျိုးသား ၉ ဦးတို့ တက္ကသိုလ်ဝင်တန်းကို ဝင်ရောက် ဖြေဆိုကြမည်ဟု ၎င်းက ဆက်ပြောသည်။
အပတ်စဉ် တနလာၤမှ သောကြာနေ့အထိ အကျဉ်းထောင်ထဲရှိ အကျဉ်းကျနေကြသော တက္ကသိုလ် ကျောင်းသားများနှင့် ကျောင်းဆရာ၊ ဆရာမများမှ စာသင်ကြားပေးနေကြောင်း၊ စနေ၊ တနင်္ဂနွေနေ့များတွင် ပြင်ပမှ လုပ်အားပေး ဆရာ၊ ဆရာမ များဖြင့် သင်ကြားပေးနေသည်ဟု ၎င်းက ဆိုသည်။
ဦးမင်းထွန်းစိုး က “သက်ဆိုင်ရာ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျနေတဲ့ တက္ကသိုလ် ဆက်တက်နေတဲ့သူတွေ၊ အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျသွားတဲ့ ကျောင်းဆရာတွေ၊ တက္ကသိုလ်က ဆရာ၊ ဆရာမတွေက စာမေးပွဲဖြေမယ့် သူတွေကို ထောင်ထဲက ကျောင်းမှာ သင်ကြားပေးတယ်။ နောက် ထောင်ပိုင်တွေက အပြင်က Guide ငှားပေးတာတွေ ရှိတယ်။ နောက် အမှတ်ပေးစည်းမျဉ်းနဲ့ ကိုက်ညီအောင်လို့ သူတို့ကို အပြင်က လုပ်အားပေး ဆရာ၊ ဆရာမတွေကို ခေါ်ပေးတာတွေလည်း ရှိတယ်” ဟု ပြောသည်။
ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းသို့ ဝင်ရောက်ဖြေဆိုသည့် အကျဉ်းသားဦးရေသည် ယခင်နှစ်ကထက် ၄ ဦး ပိုခဲ့ကြောင်း သိရသည်။ ထို့ပြင် အကြောင်းအမျိုးမျိုးကြောင့် အကျဉ်းကျနေသော်လည်း တက္ကသိုလ်ဝင်တန်းသို့ ဝင်ရောက်ဖြေဆိုရန် ကြိုးစားလာသည့် အကျဉ်းသားများ၏ စိတ်နေစိတ်ထားလည်း တိုးတက်လာသည်ဟု သိရသည်။
၂ဝ၁၂ ခုနှစ်ကတည်းက စတင်ပြီး မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် အကြောင်းအမျိုးမျိုးကြောင့် ရာဇဝတ်ပြစ်ဒဏ် သင့်ခဲ့သည့် အကျဉ်းသားများ၏ ပညာသင်ကြားခွင့် အခွင့်အရေး မဆုံးရှုံးစေရေးကို အင်းစိန်အကျဉ်းထောင်မှ စတင် အကောင် အထည်ဖော်ခဲ့ပြီး ယနေ့အချိန်တွင် အကျဉ်းထောင် အများအပြားတွင် အကောင်အထည် ဖော်နေပြီဖြစ်ကြောင်း ထောင်မှူးကြီးဟောင်းဖြစ်သူ ဥပဒေအကြံပေး ဦးခင်မောင်မြင့် က သုံးသပ်သည်။
စတင်အကောင်အထည်ဖော်ခဲ့သည့် ၂ဝ၁၂ ခုနှစ်တွင်ပင် မြန်မာတနိုင်ငံလုံးနှင့် ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ်ဝင်တန်း အောင်မြင်မှု ရာခိုင်နှုန်းများထက် အင်းစိန်ထောင်တွင်းမှ ဝင်ရောက် ဖြေဆိုခဲ့သည့် အကျဉ်းသားများ၏ အောင်မြင်မှု ရာခိုင် နှုန်းက များပြားခဲ့သည်ဟု ၎င်းက ပြောသည်။
ထို့ပြင် အင်းစိန်အကျဉ်းထောင်အတွင်းမှာပင် ထောင်ကျ အကျဉ်းသားများအတွက် အထက်တန်းကျောင်းခွဲတခုကို တည် ထောင်ထားပြီး စာစစ်ဌာနတခုပင် ထူထောင်ထားသည်ဟု ဦးခင်မောင်မြင့်က ဆက်လက်ပြောဆိုသည်။
ဦးခင်မောင်မြင့် က “အဓိကက ထောင်စနစ်တွေ ပြောင်းလာတာထက် ထောင်မှူးတွေ၊ ထောင်ပိုင်တွေရဲ့ စေတနာပြောင်း လာတာက အဓိကကျတယ်။ အဲဒီလိုပဲ အခုဆိုရင် တက္ကသိုလ်ဝင်တန်းတွေတင်မက သတ္တမတန်း၊ အဋ္ဌမတန်း၊ နဝမတန်း တွေအထိ သင်ကြားပေးနိုင်ခဲ့တယ်။ ရန်ကုန်က အင်းစိန်ထောင်တွေတင်မက အခုဆို မြန်မာနိုင်ငံက တခြားထောင်တွေမှာ ပါ ဒီစနစ်ကို လုပ်နေကြပြီ” ဟု ဆိုသည်။
၂၀၁၈- ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အကျဉ်းထောင် စာစစ်ဌာန ၉ ခုမှ အကျဉ်းသား/ သူ ၁၇၁ ဦး ဝင်ရောက်ဖြေဆိုရာ ၉၄ ဦး အောင်မြင်ကြောင်း၊ ၇၇ ဦး ကျရှုံးကာ အောင်ချက်ရာခိုင်နှုန်းမှာ ၅၄ ဒသမ ၉၇ ရှိကြောင်း အကျဉ်းဦးစီးဌာနက သိရသည်။
၂၀၁၈- ၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသား/သူ ၇၁ ဦး ဖြေဆိုခဲ့ရာ ၅၀ ဦးအောင်မြင်ခဲ့ကာ ၃ ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၁၃ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ ရိုးရိုး အောင် ၂၃ ဦး ရှိခဲ့သည်။
မန္တလေး (အိုးဘို) အကျဉ်းထောင်မှ အကျဉ်းသား/သူ ၇၁ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၄၂ ဦး အောင်မြင်ခဲ့ပြီး ၂ ဘာသာ ဂုဏ် ထူးရှင် ၃ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၁ ဦး၊ ရိုးရိုးအောင် ၂၈ ဦး ရှိခဲ့သည်။ တောင်ငူအကျဉ်းထောင်မှလည်း အကျဉ်းသား/ သူ ၄ ဦးဖြေဆိုခဲ့ရာတွင်၂ ဦး ရိုးရိုးအောင်မြင်ခဲ့ကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ ခုနှစ် ပညာသင်နှစ်တွင် အကျဉ်းထောင်များ အားလုံးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့သည့် အကျဉ်းသား/သူ ၁၀၄ ဦးရှိခဲ့သည့် အနက် ၄၇ ဦး အောင်မြင်ခဲ့ပြီး အောင်ချက်အနေဖြင့် ၄၅ ဒသမ ၁၉ ရာခိုင်နှုန်း ရှိခဲ့ ကြောင်း သိရသည်။