ဘင်္ဂလားဒေ့ရှ်စစ်တပ်က လက်ရှိတွင် ဒုက္ခသည် ၁.၁ သန်း နေထိုင်လျှင် ရှိသည့် ကော့ဆက်ဘဇား ခရိုင်မှ ဒုက္ခသည် စခန်းများ၏ အစွန်တလျှောက်တွင် သံဆူးကြိုးတပ်ဆင်ထားသည့် ခြံစည်းရိုးတခု စခတ်နေပြီဖြစ်သည်။
ဝန်ကြီးချုပ် ရုံး၏ ညွှန်ကြားချက်များ အရ အူးခီယားပြည်နယ်ရှိ စခန်းများနှင့် ကော့ဆက်ဘဇား ခရိုင် တာ့ခ်နဖ် ခရိုင်ခွဲမှ စခန်းများတလျှောက်တွင် ခြံစည်းရိုးဆောက်လုပ်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ၂.၀၉ ဘီလီယံ ဘတ်ဂျက် (အမေရိကန် ဒေါ်လာ ၂၄.၆ သန်း)ကို အတည်ပြုခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဆင့်မြင့် သတင်းရင်းမြစ်တခု က ဧရာဝတီသို့ ပြောသည်။ ဒုက္ခသည်များကို ရာဇဝတ်မှုများမှ ကာကွယ်ပေးရန် ဖြစ်သည်ဟု ဆိုသည်။
သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ကယ်ဆယ်ရေးဆိုင်ရာ ပြည်နယ်ဝန်ကြီး Md Enamur Rahman က ဒုက္ခသည်များကို အိမ်ရှင်အသိုင်းအဝိုင်းနှင့် သီးခြားစီ ခွဲထုတ်ရန် စခန်းများ ပတ်လည်တွင် ခြံစည်းရိုးကာရေး သူ၏ ရုံးက ခွင့်ပြုချက်ပေးခဲ့သည်ဟု ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ဧရာဝတီသို့ပြောကြားခဲ့သည်။ ဒုက္ခသည်စခန်းများ အတွင်း မူးယစ်ဆေးဝါးများ အဆက်မပြတ်စီးဆင်းနေမှုကို ရပ်တန့်ရန်နှင့် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများကို တားဆီးရန် အစိုးရက ဆန္ဒရှိသည်ဟု သူကပြောသည်။
ဘင်္ဂလားဒေ့ရှ် စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Aziz Ahmed က စခန်းများအတွင်း ရှိ အခြေအနေများ တိုးတက် ကောင်းမွန်စေရန်အတွက် ခြံစည်းရိုးများ တပ်ဆင်သွားမည်ဟု ၂၀၁၉ခုနှစ်၊ နိုဝင်ဘာလကုန်တွင် ပြောကြားခဲ့သည်။
အူးခီယားခရိုင်ခွဲ၏ အမှုဆောင်အရာရှိ Md Nikaruzzaman Chowdhury က စစ်တပ်က တည်ဆောက်ရေး လုပ်ငန်းများကို လွန်ခဲ့သော ၃ ပတ်က စတင်ဆောင်ရွက်ခဲ့သည်ဟု ပြောသည်။
“ဒါက ပွင့်လင်းမြင်သာတဲ့ခြံစည်းရိုး တခုဖြစ်ပြီး သူတို့ ကို ကာကွယ်ဖို့ ဖြစ်ပါတယ်။ ” ဟု Md Nikaruzzaman Chowdhury က ပြောသည်။
ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်သည့် နေစန်းလွင် အပါအဝင် အများအပြားက ထိုအစီအစဉ်ကို ကန့်ကွက်ကြောင်း ပြောဆိုကြသည်။
“သံဆူးကြိုးတပ် ခြံစည်းရိုး တည်ဆောက်တာက ရိုဟင်ဂျာတွေကို ထိန်းသိမ်းရေးစခန်းတွေထဲ ထည့်တာနဲ့တူတူပါပဲ။ နာဇီ ထိန်းသိမ်းရေး စခန်းတွေကို ကျနော်သွားရောက်ဖူးပါတယ်။ ကျနော်တို့ ရိုဟင်ဂျာတွေက ဒီလို အလားတူ ထိန်းသိမ်းရေး စခန်းတွေမှာ ခိုလှုံရတာမျိုး ကျနော် မလိုချင်ပါဘူး” ဟု သူက ပြောသည်။
အကူအညီပေးရေးအေဂျင်စီများကလည်း ခြံစည်းရိုး တည်ဆောက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းနေကြကြောင်း ကော့ဆက်ဘဇားမှ အကြီးတန်း အစိုးရအရာရှိတဦးက ပြောသည်။
ပြည်နယ် ဝန်ကြီး Md Enamur Rahman မှလည်း ခြံစည်းရိုးနှင့် ပတ်သက်၍ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများ၏ ဝေဖန်မှုများကို တုန့်ပြန်ခဲ့သည်။ စခန်းများတွင် ဒုက္ခသည်များ၏ အဝင်အထွက်ကို ပိုမိုနီးကပ်စွာ စောင့်ကြည့့််မည်ဟု သူက ဆိုသည်။
“သူတို့ရဲ့ လှုပ်ရှားမှုတွေအတွက် တိကျသေချာတဲ့ လမ်းကြောင်းတွေ ရှိလာမှာဖြစ်ပြီးတော့ သူတို့တွေ တာဝန်ယူမှုရှိရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်အစိုးရက လူ့အခွင့်အရေးကို တားဆီးဖို့ ရည်ရွယ်ချက်မရှိပါဘူး” ဟု Md Enamur Rahman ကပြောသည်။
၂၀၁၉ ခုနှစ် ဧပြီလတွင် ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက အူးခီယားနှင့် ကော့ဆက်ဘဇား ခရိုင် တာ့ခ်နဖ်ခရိုင်ခွဲမှ ဒုက္ခသည်စခန်းများတွင် ရာဇဝတ်မှု လုပ်ရပ်များအား တားဆီးရေး အကြံပြုချက်များ ထုတ်ပြန်ခဲ့သည်။ အဆိုပါ အချက်များထဲတွင် ဒုက္ခသည်စခန်းများနှင့် အနီးတဝိုက် တောင်ကုန်းများကြားတွင် ရာဇ ဝတ်သားများ၏ လှုပ်ရှားမှုကို တားဆီးရန် စခန်းများအတွင်း ရဲကင်းစခန်းများ၊ ကင်းစောင့်မျှော်စင်များနှင့် စခန်းပတ်လည်တွင် သံဆူး ကြိုးတပ် ခြံစည်းရိုးများ တည်ဆောက်ရေးတို့ ပါဝင်သည်။
အချို့ ဒုက္ခသည်များက မှောင်ခိုလုပ်ငန်းတွင် ပါဝင်ပတ်သက်လာကြပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရန် နယ်စပ်ကိုဖြတ်ကျော်၍ မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်နေကြသည်ဟုလည်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ် တနှစ်တည်း အတွင်းမှာပင် ရာဇဝတ်သားများနှင့် တိုက်ခိုက်မှုများအတွင်း ဒုက္ခသည် ၆၀ ခန့် သေဆုံးခဲ့သည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ညွှန်ကြားရေးမှူး ဗိုလ်ချုပ် Md Shafeenul Islam က စခန်းများတလျှောက် သူတို့ကို ကာကွယ်ရေးအတွက် စစ်တပ်က ခြံစည်းရိုး ကာရံနေသည်နှင့် တချိန်တည်းမှာပင် မြန်မာနယ်စပ်တလျှောက်၌လည်း ခြံစည်းရိုးကာရန် စီစဉ်နေခဲ့သည်ဟု ဇန်နဝါရီလ ၈ ရက်နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။ နယ်စပ်တလျှောက် ခြံစည်းရိုးကာမည့် အစီအစဉ်က အတည်ပြုချက် ရရှိရန် စောင့်ဆိုင်းနေဆဲဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရခိုင်ရိုဟင်ဂျာ ကယ်ဆယ်ရေးတပ်မတော် (ARSA) က ဒေသတွင်းမှ ရဲစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် မြန်မာ့ တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းများ စတင်ခဲ့ချိန် ၂၀၁၇ ခုနှစ်၊ သြဂုတ်လမှ စတင်၍ ဘင်္ဂလားဒေ့ရှ်သို့ ဒုက္ခသည် ၇၀၀၀၀၀ ကျော် ထွက်ပြေးခဲ့ကြသည်။ အဆိုပါ ဒုက္ခသည်များက ကော့ဆက်ဘဇားတွင် ခိုလှုံကြပြီး ဆယ်စုနှစ်ပေါင်းများစွာ ဒုက္ခသည်စခန်းများတွင် နေထိုင်ခဲ့ကြသော ဒုက္ခသည် ၃၀၀,၀၀၀ ကို ပိုများသွား စေခဲ့သည်။
၂၀၁၇ ခုနှစ် သြဂုတ်လမှ ၂၀၁၉ ခုနှစ် သြဂုတ်လအထိ ဒုက္ခသည်များက ရာဇ ဝတ်မှုကျူးလွန်သူ သို့မဟုတ် သားကောင်အဖြစ် ပါဝင်သော ရာဇဝတ်မှု စုစုပေါင်း ၄၆၆ ခု ရှိခဲ့သည်။ ရာဇဝတ်မှုများထဲတွင် တရားမဝင် လက်နက်ကိုင်ဆောင်မှုနှင့် မူးယစ်ဆေးဝါးမှု၊ လုယက်မှုများ၊ မုဒိမ်းမှုများ၊ သွေးဆောင်ဖျားယောင်းမှုများ၊ ခိုးမှုများ လူသတ်မှုများနှင့် လူကုန်ကူးမှုများ ပါဝင်သည်။
အရေအတွက် အများဆုံးမှာ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ဖြစ်ပြီး စုစုပေါင်း ၁၂၈ မှုရှိသည်။ ကော့ဆက်ဘဇားရှိ နယ်မြေခံအသိုင်းအဝိုင်းက ကျူးလွန်သော ရာဇဝတ်မှုများက များစွာ ပိုမိုများပြားပါသည်။
အာဏာပိုင်များက“ ရာဘ” သို့မဟုတ် မက်သဖက်တမင်း ဆေးပြားများများကို နှိမ်နင်းခဲ့သည့် အချိန်တွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများနှင့် အဖွဲ့အစည်းလိုက် လုပ်ကိုင်ကြသည့် ရာဇဝတ်ဂိုဏ်းများက ရာဇဝတ်မှုများအတွက် ဒုက္ခသည်များကို စတင်အသုံးပြုလာခဲ့ကြသည်ဟု ကော့ဆက်ဘဇား အကြီးတန်း ရဲအရာရှိတဦး က ဧရာဝတီသို့ ပြောသည်။
အစိုးရက ကော့ဆက်ဘဇားအတွက် စည်းစနစ်ကျနသော အစီအစဉ်တခုကို ဒီဇိုင်းဆွဲခြင်းမပြုမီ ဒုက္ခသည်များကို မည်သို့ စီမံခန့်ခွဲရမည်ဆိုသည်ကို အလှူရှင် အဖွဲ့အစည်းများနှင့်အတူထိုင်၍ ကမာ္ဘတလွှားမှ နမူနာ ၈ ခုကို စဉ်းစားသုံးသပ်ခဲ့ သည်ဟု ခြံစည်းရိုးကာသည့် လုပ်ငန်းနှင့်နီးစပ်သည့် အမည်မဖော်လိုသူ အခြားအရာရှိတဦးက ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်အတွင်း တူရကီ အစိုးရက ၎င်း၏ ဒုက္ခသည် အခြေအနေကို မည်သို့စီမံခန့်ခွဲသည်ကို လေ့လာရန်နှင့် ဘင်္ဂလားဒေ့ရှ်က ထိုသင်ခန်းစာများကို မည်သို့အသုံးချနိုင်မည်ဆိုသည်ကို လေ့လာရန် တူရကီ နိုင်ငံသို့ အစိုးရကိုယ်စားလှယ်အဖွဲ့ တဖွဲ့ သွားရောက်ခဲ့သည်။
တူရကီသို့ သွားရောက်ခဲ့သည့် ကိုယ်စားလှယ်အဖွဲ့တွင် လိုက်ပါခဲ့သော ဒက္ကာ အခြေစိုက် အကြီးတန်း ထောက်လှမ်းရေး အရာရှိတဦးက “ကြည့်လိုက်ပါ။ ကျနော်တို့က ရိုဟင်ဂျာတွေကို ကာကွယ်ဖို့သာမက ပြည်တွင်းနဲ့ နိုင်ငံတကာ အကူအညီပေးရေးလုပ်သားတွေ၊ အဲဒီမှာ အလုပ်လုပ်နေတဲ့ တခြား ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိတွေအတွက်လည်း လုပ်ဆောင်နေပါတယ်။ လုံခြုံရေးက ကျနော်တို့ရဲ့ ဦးစားပေးပါ” ဟု ပြောသည်။
(ဒါကာမြို့ရှိ ဧရာဝတီသတင်းထောက် Muktadir Rashid ရေးသားပေးပို့သော Bangladeshi Army Installs Barbwire Fence Along Rohingya Camps ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဘင်္ဂလားဒေ့ရှ်တပ်မတော်က မြန်မာ့တပ်မတော်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လို
ဝီဂါ မွတ်ဆလင်တွေကို တရုတ်နှိပ်ကွပ်ရခြင်း အကြောင်း
ဒုက္ခသည် လက်ခံရေး မြန်မာ အသင့်ဖြစ်ပြီဟု ဘင်္ဂလားဒေ့ရှ်ကို ဒုတပ်ချုပ် ပြော