ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သားများ လူကုန်ကူးခံနေရသည့် အပေါ် ဥပဒေအတိုင်း ဆောင်ရွက်နိုင်ရန်နှင့် ၎င်းတို့၏ အခွင့်အရေး အပြည့်အဝ ရရှိရန်အတွက် လူကုန်ကူးမှုနှင့် သက်ဆိုင်သော စွမ်းရည်မြင့်သင်တန်းကို နေပြည်တော်တွင် ပြုလုပ်လျက်ရှိသည်။
ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့တွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ “ဝန်ဆောင်မှုပေးနေသူများ အတွက် လူကုန် ကူးမှုနှင့် သက်ဆိုင်သော ထိုင်းနိုင်ငံ၏ တရားစွဲဆိုရေးနှင့် ဖြစ်ရပ်စီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်ဆိုင်ရာ စွမ်းရည်မြှင့် သင်တန်း” ကို ပို့ချနေခြင်း ဖြစ်သည်။
အဆိုပါသင်တန်းကို ၂ ရက်ကြာ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး World Vision Myanmar မှ စီစဉ်ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ IJM foundation မှ နည်းပညာပိုင်းဆိုင်ရာများ သင်ကြားသွားပေးမည် ဖြစ်ရာ ပြန်လည်ထူထောင်ရေး ဦးစီးဌာန လက်အောက်ရှိ မှ လူကုန်ကူးခံရသူများ ကာကွယ် စောင့်ရှောက် ရေးဌာနခွဲမှ အစိုးရဝန်ထမ်း သင်တန်းသား ၂၀ ကျော် တက်ရောက်ကြောင်း သိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူကုန်ကူးခံရသူများ ကာကွယ်စောင့်ရှောက် ရေးဌာနခွဲမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခိုင်စုလွင် က “ထိုင်းနိုင်ငံမှာ လူကုန်ကူး ခံရတဲ့ မြန်မာနိုင်ငံသားတွေက သူတို့တွေ ဘယ်လို အခွင့်အရေးရှိတယ်။ သူတို့ရဲ့ ရပိုင်ခွင့်က ဘာတွေလဲ။ ထိုင်းနိုင်ငံရဲ့ လုပ်ငန်းစီရင်ရေးက ဘယ်လိုရှိတယ်ဆိုတာ သိအောင် သင်တန်းပို့ချပေးတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဒေါ်ခိုင်စုလွင် က “လူကုန်ကူးခံရတဲ့ သူတွေက အဓိက သက်သေ ဖြစ်တဲ့ အတွက် တရားစီရင်ရေး လုပ်ငန်းစဉ်တွေမှာ ပိုမို ပါဝင်လာအောင် သူတို့ကို ရှင်းပြနိုင်မယ်” ဟု ရှင်းပြသည်။
လူကုန်ကူးမှုများ ပပျောက်စေရန်အတွက် လူကုန်ကူးသူများကို ထိရောက်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန်နှင့် ဥပဒေ အတိုင်း တားဆီး ကာကွယ် ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက သုံးသပ်သည်။
ဦးဝင်းနိုင်ထွန်းက “လူကုန်ကူးမှု လျော့နည်း ပပျောက်ရန်အတွက် လူကုန်ကူးသူများကို ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်များ ချမှတ်နိုင်ဖို့ အလွန်အရေးကြီးပါတယ်” ဟု ထောက်ပြသည်။
မြန်မာနိုင်ငံ အနေဖြင့် ၂၀၀၉ ခုနှစ်တွင် ထိုင်းနိုင်ငံနှင့် MoU ရေးထိုးပြီး လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်နေခြင်းဖြစ်ပြီး လက်ရှိတွင် ၂၀၀၉ ခုနှစ် MoU ကို ပြန်လည်သုံးသပ် ပြင်ဆင်ပြီး ပိုမို ကောင်းမွန်သည့် ဆောင်ရွက်မှုများလုပ်ဆောင်နိုင်အောင် လက်မှတ် ပြန်လည် ရေးထိုးရန် ပြင်ဆင်နေသည့် ကာလဖြစ်သည်။
ယနေ့ပြုလုပ်သည့်သင်တန်းမှ ရရှိသည့် အချက်အလက်များသည် ထိုင်းနိုင်ငံဘက်တွင် လူကုန်ကူးခံရသည့် မြန်မာနိုင်ငံ သားများအတွက် များစွာ အထောက်အကူ ဖြစ်နိုင်မည်ဟုလည်း ပြန်လည်ထူထောင်ရေး ဦးစီးဌာနက ဆိုသည်။
ပြန်လည်ထူထောင်ရေး ဦးစီးဌာနနှင့် World Vision Myanmar အဖွဲ့များ ပူးပေါင်း၍ ထိုင်းနိုင်ငံရှိ လူကုန်ကူးခံ ရသူများ ထားရှိသည့် ဂေဟာသို့ သွားရောက်ရာတွင် လူကုန်ကူးခံရသူ အများစုမှ တရားဥပဒေကို နားလည်မှု အားနည်းကြောင်း၊ သွားရောက်ရှင်းပြသည့် အဖွဲ့အစည်းများ ကိုယ်တိုင် ဥပဒေပညာရပ်များကို နားလည်ရန် လိုအပ်ကြောင်း World Vision Myanmar လူကုန်ကူးမှု တားဆီးကာကွယ်ရေး စီမံချက်မှာ စီမံချက် မန်နေဂျာ ဒေါ်ခင်မျိုးသန့် က ဆိုသည်။
ဒေါ်ခင်မျိုးသန့် က “လူကုန်ကူး ခံရတဲ့သူတွေကို ထိုင်းနိုင်ငံက စောင့်ရှောက်ထားစဉ်မှာ မှာကျမတို့ မြန်မာနိုင်ငံအနေနဲ့ ထိထိရောက်ရောက် ကူညီပံ့ပိုးမှုတွေ ပေးနိုင်ပြီးတော့ သူတို့ရဲ့တရားစီရင်ရေးလမ်းကြောင်း ချောမွေ့လာအောင်၊ ပိုမိုမြန် ဆန်လာအောင် လုပ်ငန်းစဉ်တွေ သိရှိနားလည်အောင် အတွက် ကျမတို့ ဒီသင်တန်းကို လုပ်ရခြင်းဖြစ်ပါတယ်” ဟု ပြော သည်။
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ လူကုန်ကူးခံရပြီး ရောက်ရှိလာကြသော ရွှေ့ပြောင်း လုပ်သားများကိုတိုင်က လူကုန်ကူးခံရမှန်း မသိခြင်း၊ သိရှိသူများကိုယ်တိုင်ကလည်း သံရုံး အပါအဝင် ဆက်သွယ်ရမည့်သူကို မသိရှိသဖြင့် မတိုင်ကြားနိုင်ခြင်းကြောင့် နစ်နာဆုံးရှူံးရမှုများ ရင်ဆိုင် ကြုံတွေ့ရကြောင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဒု ဥက္ကဋ္ဌ ဦးအောင်ကျော် က ပြောသည်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် MWRN တို့ထံ အကြောင်းကြားလာနိုင်သူများကိုတော့ စံနစ်တကျ ဆောင်ရွက် ပေးခဲ့မှုများ ရှိကြောင်း လုပ်သားများဘက်မှ နစ်နာမှုများ မဖြစ်ပွားစေရန် အတွက် မြန်မာအစိုးရ၏ အလုပ်သမား ဝန်ကြီးဌာနတွင် အဓိက တာဝန်ရှိကြောင်း MWRN က ထောက်ပြသည်။
ပြည်ပထွက်၍ အလုပ်လုပ်မည့် လုပ်သားများကို သက်ဆိုင်ရာ နိုင်ငံ၏ အလုပ်သမား ဥပဒေ၊ အခွင့်အရေးများ အကြောင်း သိနားလည်စေရန် မထွက်ခွာမီ သင်တန်းပေးရန် လိုအပ်ပြီး နစ်နာမှုများ ဖြစ်ပေါ်ပါက ဆက်သွယ်အကူအညီတောင်းရမည့် သံရုံးနှင့် အလုပ်သမား အခွင့် အရေး ဆောင်ရွက် သူများကို ဆက်သွယ်နိုင်ရန် ဖုန်းနံပတ်နှင့် လိပ်စာများကို သိရှိထားစေရန် ဆောင်ရွက်ပေးသင့်ကြောင်းလည်း တိုက်တွန်းသည်။
ဦးအောင်ကျော် က “အခု ပြည်ပနိုင်ငံတော်တော်များများကို ရောက်လာတဲ့ လုပ်သား တော်တော်များများက ဘာသင်တန်းမှ မပေးပဲ ထွက်လာကြတာများတယ်။ အထူးသဖြင့်တော့ ထိုင်းကိုပေါ့။ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ရောက်လာကြတာများတယ်။ အဲဒီလူတွေကို ကြိုတင်သင်တန်းတွေ ပေးထားမယ်ဆိုရင် ဒီလိုဖြစ်စဉ်တွေ ဖြစ်စရာ အကြောင်း မရှိပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ စာရင်းများအရ ထိုင်းနိုင်ငံသို့မြန်မာရွှေ့ ပြောင်း လုပ်သားလူဦးရေ ၂ သောင်း ဝန်းကျင်ခန့် မှာ လစဉ် သွားရောက်လုပ်ကိုင်နေပြီး၊ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် လူကုန်ကူးခံရသူ မြန်မာနိုင်ငံသား ၇၀၀ ကျော်ရှိကြောင်း သိရသည်။
လူကုန်ကူးခံရသူ မြန်မာနိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံရှိ ယာယီစောင့်ရှောက်သည့်ဂေဟာသို့ ရောက်ရှိပါက မြန်မာနိုင် ငံသို့ ထိုင်းနိုင်ငံလူမှုဝန်ထမ်းဌာနက အကြောင်းကြားပြီး လူကုန်ကူးခံရသူများ၏ အချက်အလက်များကို ပေးပို့ကြောင်း သိရသည်။
You may also like these stories:
လူမူဖူလုံရေးကြေးပေးရန် ထပ်မံပျက်ကွက်က တရားစွဲမည်ဟု World Jin အထည်ချုပ်ကို သတိပေး
လုပ်ငန်းခွင် စိန်ခေါ်မှုများ အတွင်းက အမျိုးသမီးများ
ထိုင်း ရွှေ့ပြောင်းအလုပ်သမား ဥပဒေသစ် ယာယီဆိုင်းငံ၊ ဖမ်းဆီးများလည်းရပ်ဆိုင်း